လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ကဲ ဒီလမှာတော့ စကားပြေအရေးအသားကိစ္စအပေါ် စတင်ဆွေးနွေးခြင်းနဲ့ လူငယ်တို့ရဲ့မိုးကောင်းကင်ကို ပြန်လည်ဖွင့်လိုက်ပါတယ်။

ကျနော်တို့ ခဏခဏ ပြောခဲ့ကြဖူးပါတယ်။ စာပေဆိုတာ လူအချင်းအချင်း ဆက်သွယ်နားလည်နိုင်ဖို့ အင်မတန်အဓိကကျလှတဲ့ ဆက်သွယ်ရေးကြားခံပစ္စည်းဖြစ်တယ်လို့ မကြာခဏပြောခဲ့ကြပါတယ်။ မျက်မှောက်ခေတ်မှာတော့ လူအချင်းချင်းဆက်သွယ်ကြတဲ့ ကြားခံပစ္စည်းဆိုတာတွေ အင်မတန် ထူးထွေဆန်းပြား များပြားဆန်းသစ်လာနေတယ်ဆိုပေမယ့်လည်း စာပေရဲ့အရေးပါမှုကတော့ တပြားသားမှ ယုတ်လျော့သွားတယ်ရယ်လို့ မရှိသေးပါဘူး။ စာပေဟာ လူမျိုးတမျိုးရဲ့ အသက်ဝိညာဉ်ဖြစ်တယ်ဆိုတဲ့ တင်စားပြောဆိုချက်ဟာလည်း ထိရောက်မှန်ကန်နေဆဲပါပဲ။

စာပေရယ်လို့ မပေါ်ပေါက်ခင်အချိန်တုန်းက လူသားတွေဟာ အချင်းချင်းဘယ်လို ဆက်သွယ် ဆက်ဆံနေထိုင်ခဲ့ကြသလဲ။ တကယ်တော့ လူသားရဲ့သမိုင်းမှာ စာပေဟာ လူသားရဲ့ဖြစ်တည်မှုနဲ့ တချိန်တည်းပေါ်ပေါက်လာတာတော့မဟုတ်ပါဘူး။ လူသားရဲ့ယဉ်ကျေးမှုအဆင့်အတန်း တစ်စုံတရာအဆင့်တဆင့်ကိုရောက်လာထဲ့အချိန်ကြမှ စာပေဆိုတာ ပေါ်ပေါက်လာရတာပါ။

စာပေရယ်လို့မပေါ်ပေါက်ခင်တုန်းက လူသားတွေဟာ ကိုယ်ဟန်အမူအယာတွေ၊ အသံနေအသံထားတွေ၊ သစ်ပင်၊ မြေကြီးနဲ့ ဂူနံရံတွေမှာ အရုပ်တွေရေးခြစ်ပြီးမှ သူတို့အချင်းချင်း ဆက်ဆံဆက်သွယ်ခဲ့ကြတယ်လို့ သမိုင်းပညာရှင်တွေက တညီတညွတ်တည်း ယူဆခဲ့ကြပါတယ်။ စာပေဟာ အဲသလို သစ်ပင်၊ မြေကြီး၊ ဂူနံရံတွေမှာ ရေးခြစ်ထားတဲ့ အရုပ်တွေကတဆင့် တဆင့်တက်တီထွင်ရင်းက စာပေဆိုတာ ပေါ်ပေါက်လာတာဖြစ်တယ်လို့လည်း ယူကြတာရှိပါတယ်။ အနီးဆုံးဥပမာပြရရင် ကမ္ဘာ့လူသားသမိုင်းမှာ ယဉ်ကျေးမှုမြင့်မားကြာမြင့်လှတယ်လို့ယူဆရတဲ့ တရုပ်စာပေအရေးအသားဟာ တုတ်ချောင်းတွေ သက်ရှိသက်မဲ့အရာတွေကိုအခြေခံပြီးမှ တီထွင်ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာ သုံးသပ်ပြကြတာရှိပါတယ်။ တကယ်တော့ စာပေပေါ်ပေါက်လာခြင်းအစဟာ ဆန်းကြယ်ပြီး စိတ်ဝင်စားဖို့ အင်မတန်ကောင်းတဲ့ အကြောင်းအရာပါပဲ။

စာပေဆိုတဲ့အရာ စတင်ပေါ်ပေါက်လာပုံတွေဟာ လူမျိုးတစ်ခုနဲ့တစ်ခု မတူကြပေမယ့် အထက်ကပြောခဲ့တဲ့အရာတွေဟာ စာပေပေါက်လာခြင်း ပင်ပရေစီးဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းပယ်နိုင်ပါဘူး။ ဒါပေမယ့် စာပေထီထွင်မှုစောတဲ့လူမျိုးနဲ့ ယဉ်ကျေးမှုမြင့်မားတဲ့ လူမျိုးတွေဟာ တခြားလူမျိုးတွေထက်တော့ စာပေအဆင့်အတန်း ပိုမိုမြင့်မားကြတာကလည်း မငြင်းနိုင်ကြပါဘူး။

ကျနော်တို့ မြန်မာစာပေဟာ အမှီခိုကင်းကင်းနဲ့ ကိုယ်တိုင်အသစ်တီထွင်ခဲ့တဲ့စာပေမဟုတ်ပါဘူး။ သက္ကတနဲ့ ပါဠိစာပေအပေါ်အခြေခံပြီးမှ ကိုယ်ပိုင်စာပေတစ်ရပ် အသစ်ထွင်ခဲ့ကြတာဖြစ်တယ်လို့ စပေသုတေသီတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့်မို့လည်း လက်ရှိမြန်မာစာပေထဲမှာ ပါဠိစကားလုံးတွေ ပါဠိပျက်စကားလုံးတွေ အခုထက်ထိ ပါရှိနေသေးတာ အားလုံးအသိပါပဲ။

ကဲ ဒါကတော့ စကားပြေအရေးအသားကိစ္စ ပြန်ကောက်ကြတဲ့အခါ သွေးပူလေ့ကျင့်ခန်းလုပ်သလို စာပေသမိုင်းကြောင်းလေး ပြန်လည်နွှေးလိုက်တဲ့သဘောပါပဲ။

ကျနော်တို့ စကားပြေအရေးအသားကိစ္စ ဘယ်နေရာမှာ ခဏရပ်ထားခဲ့ကြသလဲ။

၀ါကျဖွဲ့စည်းတဲ့အခါ စကားပြေရေးတဲ့အခါ အဲဒီဝါကျထဲမှာ အလေးပေးဖေါ်ပြချင်တဲ့အရာကို ဘယ်နေရာမှာထားပြီးရေးသင့်တယ်ဆိုတဲ့အကြောင်းနဲ့ ကျနော်တို့ခဏရပ်ထားခဲ့ကြတာပါ။ ပြီးတော့ ကြိယာပုဒ်စုနဲ့သာ ၀ါကျကို အဆုံးသပ်ရမယ်ဆိုတဲ့အချက်ကို ပြောခဲ့ကြပါတယ်။

ဆိုလိုတာကတော့ စာရေးသူက ၀ါကျတစ်ကြောင်းတည်ဆောက်တဲ့အခါ အဲဒီဝါကျထဲမှာ ဘယ်အရာကို ဦးစားပေးအလေးအနက်ထားဖေါ်ပြချင်သလဲ။ အဲသလိုဖေါ်ပြချင်တဲ့အရာကို ၀ါကျရဲ့နောက်ဆုံးနေရာမှာထားရမယ်ဆိုတဲ့အချက်အရ ဥပမာတစ်ခုပြောရရင် ကားဘီးကို မနေသောအလုပ်သမားသည် သန်မာလွန်း၏ ဆိုတဲ့ဝါကျမှာ စာရေးသူဟာ “သန်မာလွန်း” ဆိုတဲ့စာစုကို အလေးပေးဖေါ်ပြချင်တာမို့ ၀ါကျရဲ့အဆုံးမှာ ထားလိုက်တာ တွေ့ကြရမှာပါ။

ဒီနေရာမှာ ၀ါကျတစ်ခု ရေးထုံးရေးနည်းနဲ့လည်းကိုက်ညီပြီး ကိုယ်အလေးပေးဖေါ်ချင်ညွှန်းချင်တဲ့စာစုကိုလည်း အထားအသို မှန်တာတွေ့ကြရမှာပါ။ ဒီနေရာမှာ ကိုယ် အလေးပေးဖေါ်ပြချင်တဲ့အရာ သန်မာလွန်း ဆိုတဲ့စကားစုကို နေရာပြောင်းပြီး အောက်ပါအတိုင်း ပြန်ရေးကြည့်ကြရအောင်ပါ။

သန်မာလွန်းသော အလုပ်သမားသည် ကားဘီးကို မနေ၏။

ဒီစာကြောင်းဟာ ၀ါကျဖွဲ့ထုံးအနေအားဖြင့်တော့ အမှားမရှိပါဘူး။ အဓိပ္ပါယ်ပြည့်စုံတဲ့ဝါကျပါပဲ။ ဒါပေမယ့် စာရေးသူ အဓိကထား အလေးအနက်ထားဖေါ်ပြချင်တဲ့ “သန်မာလွန်း” စကားစုကို ထိပ်ဆုံးမှာထားပြီး အလုပ်သမားဆိုတဲ့ကတ္တားကို အထူးပြုတဲ့သဘောအသုံးပြုထားလိုက်တာဖြစ်လို့ “ကားဘီးကို မနေ၏” ဆိုတဲ့စကားစုကသာ ဒီဝါကျမှာ အထူးအလေးထားဖေါ်ညွှန်းတဲ့စကားစုဖြစ်သွားတာ တွေ့ကြရမှာပါ။ အဲဒီ စာကြောင်း ၀ါကျနှစ်ကြောင်း ပြန်ရေးကြည့်ပါမယ်။

၁။ ကားဘီးကို မနေသောအလုပ်သမားသည် သန်မာလွန်း၏။

၂။ သန်မာလွန်းသော အလုပ်သမားသည် ကားဘီးကို မနေ၏။

ဒီဝါကျနှစ်ကြောင်းဟာ ဆိုလိုခြင်းတူကြပါရဲ့လား။ စာရေးသူက ဘယ်စာကြောင်းမှာ သူအလေးထားဖေါ်ပြချင်တဲ့စကားစုတွေက ဘယ်ဟာတွေဖြစ်မလဲ။ အဲဒီ အလေးထားဖေါ်ပြချင်တဲ့စကားစုတွေရဲ့အထားအသိုအပေါ်မူတည်ပြီး ဒီဝါကျနှစ်ကြောင်းဟာ အဓိပ္ပါယ်မတူ ရည်ရွယ်ချက်မတူတဲ့ဝါကျနှစ်ကြောင်း ဖြစ်လာရတာပါပဲ။

ကဲ နောက်တစ်နေ့ကြမှ စကားပြေအရေးအသားပြဿနာကို ဆက်ကြရအောင်။

ဒီကနေ့တော့ ဒီလောက်နဲ့နားခွင့်ပြုစေချင်ပါတယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly