လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

စကားပြေရေးတဲ့အခါ ပုဒ်စများ အထားအသိုအပေါ်မူတည်ပြီး ကိုယ်ဆိုချင်တဲ့အရာ ကိုယ်အလေးထားပြောပြချင်တဲ့အရာ ကိုယ်ညွှန်ပြချင်တဲ့အရာကို ကြိယာရဲ့ရှေ့ ကံရဲ့ရှေ့ ၊ ကြိယာရဲ့နောက်ကံရဲ့နောက် ရွေ့ပြောင်းထားရှိခြင်းဖြင့် ၀ါကျရဲ့အလေးအပေါ့ကွာဟသွားကြတဲ့သဘော ဟိုနေ့က နိဒါန်းပျိုးခဲ့ပါတယ်။ ဒီကနေ့လည်း အဲဒီ အလေးပေးဝါကျများအကြောင်းကိုပဲ ဆက်ပြီးဆွေးနွေးပါမယ်။

ဒီနေရာမှာ ခတ်ရိုးရိုး ခတ််လွယ်လွယ် ၀ါကျ ၂ ကြောင်းကို ဖတ်ကြည့်ကြရအောင်။

၁။ မောင်မြသည် ကျနော့်ကို တုတ်ဖြင့် ရိုက်လိမ့်မည်။

၂။ ကျနော်သည်လည်း တုတ်ဖြင့် မောင်မြကို ရိုက်ပေမည်။

ဒီဝါကျ ၂ ကြောင်းအနက် အမှတ် ၂ ၀ါကျကို အပေါ်က အမှတ် ၁ အတိုင်း မောင်မြ(ကတ္တား၊ ကံ(ကျနော့်ကို)၊ ကြိယာ(ရိုက်လိမ့်မည်) ပုဒ်စုများအထားအသို အတူတူရေးလျင်လည်း အမှတ် ၂ ၀ါကျဖြစ်သည့် ကျနော်သည်လည်း တုတ်ဖြင့် မောင်မြကို ရိုက်ပေမည် ဆိုတဲ့ဝါကျနဲ့ အဓိပ္ပါယ်အတူတူပါပဲ။ အောက်ပါအတိုင်းရေးလျင်လည်း ဖြစ်တာတွေ့ရပါလိမ့်မယ်။

၁။ မောင်မြသည် ကျနော့်ကို တုတ်ဖြင့် ရိုက်လိမ့်မည်။

ဒီအတိုင်း ဒီလိုပုဒ်စုအထားအသိုအတိုင်း ၂ ကိုရေးကြည့်ကြရအောင်ပါ။

၂။ ကျနော်သည်လည်း မောင်မြကို တုတ်ဖြင့် ရိုက်ပေမည်။

ဒါက ၀ါကျ ၁ နဲ့ ၂ ပုဒ်စုအထားအသို အတူတူထားရေးတဲ့သဘောပါပဲ။ ဒါဆိုရင် ၀ါကျ ၂ ကို အခုရေးသလိုမရေးဘဲ အောက်ပါအတိုင်း ဘာ့ကြောင့်ရေးတာလဲ။

၃။ ကျနော်ကလည်း တုတ်ဖြင့် မောင်မြကို ရိုက်ပေမည်။

ဒီဝါကျက အထက်ကရေးပြခဲ့တဲ့ ကတ္တား ကံ ကြိယာ အစဉ်အတိုင်းရေးတာမဟုတ်တော့ဘဲ အသုံးခံပုဒ်ကို ကံရဲ့ရှေ့မှာသွားထားပြီးရေးလိုက်တာတွေ့ကြရမှာ။ အထက်က ၀ါကျ ၁ နဲ့ ၂ က အသုံးခံပုဒ်ဖြစ်တဲ့(တုတ်ဖြင့်)ဆိုတဲ့ပုဒ်စုကို ၀ါကျရဲ့နောက်ဆုံးပုဒ်စုဖြစ်တဲ့ ကြိယာရဲ့ရှေ့မှာကပ်မထားတော့ဘဲ နေရာရွေ့လိုက်တာတွေ့ကြရပါလိမ့်မယ်။

ပထမ အမှတ် ၂ ( ရိုးရိုးဝါကျ )က နှစ်ခုစလုံး အသုံးခံပုဒ်ကို ကြိယာရဲ့ရှေ့မှာထားပြီးရေးတာဖြစ်ပြီး နောက်ထပ်ဥပမာဝါကျ ၃ ကြတော့ အသုံးခံပုဒ်ကို ကြိယာရှေ့မှာမထားတော့ဘဲ ကံရဲ့ရှေ့မှာ နေရာပြောင်းထားရေးတာတွေ့ကြရမှာပါ။ ဒါပေမယ့် အမှတ် ၂ ၀ါကျနဲ့ အမှတ် ၃ ၀ါကျတို့ဟာ အဓိပ္ပါယ်အတူတူပဲဆိုတာ သတိပြုမိကြမှာပါ။ ရေးပုံမတူပေမယ့် အဓိပ္ပါယ်ကတော့ အတူတူပါပဲ။ ဒါဖြင့်ရင်  အမှတ် ၃ ၀ါကျမှာကြတော့ အသုံးခံပုဒ်ဖြစ်တဲ့ “တုတ်ဖြင့်” ဆိုတဲ့စကားလုံးကို ၀ါကျရဲ့နောက်ဆုံးပုဒ်စုဖြစ်တဲ့ ကြိယာရဲ့ရှေ့မှာမထားတော့ဘဲ ဘာပြုလို့ ကံပုဒ်( မောင်မြကို )ဆိုတဲ့စကာစုရှေ့မှာပြောင်းထားလိုက်သလဲ။ တကယ်တော့ အဓိပ္ပါယ်တူပင်တူသော်ငြားလည်း စာရေးသူက စာဖတ်သူကို အလေးထားဖတ်ရှုစေ သိစေချင်တဲ့အချက်က “တုတ်ဖြင့်” ဆိုတဲ့အသုံးခံပုဒ်ကို အလေးထားစေချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲဖြစ်ပါတယ်။

နောက်ပိုင်းမှာ အလေးထားသိစေချင်တဲ့စာစုကို အဲသလို ကံရဲ့ရှေ့၊ ကြိယာရဲ့ရှေ့ ပြောင်းရွှေ့ထားပြီးရေးသလို နောက်ထပ်အလေးပေးဝါကျအမျိုးမျိုးကို ဆက်ကြဖို့ရှိပါသေးတယ်။

ဒီနေရာမှာ သတိပြုမိတဲ့အချက်က သာမာန်ရိုးရိုးဝါကျတွေဖြစ်ပေမယ့် အဲသလို ပုဒ်ထားမတူ ပြောင်းပြီးရေး ပြောင်းပြီးရေးတဲ့နည်းဟာ “ရသစာပေရေးတဲ့အခါနဲ့ တရားရုံးအသုံးအနှုန်းဝါကျတွေ”မှာ အင်မတန်အရေးပါတဲ့အကြောင်း သိစေချင်တဲ့အချက်ပါပဲ။ ရသစာပေဆိုတာက စကားပြေအရေးအသားကို ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် တီထွင်ချင်ရင် တီထွင်ချင်သလောက် အမျိုးမျိုး ပြောင်းလဲရေးကြရ တီထွင်ပြီးရေးကြရတာဖြစ်လို့ အခုလို ပုဒ်ထားအမျိုးမျိုး ပြောင်းရွှေ့ရေးတဲ့နည်းကို မလွဲမသွေ အသုံးပြုရတာဖြစ်လို့ အင်မတန်အသုံးဝင်လှပါတယ်။

နောက်တစ်ခုကတော့ တရားရုုံးအသုံးအနှုန်းများမှာ စွပ်စွဲချက်တစ်ခုကို အလေးအပေါ့ နညး်နဲ့ အသုံးပြုပြောဆိုကြ ရေးကြရတဲ့အခါ ဒီလိုပဲ ပုဒ်စုတွေကို လိုအပ်သလို နေရာပြောင်းရွှေ့ပြောခြင်းရေးခြင်းအားဖြင့် စွပ်စွဲချက်ကို ပေါ့စေလေးစေဖို့ သုံးနှုန်းပြောဆိုရေးသားကြရပါတယ်။ စကားအလေးအနက်ထား ပြောခြင်းရေးခြင်းနည်းတွေဟာ ဒီအခြေခံကတဆင့်တက်ကြရတာဖြစ်ပါတယ်။

ဒီနေရာမှာ ၀ါကျ ၄ ကြောင်း ကျနော်တို့ လေ့လာကြည့်ကြရအောင်ပါ။ ဒီဝါကျ ၄ ကြောင်းအပေါ်မူတည်ပြီး ဒီဝါကျ ၄ ကြောင်းအပေါ် ကျနော်တို့တတွေမှတ်သားရမယ့်အချက် သတိပြုရမယ့်အချက်တွေ ကောက်ချက်ဆွဲကြည့်ကြရအောင်ပါ။

၁။ ဝိုင်းဝိုင်းစက်စက် လမင်းကြီးသည် သာချင်တိုင်း သာနေ၏။

၂။ သာချင်တိုင်းသာနေသော လမင်းကြီးသည် ဝိုင်းဝိုင်းစက်စက်ဖြစ်၏။

ဒီဝါကျ နှစ်ကြောင်းမှာ ပထမဝါကျ ၁ က “သာချင်တိုင်းသာနေ၏” ဆိုတဲ့အချက်ကို အလေးပေးရေးတဲ့နည်းဖြစ်ပြီး ဒုတိယဝါကျကတော့ “လမင်းကြီး ၀ိုင်းဝိုင်းစက်စက်ဖြစ်နေ”တဲ့အကြောင်းကို အထူးပြုသိစေ အလေးထားစေလိုတဲ့သဘော ပြောလိုက်တာဖြစ်တယ်ဆိုတာတွေ့ကြရမှာပါ။

ဒီဝါကျ နှစ်ကြောင်းရဲ့အဓိပ္ပါယ်ဟာ အတူတူတော့ အတူတူပါပဲ။ ရယ်စရာစကားနဲ့မှတ်သားလို့ လွယ်ကူအောင်ပြောရရင် ကုလာကြီးနဲ့ဘာဘူနဲ့အတူတူပါပဲဆိုတဲ့သဘောပါပဲ။ ဒါပေမယ့် စာရေးသူက သူ အလေးအနက်ပိုထားပြီးပြောချင်တဲ့အရာကို သို့မဟုတ် ပုဒ်စုကို “၀ါကျရဲ့နောက်ဆုံးမှာထားပြီးရေးတဲ့အချက်”ကို ကျနော်တို့ အသေမှတ်ရပါလိမ့်မယ်။ ဆိုလိုတဲ့အချက်က ကျနော်တို့ဟာ ကိုယ်အလေးအနက်ထား ပြောချင်သိစေချင်တဲ့ အချက်ကိုရေးမယ်ဆိုရင် အဲဒီသိစေချင်တဲ့အလေးအနက်ထားချင်တဲ့ပုဒ်စုကို ၀ါကျရဲ့နောက်ဆုံးမှာပဲ အမြဲတမ်းထားပြီးရေးရမယ်ဆိုတဲ့အချက်ပါပဲ။ ဒါကတော့ မြန်မာစာပေရဲ့ ၀ါကျဖွဲ့ထုံး နည်းဥပဒေသတစ်ခုပါပဲ။

ဒါကိုပိုပြီးနားလည်ချင်တယ်ဆိုရင် အဲဒီဥပဒေသ မှားသလားမှန်သလားဆိုတာသိချင်ရင် ခင်ဗျားတို့ဖါသာခင်ဗျားတို့ ဒီဥပဒေသလေးကို ချိုးဖေါက်ပြီးပြန်ရေးကြည့်ပါ။ ဥပမာ ကျနော်တို့က ၀ါကျတစ်ကြောင်းမှာ ကိုယ်အလေးထားပြောချင်တဲ့ ပုဒ်စုကို ၀ါကျရဲ့နောက်ဆုံးမှာမထားဘဲ တခြားနေရာမှာ (အဓိပ္ပါယ်မပျက် )ထားရေးကြည့်ကြရအောင်ပါ။

လှပသည့် မခင်ဦးသည် သနပ်ခါးလိ်မ်း၏။

ကျနော်တို့အလေးထား အလေးပေးသိစေလို့တဲ့အချက်က “သနပ်ခါးလိမ်း” ဆိုတဲ့စကားစုဖြစ်ပါတယ်။ ဒါကိုထင်ရှားစေဖို့ဆိုရင် ….အဲဒီ “သနပ်ခါးလိမ်း ”ဆိုတဲ့စကားစုကို ၀ါကျရဲ့နောက်ဆုံးမှာထားပြီးရေးခြင်းအားဖြင့် ဒက်ကနဲထိရောက်အောင်မြင်သွားတာ တွေ့ကြရမှာပါ။ ဒါကို အောက်ပါအတိုင်း ပြောင်းရေးကြည့်ကြရအောင်ပါ။ ( သတိချပ်ရမယ့်အချက်က ကျနော်တို့ဟာ သနပ်ခါးလိမ်း ဆိုတဲ့စကားစုကို အလေးပေးသိစေလိုတဲ့သဘောဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ဆုပ်ကိုင်ထားသည်ပဲဆိုပါစို့။)

သနပ်ခါးလိမ်းသည့် မခင်ဦးသည် လှပ၏။

ဒီဝါကျနဲ့ ပထမဝါကျဖြစ်တဲ့ လှပသည့် မခင်ဦးသည် သနပ်ခါးလိမ်း၏ ဆိုတဲ့ဝါကျနဲ့ အဓိပ္ပါကတော့ အတူတူပါပဲ။ ဒါပေမယ့် ပထမဝါကျက မခင်ဦး သနပ်ခါးလိမ်းတဲ့အကြောင်းကို အလေးအနက်ထားသိစေချင်တဲ့သဘောဖြစ်ပြီး နောက်ဝါကျမှာကြတော့ မခင်ဦးလှပတဲ့အကြောင်းကို ပိုပြီးသိစေ အလေးထားစေလိုတဲ့သဘော ဖြစ်သွားပါတယ်။

ဒီနေရာမှာ ကျနော်တို့ဟာ “သနပ်ခါးလိမ်း၏” ဆိုတဲ့အချက်ကို ဦးစားပေး အလေးအနက်ထား ပြောချင်တာဆိုရင်တော့ စည်းကမ်းအရ ၀ါကျရဲ့နောက်ဆုံးပိတ်မှာ မဖြစ်မနေထားပြီး ရေးကြရမှာပဲဖြစ်ပါတယ်။ အဲဒါကို အဲဒီစည်းကမ်းချိုးဖေါက်ပြီး ကိုယ်အလေးအနက်ထားသိစေ အလေးထားစေချင်တဲ့အရာကို ၀ါကျရဲ့နောက်ဆုံးမှာထားမရေးဘဲ တခြားနေရာကိုပြောင်းရွှေ့ရေးလိုက်တဲ့အခါ ကျနော်တို့ အလေးအနက်ထားချင်တဲ့အရာက ပေါ့သွားစေပြီး ၀ါကျရဲ့နောက်ဆုံးမှာထားရေးတဲ့ အခြားစာစုကသာ ပိိုမိုထင်ရှားလေးနက်သွားစေမှာ အမှန်ပါပဲ။

ကဲ ဒီကနေ့တော့ ဒီမှာပဲ ခဏရပ်ကြရပါလိမ့်မယ်။ နောက်နေ့တွေမှာ ဆက်ပြီးဆွေးနွေးကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေဗျား။

Mizzima Weekly