လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

ပြီးခဲ့တဲ့နေ့က ကျနော်တို့ပြောခဲ့တာ အလေးပေးဝါကျအကြောင်းဖြစ်ပါတယ်။

၀ါကျတစ်ကြောင်းမှာ ကိုယ်အလေးပေးဖေါ်ပြချင်တဲ့ စကားစုကို ၀ါကျရဲ့နောက်ပိတ်ဆုံးမှာပဲထား ရေးကြရမယ်ဆိုပြီး ပြောခဲ့ကြတဲ့နေရာမှာ ကျနော်တို့ ခဏရပ်ခဲ့ကြတာပါ။

ဒီကနေ့တော့ စကားပိုစကားထပ်များအကြောင်း ပြောပြချင်ပါတယ်။

လူငယ်တွေဟာ အရွယ်ရောက်စအချိန်မှာ စကားပြေအရေးအသား လက်စွမ်းပြချင်ကြတာ အသစ်အဆန်းလှအောင်ရေးပြီး ရင်ဖွင့်ချင်ကြတာ ဓမ္မတာပါပဲ။ အသစ်ထွင်တတ်သူ၊ ရဲရဲအသစ်ထွင်ဖို့လည်း ဝန်မလေးသူနဲ့ အတုယူဖို့လည်း မြန်ဆန်တတ်ကြပါတယ်။ ဒါပေမယ့် အသစ်ထွင်တိုင်း မသစ်တာမျိုးနဲ့ ရဲရဲထွင်တဲ့အခါ အလွန်အကျွံဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာ ၀ါကျလှလှလေးတွေ ၀ါကျအသစ်အဆန်းလေးတွေဖြစ်ဖို့ စာရေးတဲ့အခါ ထွင်တတ်မယ် သုံးသပ်တတ်မယ်ဆိုရင် ကိစ္စမရှိပါဘူး။ မဟုတ်ရင်တော့ မသုံးသင့်တဲ့စကားလုံးတွေ သုံးဖို့မလိုအပ်တော့တဲ့စကားတွေနဲ့ ကိုယ်ရေးတဲ့ဝါကျတွေဟာ အဆီအငေါ်မတည့်တဲ့အပြင် စကားပို စကားထပ်တွေဖြစ်ပြီးရှည်လျားထွေပြား ပျင်းစရာလည်းကောင်း၊ ရှုပ်ထွေးစေမှာလည်း အသေအချာပါပဲ။

ဒီစကားပို စကားထပ်တွေအကြောင်းပြောရင် ကဗျာစပ်တဲ့ ကဗျာရေးတဲ့နည်းလေးတစ်နည်းနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ချင်ပါတယ်။

ကဗျာဆိုတာ ကျစ်ကျစ်လျစ်လျစ်ရှိရပါတယ်။ မလိုအပ်တဲ့ စကားအပိုတွေ နည်းနိုင်သမျှ နည်းအောင်ရေးရပါတယ်။ ရေးပြီးတဲ့အချိန်တိုင်းလည်း ဘယ်စကားလုံးတွေကို ဖြုတ်ချလိုက်ရင် ဖြစ်အုန်းမလည်းဆိုတဲ့အတွေးနဲ့ ထပ်ကာတလည်းလည်း စကားလုံးခုတ်တစ်ရတဲ့အလုပ်ကို မလွဲမသွေလုပ်ရပါတယ်။ ကဗျာမှာတော့ ကျစ်လေသစ်လေ ဆိုပြီးတောင် တင်စားပြောလေ့ရှိပါတယ်။

ကဗျာနည်းတူ စကားပြေမှာလည်း ကဗျာမဟုတ်ပေမယ့် စကားပိုစကားထပ်တွေဟာ ၀ါကျရဲ့လှပမှုနဲ့ တိကျမှု ကျစ်လျစ်ကြံ့ခိုင်မာမှုကို ထိခိုက်စေတာပါပဲ။ ဒါ့အပြင် စကားပိုစကားထပ်တွေ သုံးရင်းသုံးရင်းနဲ့ ဘယ်သူသေမှန်းမသိအောင် အဓိပ္ပါယ်ထွေပြားရှည်လျားရှုပ်ထွေးရတဲ့ အသုဘရှုဖိတ်စာမျိုးကို ကြားဖူးကြမှာပါ။ မင်္ဂလာဆောင်ဖိတ်စာ၊ ဆွမ်းကျွေးဖိတ်စာ ဒိီလိုပါပဲ။ ကဲဒါဆိုရင် စကားပိုစကားထပ်ဆိုတာ ဘာကိုပြောတာလည်း။ စဉ်းစားကြည့်ကြရအောင်ပါ။ ဒီနေရာမှာတော့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရဲ့ဥပမာပေးဆွေးနွေးချက်ကိုပဲ ယူပြီး ထပ်မံဖြည့်စွက် ဆွေးနွေးချင်ပါတယ်။

၁။ စာပေဗဟုသုတများကို လေ့လာစူးစမ်းဖတ်ရှုခြင်းသည် သစ်ပင်များဖြစ်ထွန်းအောင် စိုက်ပျိုးခြင်းနှင့်တူ၏။ စဉ်းစားတွေးတောခြင်းကား ထိုသစ်ပင်များကို ရေလောင်းပေါင်းသင်ပေးခြင်းနှင့် လူလှပါပေသည်။

၂။ စာဖတ်ခြင်းသည် သစ်ပင်စိုက်ခြင်းနှင့် တူ၏။ စဉ်းစားခြင်းကား ရေလောင်းခြင်းနှင့် တူ၏။

အမှတ် ၁ ၀ါကျနဲ့ အမှတ် ၂ ၀ါကျဟာ အဓိပ္ပါယ်အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် ပါဝင်တဲ့စကားလုံးအရေအတွက်ကြတော့ သိသိသာသာကို မတူကြတာ ကွာဟနေတာ တွေ့ကြရမှာပါ။ ဒါ ဘာ့ကြောင့်ဖြစ်ရတာလည်း။ တကယ်တော့  စကားလုံးအရေအတွက်ပိုများတဲ့ အမှတ် ၁ ၀ါကျက အမှတ် ၂ ၀ါကျလိုမဟုတ်ဘဲ စကားပိုစကားထပ်တွေ ပါနေသောကြောင့်ပါပဲ။

ဒီနေရာမှာလည်း ဆရာတက္ကသိုလ်မောင်မောင်ကြီးရဲ့ ဥပမာပေးရှင်းလင်းချက်ကို ကိုးကားတင်ပြဆွေးနွေးချင်ပါတယ်။ တက္ကသိုလ်မောင်မောင်ကြီးက သူ့ရဲ့စကားပြေအရေး အတွေ့အကြုံကို အခုလိုရှင်းပြခဲ့ဖူးပါတယ်။

“ စာရေးသားရာ၌ အမှတ်တမဲ့ရေးသားလျင် အရေးအသားဖေါင်းပွ၍ သွားတတ်ပါသည်။ စာတစ်ကြောင်းကိုရေးရာ၌ ကျွန်တော် သတိလွတ်သွားခဲ့ပု့ံကို ယနေ့တိုင် သတိရနေပါသည်။ ….မထွေးလေးသည် သူ့ထမိန်ကို ခြေဖြင့်ခတ်၍ ကလေ့ရှိသည်…. ဟု ကျွန်တော််ရေးမိပါသည်။ ကျွန်တော့်ဝါကျသည် အပြစ်ကင်းသည်ဟု ထင်မိပါသည်။ ကျွန်တော့ဆရာက ထိုဝါကျကိုဖတ်ပြီးနောက် ….မောင်မောင်ကြီးရေ မင်း စာမရေးတတ်သေးဘဲကိုးဟု ညည်းပါသည်။ ကျွန်တော်သည် ဆိတ်ဆိတ်နေပါသည်။ …..မထွေးလေးက သူ့ထမိန်မဝတ်လို့ ဘယ်သူ့ထမိန်ဝတ်ရဦးမှာလဲကွ၊ ထမိန်ကို ခြေနဲ့မခတ်လို့ ခေါင်းနဲ့ခတ်ရမှာလားကွ၊ ခတ်ပြီး ကရမှာလား ခတ်လျက်ကရမှာလား စဉ်းစားစမ်းပါဦးကွာ။ မင်းဝါကျက ပွစိစိကြီးပါလား”ဟု ကရုဏာဒေါသနှင့် ဆရာက နှက်ပါသည်။ ဆရာ့စကားများကား မှန်ပါပေသည်။ ကျွန်တော့်ဝါကျသည် မကျစ်လျစ် မသိပ်သည်းသောဝါကျဖြစ်ကြောင်း မြင်လာပါသည်။ ရေးထိုက်သောဝါကျမှာ…… မထွေးလေးသည် ထမိန်ကိုခတ်လျက် ကလေ့ရှိသည်……ဟု ရေးတန်ရာပါသည်။”

ဒါကတော့ စကားပိုစကားထပ်တွေထည့်သုံးလို့ ဖေါင်းပွတဲ့ဝါကျတွေဖြစ်ကုန်တာကို သာဓကပြပြီး ရှင်းပြလိုက်တာပါ။

ဒါ့အပြင် အောက်ပါစာပိုဒ်ကို ဖတ်ကြည့်ပါဦး။

……စင်စစ်အားဖြင့် ဆိုရလျင် ကမ္ဘာလောကကို အလင်းရောင်ပေးနေသော ရှင်နေမင်းသည် အရှေ့အနောက် တောင်မြောက် တည်းဟူသော အရပ်လေးမျက်နှာရှိသည့်အနက် အရှေ့မျက်နှာတည်းဟူသောအရပ်မှ ထွက်ပေါ်လာမြဲဖြစ်ပေသည်…..

ဒီဝါကျကို ဟောသလိုပြန်ရေးလျင် ပို၍ကောင်းမွန်ကျစ်လျစ် ရှင်းလင်းမည်မှာ အသေအချာပင်ဖြစ်ပါသည်။

…..နေသည် အရှေ့မှ ထွက်မြဲတည်း….။

ဘာ့ကြောင့် အပေါ်က ၀ါကျသည် ရှည်လျားထွေပြားနေရသနည်း။ “စင်စစ်အားဖြင့်”ဟူသော ဆိုသောစကားစုသည် ထည့်မရေးလျင်ရသည်စကားစုဖြစ်ပါသည်။ “ကမ္ဘာလောကကြီးကို အလင်းရောင်ပေးနေသော ” စကားစုမှာလည်း နေကို မလိုအပ်ဘဲ ၀ိသေသနပြုပြီးထည့်ရေးထားသလိုဖြစ်ပါသည်။

ဒီနေရာမှာ ၀ိသေသနများကို မလိုအပ်ဘဲထည့်သုံးရင် “ ခြေထောက်နှစ်ဖက်ပါသော လူ” “ ကျွန်တော့ထက်ငယ်သော ကျွန်တော့ညီမ” “ ခေါင်းနှင့်ရွက်သည် ” ဟူသော စကားစုများမှာလည်း ၀ိသေသနအပိိုများဖြစ်နေသည်ကို တွေကြရမှာပါ။

ဒါတွေကိုလေ့လာကြည့်မယ်ဆိုရင် ကျနော်တို့ဟာ မလိုအပ်ဘဲ ၀ိသေသနပုဒ်များ မသုံးသင့်ကြောင်းနဲ့ စကားထပ်များကို သတိကြီးစွာထား စဉ်းစားပြီးမှရေးသင့်ကြောင်းတွေ့ကြရမှာပါ။

ကဲ ဒီကနေ့လည်း ဒီလောက်ပါပဲ။ နောက်နေ့တွေကြမှ ဆက်ကြရအောင်ပါ။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေဗျား။

Mizzima Weekly