အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် - အပိုင်း ( ၂၂ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် - အပိုင်း ( ၂၂ )

ဝင်ငွေခွန်

ဝင်ငွေခွန်သည် ဝင်ငွေအရင်းအမြစ်များသော အခွန်အမျိုးအစားတစ်ခု ဖြစ်သည်။ ဝင်ငွေခွန်သည် အများဆုံး ပြန်လည်ဖြန့်ဝေသုံးစွဲနိုင်သော အခွန်တစ်ခု (the most redistributive tax) ဖြစ်သည့် အားလျော်စွာ ဝင်ငွေခွန် စည်းကြပ်ကောက်ခံခွင့်ကို ပြည်ထောင်စုအပြင် ပြည်နယ်များကပါ ရရှိသင့်သည်ဟု အချို့က ရှုမြင်ကြသည်။ အထူးသဖြင့်ပြည်နယ်များသည် ပြည်နယ်၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုရေးကဏ္ဍအစီအစဉ်များကို တာဝန်ယူ ဆောင်ရွက်လျင် ဝင်ငွေခွန်စည်းကြပ်ကောက်ခံခွင့် ရှိသင့်ပါသည်။ အခွန်စနစ်ဖွံ့ဖြိုးမှုအနေအထားအရ ဝင်ငွေခွန် အားလုံးကို ပြည်နယ်များက စည်းကြပ်ကောက်ခံရန် မသင့်လျော်သည့်တိုင် ပြည်နယ်အသုံးစရိတ်၏ တစ်စိတ် တစ်ဒေသကို ပြည်နယ်ကိုယ်ပိုင် အခွန်အရင်းအမြစ်များဖြင့် ကာမိစေရန် ဝင်ငွေခွန်အချို့စည်းကြပ် ကောက်ခံခွင့်ကို   ပြည်နယ်များအား အပ်နှင်းသင့်ပါသည်။မြန်မာနိုင်ငံတွင်ဝင်ငွေခွန်အားလုံးနီးပါးကိုပြည်ထောင်စု အစိုးရမှ စည်းကြပ်ကောက်ခံလျက်ရှိသည်။ ၂၀၁၅ ခုနှစ်၊ ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေအရ ပြည်နယ်များသည် “ပြည်ထောင်စုက ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ” ပြည်နယ်/တိုင်းဒေသကြီးအတွင်းဆောင်ရွက်ခွင့်ရှိသော ဝင်ငွေခွန်များ စည်းကြပ်ကောက်ခံခွင့် ရှိသော်လည်း လက်တွေ့တွင်မည်သည့် အတိုင်းအတာရှိဆောင်ရွက် ခွင့်ရှိသည်နှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိပေ။ထူးခြားသော အပြောင်းအလဲတစ်ခုမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် မှစ၍ ပြည်ထောင်စုအစိုးရသည် ကောက်ခံရရှိသော ပြည်ထောင်စုဝင်ငွေခွန်များကို ပြည်နယ်/တိုင်းဒေသကြီး များနှင့် မျှဝေခြင်း ဖြစ်သည်။ ဝင်ငွေခွန်တွင် ကုမ္ပဏီဝင်ငွေခွန်နှင့် တစ်ဦးချင်းဝင်ငွေခွန်ဟူ၍ နှစ်မျိုးရှိရာ လက်ရှိ မျှဝေနေသော ဝင်ငွေခွန်မှာ တစ်ဦးချင်း ဝင်ငွေခွန်ဖြစ်သည်။ တစ်ဦးချင်း ဝင်ငွေခွန်ကောက်ခံရရှိသော ပြည်နယ်/တိုင်းဒေသကြီးများအား ကောက်ခံရရှိသော ဝင်ငွေခွန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရ က ပြည်လည်မျှဝေပေးသည်။ ပြည်ထောင်စု ဝင်ငွေခွန်ရငွေများပါဝင်သော ပြည်ထောင်စု ဘဏ္ဍာငွေ စာရင်းမှ ဘဏ္ဍာငွေများကို ပြည်နယ်/တိုင်းဒေသကြီးများအား အထွေထွေလွှဲပြောင်းငွေပုံစံဖြင့်သာ ယခင်ကျင့်သုံးလာခဲ့ သော်လည်း ယခုအခါတွင် ပြည်ထောင်စု လွှဲပြောင်းငွေများကို မျှဝေအခွန်နှင့် အထွေထွေ ထောက်ပံ့ငွေဟူ၍ ပုံစံနှစ်မျိုးဖြင့် ဘဏ္ဍာများကို လွှဲပြောင်းလျက် ရှိသည်။ ပြည်နယ်/တိုင်းဒေသကြီးများသည် မိမိတို့ဒေသအတွင်း

ကောက်ခံရရှိသော ဝင်ငွေခွန်ရငွေများကို အားလုံးမဟုတ်သည့်တိုင် အများစုကို ခံစားပိုင်ခွင့် ရှိသင့်သည်။ တစ်ဦးချင်း ဝင်ငွေခွန်အပြင် ကုမ္ပဏီဝင်ငွေခွန် များကို စည်းကြပ်ခွင့် သို့မဟုတ် ထိုအခွန်နှစ်ရပ်လုံးမှ ရငွေများ အပေါ် ခံစားခွင့်ရှိသင့်သည်။

မြန်မာနို်င်ငံ၏ လက်ရှိအနေအထားအရ ဝင်ငွေခွန်အပါအဝင် အခွန်အများစု၏ အခွန်ခြေခံမှာအကန့်အသတ် များဖြင့် ကျဉ်းမြောင်းနေပြီး ဝင်ငွေခွန်အများစုကိုလည်း မြို့ပြဒေသများမှသာ   ကောက်ခံရရှိသဖြင့် ဝင်ငွေခွန် သည် ပြည်နယ်/တိုင်းဒေသကြီးအားလုံးအတွက် ဝင်ငွေအရင်းအမြစ်များသော သို့မဟုတ် ဝင်ငွေအရင်းအမြစ် တည်ငြိမ်မှု ရှိသောအခွန်တစ်ခု အဖြစ် သတ်မှတ်၍ မရနိုင်သေးပါ ။ထို့ကြောင့် တစ်ဘက်တွင် ဝင်ငွေအခြေခံကို တဖြည်းဖြည်းတိုးချဲ့သွားပြီး တစ်ချိန်ထဲတွင် ပြည်ထောင်စု၏ မျှဝေအခွန်ငွေ အချိုးအစား (ရာခိုင်နှုန်း) ကို တိုးမြင့်ခြင်း သို့မဟုတ် ဝင်ငွေခွန်တစ်ရပ်ရပ် သို့မဟုတ် နှစ်ရပ်လုံးစည်းကြပ်ကောက်ခံခွင့်ကို ပြည်နယ်များအား အပြည့်အဝပေးခြင်းဖြင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို တိုးချဲ့ပေး သင့်သည်။ ပြည်နယ်/တို်င်းဒေသကြီးများအား အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများတိုးချဲ့ပေးမှုကြောင့် ထွက် ပေါ်လာနိုင်သည့် ဘဏ္ဍာရေးပြဿနာများကိုဖြေရှင်းနိုင်သည့် နည်းလမ်း များကိုလည်း ရှာဖွေချမှတ်ထားရမည်။

 ရောင်းဝယ်ခွန်(ကုန်သွယ်လုပ်ငန်းခွန်)

ရောင်းဝယ်ခွန်သည် အစိုးရအတွက်ဝင်ငွေအတော်အသင့်ဆောင်ကျဉ်းပေးနိုင်သောသွယ်ဝိုက်အခွန် တစ်ခုဖြစ် သည်။ ရောင်းဝယ်ခွန်ကို ကုန်စည်/ဝန်ဆောင်မှုတစ်ခုခု ရောင်းဝယ်မှုပြုတိုင်း စည်းကြပ်ကောက်ခံသဖြင့် တိုက် ရိုက်ခွန် တစ်ခုဖြစ်သော ဝင်ငွေခွန်ကို ရှောင်သူများပင် ရှောင်လွှဲရခက်စေသည့် အခွန်ဖြစ်သည်။ ထို့အပြင် ရောင်းဝယ်ခွန်သည် ကုန်စည်/ဝန်ဆောင်မှု စာသုံးခြင်းအပေါ် ကောက်ခံခြင်းဖြစ်ရာ မူလကပင် ဝင်ငွေခွန်ထက် ပိုတည်မြဲသည့်သဘောရှိပြီး နိုင်ငံတော်ဝင်ငွေအတွက် တည်ငြိမ်သော ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သည်။

ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်နိုင်ငံအချို့တွင် တစ်နိုင်ငံလုံးအကျိုးသက်ရောက်သည့် ပြည်ထောင်စု ရောင်းဝယ်ခွန်များအပြင် ပြည်နယ်အဆင့် အကျိုးသက်ရောက်သည့်   ပြည်နယ်ရောင်းဝယ်ခွန်များကိုလည်း သက်ဆိုင်ရာအစိုးရအဆင့်က စည်းကြပ်ကောက်ခံသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရစည်းကြပ်ကောက်ခံလျက်ရှိသောကုန်သွယ်လုပ်ငန်းခွန်သည်စားသုံးမှု အပေါ်ကောက်ခံသည့် ရောင်းဝယ်ခွန်အမျိုးအစားတစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက် ဥပဒေအရကုန်စည်အချို့မှလွဲပြီး ကုန်စည်အများစုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို စည်းကြပ် ကောက်ခံသဖြင့် ကုန်စည်ထုတ်လုပ်သူနှင့် ကုန်စည်ဖြန့်ဖြူးရောင်းချသူများအတွက် သွင်းအားစု ကုန်ကျစရိတ် ခုနှိမ်ခွင့် မရှိသလိုဖြစ်နေသည်။ ကုန်စည်လုပ်ငန်းခွန်သည် ဝင်ငွေအရင်းအမြစ်တည်ငြိမ်သော အခွန်တစ်ခု ဖြစ် သော်လည်း   မြန်မာနိုင်ငံတွင် လက်ရှိအခွန်စနစ် တိုးတက်မှုအနေအထားအရ ကုန်သွယ်လုပ်ငန်းခွန်များကို မြို့ ပြနှင့် ခေတ်မီကဏ္ဍများ၌သာ စည်းကြပ်ကောက်ခံနိုင်သေးသည်။ ထို့အပြင် ကုန်စည်အချို့အပေါ် ကုန်စည် လုပ်ငန်းခွန် ကင်းလွတ်ခွင့်များလည်း ပေးထားသဖြင့် မြန်မာနိုင်ငံ၏ လက်ရှိကုန်စည်လုပ်ငန်းခွန်စနစ်သည် အစိုးရဘဏ္ဍာငွေအတွက် လိုအပ်သော ဝင်ငွေများကို ထိုက်သင့်သလောက်သာ ဆောင်ကျဉ်းပေးနိုင်သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်ထောင်စုအစိုးရက ကောက်ခံပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ပြည်နယ်/တိုင်းဒေသကြီးတစ်ခုအတွင်းကောက်ခံရရှိလာသော ကုန်သွယ်လုပ်ငန်းခွန်ရငွေများကို ကောက်ခံရရှိ သော ၎င်းပြည်နယ်/တိုင်းဒေသကြီးများအတွက် ၁၅ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရက ၎င်းပြည်နယ်/တိုင်း ဒေသကြီးများနှင့် ပြန်လည်မျှဝေသည်။   ပြည်နယ်/တိုင်းဒေသကြီးများအတွင်း ကောက်ခံရရှိခြင်းဖြစ်သဖြင့် ပြည် နယ်/တိုင်းဒေသကြီးများက အပြည့်အဝ မဟုတ်သည့်တိုင် လက်ရှိအချိုးအစား (ရာခိုင်နှုန်း) ထက်များသော အချိုးအစားတစ်ခုဖြင့် ကုန်သွယ် လုပ်ငန်းခွန်ရငွေများကို မျှဝေသင့်သည်။အခွန်စနစ်ဖွံ့ဖြိုးတိုးတက်မှုမြင့်မားလာ သည့်အခါ ပြည်နယ်/တိုင်း ဒေသကြီးများသည် ပြည်နယ်အဆင့်ကုန်သွယ်လုပ်ငန်းခွန်များကို ကောက်ခံသွား သင့်ပါသည်။ အခွန်ကောက်ခံမှုသည် ပြည်နယ်၏ အရေးကိစ္စတစ်ခုဖြစ်သဖြင့် ပြည်နယ်များက ဆုံးဖြတ်ပိုင်ခွင့် ရှိသည့်ပြည်နယ်အဆင့် ကုန်သွယ်လုပ်ငန်းခွန်များကို စည်းကြပ်ကောက်ခံကာတာဝန်ခံယူ/တာဝန်ခံသင့်သည်။

သဘာဝသယံဇာတ အခွန်

သဘာဝသယံဇာတအခွန်သည် (အထူးသဖြင့် တန်ဖိုးကြီးသယံဇာတထုတ်ထူမှုမျာအပေါ် ကောက်ခံသည့် သဘာဝ သယံဇာတအခွန်) နိုင်ငံတော်ဘဏ္ဍာငွေအတွက် ဝင်ငွေအလုံးအရင်းဆောင်ကျဉ်းပေးနိုင်သော အခွန်အမျိုးအစား တစ်ခုဖြစ်သည်။ သဘာဝသယံဇာတကဏ္ဍမှ ရရှိသော အခွန်နှင့် အခွန်မဟုတ်သော ဝင်ငွေ များသည် တစ်ခါတစ်ရံတွင် အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သော အသုံးစရိတ်များကို ရှာဖွေပေးနိုင်သည်။ ထို့ကြောင့် သဘာဝသယံဇာတပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်နှင့် သယံဇာတဝင်ငွေခွဲဝေမှုတို့ကို ဖက်ဒရယ်နိုင်ငံအချို့တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရနှစ်ခုလုံးအားလည်းကောင်း၊ပြည်ထောင်စုသို့မဟုတ် ပြည်နယ် အစိုးရတစ်ခုတည်း အားလည်းကောင်း အပ်နှင်းထားသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်စိမ်း တို့ ကဲ့သို့သော တန်ဖိုးကြီး သယံဇာတများ ထုတ်ယူရောင်းချခြင်းအပေါ် အခွန်အခများစည်းကြပ်ကောက်ခံခြင်း ကို ပြည်ထောင်စုအစိုးရအပြင်   ပြည်နယ်အစိုးရများကလည်း ဆောင်ရွက်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝသယံဇာတများသည် ပြည်နယ်များ၏ အချုပ်အခြာအာဏာနယ်နိမိတ်အတွင်း၌တည်ရှိသဖြင့်သက်ဆိုင် ရာ ပြည်နယ်များသည် မိမိတို့ ဒေသတွင်း သယံဇာတထုတ်ယူမှုများကို ဆုံးဖြတ်ပိုင်ခွင့်နှင့် တိုက်ရိုက်အခွန် ကောက်ခံပိုင်ခွင့်တို့ ရှိသင့်ပါသည်။ ထိုလုပ်ပိုင်ခွင့်များဖြင့် ပြည်နယ်အတွင်း သယံဇာတတူးဖော်မှုကြောင့်ဖြစ်ပေါ် လာသော ဆိုးကျိုးများအတွက် ဒေသခံများအား လျော်ကြေးငွေများ ပေးနိုင်ခြင်း၊ ပဋိပက္ခများကို လျော့ချနိုင်ခြင်း နှင့် ကြိုတင်ကာကွယ်နိုင်ခြင်း၊ သယံဇာတများကို ဒေသခံများ ပိုင်ဆိုင်ခြင်းအဆိုကို တုန့်ပြန်သည့် နည်းလမ်း တစ်ခုဖြစ်ခြင်း စသည့် သယံဇာတဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေလျော့နိုင်သည်။ သဘာဝသယံဇာတအခွန် သည် သဘာဝသယံဇာတအမျိုးအစားပေါ် မူတည်ပြီး စည်းကြပ်ကောက်ခံသည့် အခွန်စနစ် (ပုံစံနှင့်နှုန်းထား) များ ကွဲပြားနိုင်သည်။ ထို့ကြောင့် သယံဇာတဆိုင်ရာအခွန်အာဏာများကို ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား ခွဲဝေလိုပါက သယံဇာတအမျိုးအစားအလိုက် ကောက်ခံလေ့ရှိသော အခွန်အခများသည် စီးပွားရေး အရ ထိရောက်မှု (efficiency) နှင့် မျှတမှု (equity) ရှုထောင်ဖြင့် ဆုံးဖြတ်သွားရန် လိုပါသည်။ မြန်မာနိုင်ငံတွင် တန်ဖိုးကြီး သယံဇာတနှင့်ဆိုင်သော အခွန်အခများကို ပြည်ထောင်စု အစိုးရကသာစည်းကြပ် ကောက်ခံပြီး ကောက်ခံရရှိသော သယံဇာတအခွန်ငွေများကို ပြည်နယ်/တိုင်းဒေသကြီးများအား ပြည်လည်ခွဲဝေပေးသည်ဟု

ယူဆရသော်လည်း မည်သည့်ပုံစံ၊ မည်သည့်အတိုင်းအတာထိ ခွဲဝေပေးသည်ကိုမသိရပေ။ သယံဇာတအခွန် များကို တိုက်ရိုက်ကောက်ခံခွင့်ကို ပြည်နယ်/တိုင်းဒေသကြီးနှင့်   ဒေသန္တရအဆင့်အစိုးရများအား ခွဲဝေပေးခြင်း ဖြင့် ပြည်နယ်/တိုင်းဒေသကြီးနှင့် ဒေသအဆင့် အစိုးရလက်ထဲသို့ အခွန်ငွေများ ရောက်ရှိမှုပိုမိုထိရောက်နိုင် သည်။ ထို့ကြောင့် သယံဇာတကဏ္ဍအတွက် သယံဇာတဆိုင်ရာလုပ်ပိုင်ခွင့်များခွဲဝေသည့်သယံဇာတဖက်ဒရယ် စနစ် တစ်ခုကို အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ပုံဖော်သွားရန်လိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာရေးမူဘောင်အရ မြန်မာနိုင်ငံအတွင်းရှိတွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများအားလုံးမှ ဝင်ငွေအများစုကို ပြည်ထောင်စု အစိုးရနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက ကောက်ခံ သည်။ တွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်မှုအပေါ် ကောက်ခံသည့် သယံဇာတဆိုင်ရာ အခွန်များအနက် အရေးကြီးသော အခွန်အချို့ကို  ဖော်ပြထားသည်။ ထိုအခွန်များသည် အစိုးရဘဏ္ဍာငွေအတွက် ဝင်ငွေ တစ်လုံးတစ်ခဲဆောင်ကျဉ်းပေးနိုင်သဖြင့် ဖက်ဒရယ် နိုင်ငံအချို့တွင် ပြည်နယ် /တိုင်းဒေသကြီးအား အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသအားဖြင့် ခွဲဝေပေးသော အခွန်များဖြစ်သည်။  

မြန်မာနိုင်ငံတွင် ပြည်နယ်/တိုင်းဒေသကြီးများ ကောက်ခံခွင့်ရှိသော သယံဇာတဆိုင်ရာ အခွန်အနည်းငယ်သာ ရှိပြီး ထိုအခွန်များသည် လက်တွေ့တွင် အခွန်စီမံအုပ်ချုပ်မှု စနစ်အားနည်းချက်များကြောင့် ပြည်နယ်/တိုင်း ဒေသကြီးများအတွက် ဝင်ငွေဆောင်ကျဉ်းပေးနိုင်မှု နည်းနေနိုင် သေးသည်။ ထို့ကြောင့် ယင်းလုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ ရှင်းလင်း တိကျရေးနှင့် ပြည်ထောင်စုအစိုးရ၏ သယံဇာတအခွန်များအပြင် အခွန်မဟုတ်သော သယံဇာတဝင်ငွေများ ကိုလည်း ပြည်နယ်/တိုင်းဒေသကြီးများအား ခွဲဝေပေးရေးတို့ကို ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ရှေးရှုကာ ဆောင်ရွက်သွားသင့်ပါသည်။

သယံဇာတဝင်ဆိုင်ရာ အခွန်ငွေနှင့် အခွန်မဟုတ်သော ဝင်ငွေများကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးများအကြား ခွဲဝေရေးအပြင် ကောက်ခံရရှိလာသော အခွန်နှင့် အခွန်မဟုတ်သော သယံဇာတကဏ္ဍမှ ဝင်ငွေများကိုလည်း ရေရှည်ခံစားခွင့်အကျိုးငှာ စနစ်တကျစီမံခန့်ခွဲသွားရန်လိုသည်။တွင်းထွက်သယံဇာတများ သည် အချိန်တိုအတွင်း ပြန်လည်ဖြည့်တင်းနိုင်သော သယံဇာတများ မဟုတ်သဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီးစေနိုင်သည့် အလွန်အကျွံထုတ်ယူသုံးစွဲများ၊ သယံဇာဝင်ငွေအပေါ် အလွန်အကျွံမှီခိုနေမှုများနှင့် စည်းကမ်းမဲ့ သုံးစွဲမှုများကို ပြည်ထောင်စုအစိုရနှင့်ပြည်နယ်/တိုင်း ဒေသကြီးအစိုးရ များပါ ရှောင်ကြဉ်သွားရန် အရေးကြီးသည်။    ။

( ရှေ့အပတ် - စဉ်းစားသုံးသပ်ချက်များ အကြောင်း ဆက်လက်တင်ပြသွားပါမည်။)

Mizzima Weekly