အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် - အပိုင်း ( ၂၁ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် - အပိုင်း ( ၂၁ )

မြန်မာနိုင်ငံ၏ လက်ရှိအခွန်စနစ်ကို ဘဏ္ဍာရေး ဖက်ဒရယ်စနစ် အသွင်ပြောင်းခြင်း

မြန်မာနိုင်ငံ၏ အခွန်စနစ်သည် တမူထူးခြားနေပြီး လက်ရှိအခြေအနေအရ အခွန်ယဉ်ကျေးမှု ထွန်း ကားလာရေးအတွက် အခွန်စနစ်ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နေဆဲကာလ ဖြစ်သည်။ စီးပွားရေး ကဏ္ဍအသီးသီးမှ ရသော အခွန်ငွေများသည် အချိုးမညီဖြစ်နေပြီး နိုင်ငံတော်အစိုးရသည် ပြည်သူ့ ဝန်ဆောင်မှုအသုံးစရိတ်များအတွက် ဝင်ငွေ အလုံးအရင်းရနိုင်သည့် သယံဇာတဆိုင်ရာ အခွန်ငွေများ အပေါ် အဓိကမှီခိုအားထားနေရဆဲ ဖြစ်သည်။ အကျိုးဆက်အားဖြင့် သယံဇာတကဏ္ဍမှရသော ဝင်ငွေ ပမာဏအပြောင်းလဲသည် အစိုရ၏ ပြည်သူ့ဝန်ဆောင်မှု အသုံးစရိတ်အပေါ်သက်ရောက်မှုကြီးမားနိုင် သည်။ ထို့အခြေအနေမှ ရုန်းထွက်နိုင်ရန် အခြားအခွန်ရငွေများကို သင့်လျော်သလို တိုးချဲ့သွားရန်လို သည်။ မြန်မာနိုင်ငံတွင် လက်ရှိစည်းကြပ်လျက်ရှိသော အခွန်အများစုသည်ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှု အနေအထားအရ ဝင်ငွေဆောင်ကြဉ်းပေးနိုင်မှု နည်းနေသည့်အပြင် စည်းကြပ်သော အခွန်အချို့၏ အခွန်အခြေခံများကိုလည်း ကန့်သတ်ထားသဖြင့် အစိုးရ၏ အခွန်ရငွေပမာဏကို လျော့နည်း သွားစေ နိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏အခွန်စနစ် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ပါးနေရသေးခြင်း၏ အကြောင်းရင်း နောက်တစ်ခုမှာ စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများ ဖြစ်သည်။ လုပ်ထုံးလုပ်နည်းများနှင့် လိုအပ်သော အချက်အလက်များ မရနိုင်ခြင်း၊ လုပ်ငန်းတာဝန်များ ရှင်းလင်းမှု မရှိခြင်းနှင့် အစိုးရဌာနများအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းတို့သည်အခွန်စနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားများဖွယ် ဖြစ်နေသည်။ ၎င်းတို့ကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားရန်လိုသည်။ ထို့အပြင် နိုင်ငံအတွင်း စီးပွားရေးစွမ်းဆောင်နိုင်စွမ်း ညံ့ဖျင်းခြင်း (economic inefficiency) နှင့် ကုန်သွယ် ရေးဆိုင်ရာ သက်ရောက်မှု (trade effects) များကြောင့်လည်း အခွန်ငွေကောက်ခံရရှိမှုကို ထိခိုက်နိုင်သည်။ အခွန်ကောက်ခံမှုကြောင့် ပြည်တွင်းစားသုံးမှုနှင့်ဝင်ငွေစုဆောင်းမှုပုံစံများကို ပြောင်း လဲစေနိုင်သည့်အပြင် ကုန်ထုတ်လုပ်ငန်းဖြစ်ထွန်းသော ကဏ္ဍများတွင်လည်းအရင်းအနှီးမြှုပ်နှံမှု လွှဲချော် ခြင်း (misallocation of capital) များ ဖြစ်စေနိုင်သည်။ အလားတူပင် သွင်းကုန်ခွန် မူဝါဒများ ကြောင့် အခွန်ရှောင်လိုသူများနှင့် ဥပဒေကိုလက်တစ်လုံးခြားလုပ်သူများ၏ အကျင့်ပျက်ခြစားမှုများ (corruption) နှင့် လာဘ်ထိုးမှုများ (rent seeking) ဖြစ်စေနိုင်သည်။

အထက်ပါအားနည်းချက်များအပြင် မြန်မာနိုင်ငံ၏ လက်ရှိအခွန်မူဝါနှင့် စီမံအုပ်ချုပ်မှုသည် အခွန်ဖြန့်နှံ့ မှုအားဖြင့် ဒေါင်လိုက်နှင့် အလျားလိုက်မညီမျှမှုများကို ဖြစ်ပေါ်စေသည်။ လက်ရှိအခွန်စနစ် (အထူးသ ဖြင့် ဝင်ငွေခွန်စနစ်) တွင် နှုန်းတိုးခွန်စနစ် (progressive rate structure) ကို ကျင့်သုံး သော်လည်း လက်တွေ့တွင် နှုန်းလျော့စေသည့် အစိတ်အပိုင်း များလည်းပါဝင်သည်။ ဥပမာ - ဝင်ငွေခွန်မြင့်မားသူ များ၏ ဝင်ငွေအချို့နှင့် အတိုးမှ ရသောဝင်ငွေများကို စည်းကြပ်မှု မပြုခြင်းကြောင့် ဝင်ငွေမြင့်မားသူ များက ထမ်းဆောင်ရသော အခွန်ဝန်ထုတ် ဝန်ပိုးနှင့် ဝင်ငွေနည်းပါးသူများက ထမ်းဆောင်ရသော အခွန်ဝန်ထုတ်ဝန်ပိုးတို့ ညီမျှမှု မရှိသည်ကို တွေ့ရသည်။ ဒေါင်လိုက်မညီမျှများသည် ဆင်တူသော စီးပွားရေးအခြေအနေတစ်ခု၌ အခွန်ထမ်းများ ပေးဆောင်ရသည့် အခွန်ပမာဏ မတူညီခြင်းကို ရည် ညွှန်းသည်။ ဥပမာ - အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ၊ အခွန်ရှောင်မှုများကို ကိုင်တွယ်နိုင်ခြင်း မရှိသည့်အခွန်စီမံခန့်ခွဲမှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ကဏ္ဍတစ်ခုခုကို မျက်နှာသာပေးသည့် အခွန်မူဝါဒများကြောင့် အလျားလိုက် မညီမျှမှုများကို ဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေများ တိုးပွားလာရေးအတွက် နိုင်ငံ၏ လက်ရှိအခွန်စနစ်ကို ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရတစ်ခုတည်းကသာ တာဝန်ယူဆောင်ရွက်ခြင်း ထက် ပြည်နယ်/တိုင်းဒေသကြီးအစိုးရနှင့် ဒေသန္တရအစိုးရများ၏ တာဝန်ယူဆောင်ရွက်မှုများကို အလေး ထားပြီး အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို အစိုးရအဆင့်များအကြား ရှင်းလင်းတိကျစွာ ခွဲဝေသွားရန်အရေးကြီးသည်။ သို့မှသာ မြန်မာနိုင်ငံသားများ ပုံဖော်လိုသော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနို်င်ငံ၏ အခွန်အာဏာများကိုပြည်ထောင်စုနှင့်ပြည်နယ်/တိုင်းဒေသကြီးများ အကြား ခွဲဝေအပ်နှင်းထားသော်လည်း အခွန်အာဏာအများစုသည် ပြည်ထောင်စုအစိုးရ၌သာ စုပုံနေ သည်။ ပြည်နယ်/တိုင်း ဒေသကြီးအစိုးရများက ကောက်ခံခွင့်ရှိသော အခွန်များနှင့် ပတ်သက်၍ အခွန် အာဏာများဖြစ်သော ဥပဒေပြုခွင့်၊ စီမံခန့်ခွဲခွင့်နှင့် ထိန်းကျောင်းခွင့်များကို အပြည့်အဝပေးထားခြင်း မရှိပေ။ ပြည်နယ်/တိုင်းဒေသကြီးအခွန်များသည် ပြည်ထောင်စုအခွန်များနှင့် နှိုင်းယှဉ်လျှင် ဝင်ငွေ အရင်းအမြစ် နည်းပါးခြင်းနှင့် ပြည်နယ်/တိုင်းဒေသကြီးအတွင်း ကျင့်သုံးလိုသော အခွန်အာဏာများ အတွက် ဆုံးဖြတ်ပိုင်ခွင့် မရှိခြင်းတို့ကြောင့် ကိုယ်ပိုင်အခွန်အရင်းအမြစ်ရငွေများမှာ နည်းပါးနေပြီး ပြည်နယ်/တိုင်းဒေသကြီးများ၏ ပြည်သူ့ဝန်ဆောင်မှုအသုံး စရိတ်များအတွက် လုံလောက်မှုမရှိပေ။

ထို့ကြောင့် ပြည်နယ်/တိုင်းဒေသကြီးများသည် မိမိတို့၏ ပြည်သူ့ဝန်ဆောင်မှု အသုံးစရိတ်များ ကာမိ စေရန် ပြည်ထောင်စုအစိုးရ၏ လွှဲပြောင်းငွေများအား မှီခိုအားထားနေရ သည်။

ဖက်ဒရယ်နိုင်ငံများအပါအဝင် နိုင်ငံတိုင်းလိုလိုတွင် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အစိုးရများ၏ ပြည်သူ့ ဝန်ဆောင်မှု အသုံးစရိတ်များအတွက် ပြည်ထောင်စုအဆင့်အစိုးရ၏ ဘဏ္ဍာငွေလွှဲပြောင်းမှု များ ရှိနေသည်။ ထို့သို့ ပြည်ထောင်စုမှ ပြည်နယ်များသို့ ဘဏ္ဍာငွေလွဲပြောင်းမှုများသည် အစိုးရ အဆင့်များအကြား ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုအနေအထားတစ်ခု ဖြစ်သည်။ ထိုဘဏ္ဍာရေး ဆက်နွယ်မှုသည် ပြည်နယ်၏ အရေးကိစ္စများတွင် ပြည်ထောင်စုအစိုးရ၏ ကူညီမှု ဖြစ်နိုင်သလို ပြည်ထောင်စုအစိုးရ၏ လွှမ်းမိုခြယ်လှယ်မှုလည်း ဖြစ်သွားနိုင်သဖြင့် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို အားကောင်းစေနိုင်သလို ထိခိုက်မှုလည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့်  ပြည်နယ်/တိုင်း ဒေသကြီးများသည် ၎င်း၏ အသုံးစရိတ်တာဝန်များကာမိရန်နှင့်ဘဏ္ဍာရေး

အမှီအခိုကင်းမှု (fiscal independence)ရှိရန်အတွက် အနည်းဆုံးလုံလောက်သောကိုယ်ပိုင်အခွန် ဘဏ္ဍာငွေ အရင်းအမြစ်များနှင့် အခွန်အာဏာများ ရှိရန် အရေးကြီးပါသည်။

နိုင်ငံတစ်နိုင်ငံတွင် ပြည်နယ်များက အခွန်စနစ်အမျိုးမျိုးကျင့်သုံးနေလျှင်နိုင်ငံ၏ စီးပွားရေးပေါင်းစည်းမှု (economic union) အတွက် အဟန့်အတားဖြစ်စေနိုင်သည်။ ထို့ကြောင့် အခွန်အားလုံးမဟုတ်သည့် တိုင် အခွန်အချို့ကို (အထူးသဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရနှစ်ရပ်လုံးက ဥပဒေပြုကောက်ခံ ခွင့်ရှိသော အခွန်များအတွက်) စည်းဝါးညီအောင် (harmonization) ဆောင်ရွက်သင့်သည်။ ဥပမာ - တစ်နိုင်ငံလုံးတွင် သက်ဆိုင်ရာအခွန်များ၏ အခွန် အခြေခံများ တစ်သမတ်တည်းဖြစ်ရေးအတွက် ပြည်ထောင်စုအစိုးရက အခွန်အခြေခံများကို အဓိပ္ပါယ်ဖွင့်ဆိုပြီး ထိုအခွန်များ၏ နှုန်းထားများအတွက် သက်ဆိုင်ရာ ပြည်နယ်များက မိမိတို့ ဒေသနှင့် သင့်လျော်သော အခွန်နှုန်းထားများကို သတ်မှတ်နိုင် သည်။ ထို့အပြင် အခွန်ကောက်ခံခြင်းဆို်င်ရာ သဘောတူညီချက် (Tax Collection Agreement) မှ တစ်ဆင့် တစ်ခုတည်းသော အခွန်ကောက်သည့် ရုံးဌာန (Tax Collection Department) ထားရှိကာ အခွန်အချို့ကို စည်းဝါးညီအောင် ဆောင်ရွက်နို်င်သည်။ ပြည်ထောင်စုအစိုးရသည် ပြည်နယ်အခွန်များ ၏ အခွန် အခြေခံများကို အဓိပ္ပါယ်ဖွင့်ဆိုပေးသည့်အပြင် ထိုအခွန်များကို ပြည်နယ်အစိုးရကသတ်မှတ် သည့် အခွန်နှုန်းထားဖြင့် ကောက်ခံပေးပြီး ရရှိလာသော ပြည်နယ် အခွန်ရငွေများကို ပြည်နယ်အစိုးရ ထံ လွှဲပြောင်းပေးသည်။

ဖက်ဒရယ်စနစ်အရ အခွန်အာဏာများကို ပြည်နယ်များက ကျင့်သုံးခွင့်ရှိသော်လည်း အချို့ပြည်နယ် များသည် အကြောင်းအမျိုးမျိုးကြောင့် အခွန်ဘဏ္ဍာငွေရရှိမှုသည် အခြားပြည်နယ်များထက် နည်းနိုင် သဖြင့် ပြည်နယ်များအကြား ဘဏ္ဍရေးမညီမျှများ (fiscal inequities) များ ထွက်ပေါ်လာနိုင်သည်။ ဖက်ဒရယ်နိုင်ငံတွင် ထိုအခြေအနေကို ဘဏ္ဍာရေးသာတူညီမျှဖြစ်စေခြင်း (fiscal equalization) အစီ အစဉ်များဖြင့် ကုစားလေ့ရှိသည်။ အခြေခံပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သော ဘဏ္ဍာငွေများ ကို ပြည်ထောင်စုအစိုးရမှ လည်းကောင်း၊ ချမ်းသာသော ပြည်နယ်များမှလည်းကောင်း ဆင်းရဲသော ပြည်နယ်များအတွက် ဘဏ္ဍာငွေများ လွှဲပြောင်းပေးခြင်း ဖြစ်သည်။

ပြည်နယ်အားလုံး ဘဏ္ဍာငွေတူညီရေးအတွက် မဟုတ်ဘဲ ပျှမ်းမျှအသုံးစရိတ်လိုအပ်ချက်ကိုဖြည့် ဆည်းပေးနိုင်သည့် ဘဏ္ဍာငွေအနေအထား ရရှိရေးအတွက်သာ လွှဲပြောင်းပေးခြင်းဖြစ်ရာ စည်းမျဉ်း အခြေခံဘဏ္ဍာငွေလွှဲပြောင်းမှုပုံစံဖြင့် ဆောင်ရွက်လေ့ရှိသည်။ ဘဏ္ဍာရေးသာတူညီမျှဖြစ်စေခြင်း အစီ အစဉ်ကို (အမေရိကန်ပြည်ထောင်စုမှလွဲပြီး) ဖက်ဒရယ်နို်င်ငံအများစုတွင် တွေ့ရသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ ကူးပြောင်းမည့် မြန်မာနို်င်ငံတွင်လည်း ပြည်နယ်များ အားအခွန် အာဏာခွဲဝေမှုများနှင့်အတူ အခွန်ဆိုင်ရာ စည်းဝါးညီရေး (tax harmonization) နှင့် ဘဏ္ဍာရေးသာ တူညီမျှဖြစ်စေခြင်း (fiscal equalization) တို့ကို ဆောင်ရွက်သွားရန် လိုသည်။ အခွန်အာဏာခွဲဝေရာ တွင် စီးပွားရေးရှုထောင့်အားဖြင့် ထိရောက်မှု (efficiency) နှင့် မျှတမှု (equity) စံနှုန်းနှစ်ခုကို အဓိက အခြေခံသွားရန်လိုသည်။ အချို့သော အခွန်များသည် သတင်းအချက်အလက်ရရှိမှုအားဖြင့် ပြည်နယ် သို့မဟုတ် ဒေသန္တရအဆင့် အစိုးရများက ကောက်ခံလျှင် ပိုမိုထိရောက်နို်င်ပြီး အချို့သော အခွန်များ သည် ပြည်နယ်များအကြား ဘဏ္ဍာရေးကွာဟမှုကို ကြီးကြီးမားမား ဖြစ်စေနိုင်သဖြင့် ပြည်ထောင်စု အစိုးရကလည်းကောင်း သို့မဟုတ် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရနှစ်ခုလုံးကလည်းကောင်း စည်းကြပ် ကောက်ခံသင့်သည်။ ပြည်နယ်များအကြား ဘဏ္ဍာရေးမျှတမှုရှိရေးအတွက် ပြည်ထောင်စု အစိုးရ၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုသွားရန် အရေးကြီးသည်။ ဆိုလိုသည်မှာအခွန်စီးဝါးညီ ရေးအတွက် လုပ်ဆောင်ရာတွင် နိုင်ငံတော် အကျိုးစီးပွားအလို့ငှာ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့် အချို့ကို ပြည်ထောင်စုအား ပေးအပ်ရနိုင်သည်။မြန်မာနိုင်ငံတွင် ကောက်ခံလျက်ရှိသော အခွန်များကို လေ့လာကြည့်လျှင် အခွန်အချိူ့ကလွဲပြီး ကျန်အခွန်အများစုမှာ အထူးသဖြင့် ပြည်နယ်/တိုင်း ဒေသ ကြီးများ ကောက်ခံသော အခွန်များ၏ ဝင်ငွေအရင်းအမြစ်များမှာ နည်းနေသည်။

ဝင်ငွေအရင်းအမြစ်များသော အခွန်အချို့မှာ သဘာဝသယံဇာတနှင့်ဆို်င်သော အခွန်၊ ဝင်ငွေခွန် ကုန် သွယ် လုပ်ငန်းခွန်တို့ ဖြစ်သည်။ ထိုအခွန်များကို ပြည်နယ်/တိုင်းဒေသကြီးအစိုးရတို့အား ခွဲဝေပေးခြင်း ဖြင့် သို့မဟုတ် ထိုအခွန်ရငွေများကို ပြည်နယ်/တိုင်းဒေသကြီးများအား မျှဝေပေးခြင်းဖြင့်လည်းကောင်း ပြည်နယ်/တိုင်းဒေသကြီးများ၏ ဒေသတွင်း ပြည်သူ့ဝန်ဆောင်မှု အသုံးစရိတ်များအတွက် အခွန် ဘဏ္ဍာငွေ အရင်းအမြစ်များကိုတိုးချဲ့နို်င်သည်။ထိုနည်းလမ်းနှစ်သွယ်သည်အားနည်းချက်နှင့် အားသာ ချက်များရှိသည်။ ပထမနည်းလမ်းသည် ပြည်နယ်များ၏ ဘဏ္ဍာရေး ကိုယ်ပိုင်အုပ်ချုပ် ခွင့် (fiscal autonomy) နှင့် ဘဏ္ဍာရေး အမှီအခိုကင်းမှု(fiscal independence) ကို အားကောင်းစေပြီး အခြား တစ်ဘက်တွင် ပြည်ထောင်စုတစ်ခုလုံး၏ အခွန်စည်းဝါးညီမှုနှင့် ဘဏ္ဍာရေး ညီတူမျှတူဖြစ်စေမှုကို အားနည်းသွားစေနို်င်သည်။ ဒုတိယနည်းလမ်းသည် ပထမနည်းလမ်း၏ ဆန့်ကျင့်ဘက်သဘောတရား

များရှိသည်။ ပြည်ထောင်စုက ပြည်နယ်နှင့်မျှဝေမည့် အခွန်နှင့်ပတ်သက်၍ ပြည်နယ်များက ညှိနှိုင်း ဆွေးနွေးခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်များ မရှိလျှင် ပြည်နယ်များ၏ ဘဏ္ဍာရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် ဘဏ္ဍာရေးအမှီအခိုကင်းမှုကိုထိပါးသွားနို်င်သည်။ ထို့ကြောင့် အားနည်းချက်နှင့် အားသာချက်များကို ချိန်ဆပြီး အခွန်အာဏာခွဲဝေမှုများ ပြုလုပ်သွားသင့်သည်။   ။

( ရှေ့အပတ် - ဝင်ငွေခွန် အကြောင်း ဆက်လက်တင်ပြသွားပါမည်။)

Mizzima Weekly