ပစ်ခတ်၊ ဖမ်းဆီးမှုများနှင့် ရှမ်းပြည်နယ် ပဋိပက္ခ

ပစ်ခတ်၊ ဖမ်းဆီးမှုများနှင့် ရှမ်းပြည်နယ် ပဋိပက္ခ

ရှမ်းပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့တို့၏ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများရှိနေပြီး အရပ်သားအချင်းချင်းပဋိပက္ခ ကြီးထွားမလာရေး ကြိုးပမ်းနေကြသည်

(ရန်ကုန်)—သြဂုတ်လ လယ်ပိုင်းနံနက်ခင်းတစ်ခုတွင် ဗိုက်ဆာဆာနှင့် ကျူရှင်မှပြန်လာသည့် ကိုးနှစ်အရွယ် မူလတန်းကျောင်းသူ နန်းမွန်ဖွန်အွန်သည် ဘဝအတွက် တုန်လှုပ်ဖွယ် ဖြစ်စဉ်တစ်ခုနေအိမ်တွင် ကြုံတွေ့ရတော့မည် ဆိုသည်ကို ကြိုမသိခဲ့ပေ။

ကျောင်းသွားမည့် မောင်လေးက အော်ငိုနေပြီး ကျောင်းလိုက်ပို့ရမည့် မိခင်ကိုလက်နက်ကိုင် ယောကျာ်းကြီးတချို့ကြား တွေ့လိုက်ရသောကြောင့် နန်းမွန်ဖွန်အွန် အံ့သြသွားသည်။

“မေမေကို ဘယ်ခေါ်သွားမလို့လဲ၊ မခေါ်သွားပါနဲ့။ သမီးလည်းလိုက်လို့ရလားလို့ ပြောတာကိုမဖြေဘဲ လူဆိုးကြီးတွေက မေမေ့ကိုသေနတ်နဲ့ထောက်ပြီး ဆွဲခေါ်သွားကြတယ်”ဟု ဆံပင်ရှည်ရှည်၊ မျက်လုံးဝိုင်းဝိုင်းနှင့် နန်းမွန်ဖွန်အွန်က တစ်ခွန်းချင်းပြန်ပြောပြသည်။

“ကားထွက်လို့ သမီးငိုတော့ မေမေက ‘မငိုနဲ့ …ခဏနေပြန်လာမယ်’လို့ မှာတယ်။ အခုထိပြန် မလာဘူး”

ထိုဖြစ်စဉ်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု မဟုတ်ပေ။

နမ့်ခမ်းမြို့ဟိုနောင်ရပ်ကွက်ရှိ အိမ်တစ်လုံးတွင်တွဲဖွင့်ထားသည့် “နောင်မောဝ်”ကုန်မာဆိုင်သို့ရောက်လာသော သေနတ်သမားတချို့က ၃၇ နှစ် အရွယ် နန်းမိုဟွမ်ကိုသူ၏ လူမမယ်ကလေးများရှေ့တွင်ပင် ဖမ်းသွားခြင်း ဖြစ်သည်။

ရက်များမကြာမီ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က  နန်းမိုဟွမ်ကို ၎င်းတို့ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်မှာ  နှစ်လနီးပါးကြာပြီ ဖြစ်သော်လည်း မိသားစုကနန်းမိုဟွမ် မည်သည့်နေရာတွင် မည်သည့်အခြေအနေနှင့် ရင်ဆိုင်နေရမှန်းမသိသဖြင့် သောက ဖြစ်နေကြသည်။

ဖမ်းဆီး၊ ပျောက်ဆုံးမှုများ

နန်းမိုဟွမ်သည် နမ့်ခမ်းမြို့ပြင် ဇဟိုင်ကျေးရွာမှ ဖြစ်ပြီးအသက် ၂ဝအရွယ်တွင်  နန့်ခမ်းမြို့သားစိုင်းစောရွှေနှင့် အကြောင်းပါခဲ့သည်။

နမ့်ခမ်းဒေသခံတို့သည်သူ့ကို “နောင်မောဝ်”ဆိုင်၏ ချွေးမ၊ ကလေးသုံးယောက်မိခင်၊ အနေအထိုင် အေးဆေးသည့် အိမ်ထောင်ရှင်မအဖြစ်သာ သိထားကြသည်။

TNLA က အမှန်တကယ် ဖမ်းလိုသည်မှာနန်းမိုဟွမ်၏ အမျိုးသားဖြစ်သူ စိုင်းစောရွှေဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အမျိုးသားဖြစ်သူမှာလည်း အသက်အန္တရာယ်ရှိသဖြင့်တိမ်းရှောင်နေရသည် ဟုနန်းမိုးဟွမ်၏ အစ်မဖြစ်သူနန်းမိုခမ်းက Myanmar Now ကိုပြောသည်။ ကလေးများမှာ မိဘနှစ်ပါးလုံးနှင့် အတူမနေနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ၏ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် မည်သူခေါ်သွားမှန်းမသိဘဲ ပျောက်ဆုံးနေသူ အများအပြားရှိနေသည်။ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ ခြိမ်းခြောက်ခံနေရခြင်းတို့နှင့် ကြုံတွေ့နေရသူ အများအပြားရှိနေပြီးသတ်ဖြတ်မှု၊ လုပ်ကြံမှုတို့လည်း မကြာခဏပေါ်ပေါက်နေသည်။

အောက်တိုဘာ ၅ ရက်နေ့က ကျောက်မဲမြို့တွင် သေနတ်သမားနှစ်ဦးကစာသင်တိုက်တစ်ခုသို့ သွားရောက်ပြီး ရှမ်းတိုင်းရင်းသားကျောင်းထိုင်ဘုန်းကြီးကို လုပ်ကြံလိုက်ကြသည် ဆိုသည့် သတင်းမှာ ယခုရက်ပိုင်းအတွင်း ထိပ်တန်းသတင်းတစ်ခု ဖြစ်လာသည်။ မည်သည့်အဖွဲ့အစည်း၏ လက်ချက်မှန်းမသိရသေးပေ။

ရှမ်း၊ ပလောင် အရပ်သားများ ဖမ်းဆီးခံရမှုလည်း မကြာခဏ ဖြစ်ပေါ်နေသည်။ နမ္မတူမြို့နယ်တစ်ခုတည်းတွင် သုံးနှစ်အတွင်းတအာင်း ၃၃ ဦးဖမ်းဆီးခံရပြီး သုံးဦးသာ ပြန်လွတ်ခဲ့သည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီ၏ သြဂုတ် ၉ ရက်နေ့အထိမှတ်တမ်းတွင် ဖော်ပြထားသည်။  ဒေသခံအများအပြားသည် “ကိုယ့်အလှည့် ဘယ်တော့လဲ” ဟုပူပန်နေကြပြီး လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာမည်ကိုလည်း စိုးရိမ်လျက် ရှိကြသည်။

နမ့်ခမ်းတွင် အများစုမှာရှမ်းများဖြစ်ပြီး ဒုတိယအများစုမှာတအာင်း/ပလောင်တို့ ဖြစ်သည်။  ၂ဝ၁၄ခုနှစ် သန်းခေါင်စာရင်းအရ နမ့်ခမ်း၏ လူဦးရေမှာ တစ်သိန်းကျော် ရှိနေသည်။

ဖမ်းဆီးခံရပြီးနောက် အင်တာနက်စာမျက်နှာများတွင် “နန်းမိုဟွမ် ပြစ်ဒဏ်စီရင်ခံရပါက ပလောင်လူမျိုးများအပေါ် လုံးဝခွင့်မလွှတ်ရန်” ဟူသော လှုံ့ဆော်ရေးသားမှုတချို့ကို ရှမ်းအမည်များဖြင့် တွေ့ရပြီး၊ "နန်းမိုဟွမ်သည် ရန်သူသတင်းပေးဖြစ်သည်" ဟူသောစွပ်စွဲ ရေးသားမှုမျိုးကို တအာင်းအမည်များဖြင့် တွေ့လာရသည်။

နမ့်ခမ်းတွင် လူမျိုးစုနှစ်စုကြား အနည်းငယ်တင်းမာလျက်ရှိသည်ဟု မြို့မိမြို့ဖ တစ်ဦးဖြစ်သူ အသက် ၆ဝ အရွယ် ဦးအောင်ဝင်းက Myanmar Now ကိုပြောသည်။

“လူမျိုးရေးပဋိပက္ခ မဖြစ်ဖြစ်အောင် သွေးထိုးပြီး ဖြန့်နေကြတာပါ။ တစ်ယောက်ယောက် ထပ်ဆွဲခံရရင်တော့ လူမျိုးရေးပဋိပက္ခဖြစ်မှာပဲ။ ဒေါသပေါက်ကွဲသွားရင် ထိန်းလို့ရမှာ မဟုတ်တော့ဘူး”ဟု ဦးအောင်ဝင်းက မှတ်ချက်ပြုသည်။

ယခုဖမ်းဆီးမှုသည် မိသားစုတစ်စုနှင့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ပြသာနာဖြစ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း လူမျိုးရေးအသွင်မဖြစ်ဖြစ်အောင် ဖန်တီးနေသည့် အဖွဲ့အစည်းရှိသည်ဟု ရှမ်း၊ တအာင်း ညီညွတ်ရေးဆောင်ရွက်နေသည့် ပရဟိတအဖွဲ့ဝင်များကယုံကြည်ထား ကြသည်။

ပဋိပက္ခ ရှောင်တိမ်းနိုင်ရေးအတွက် အသွားအလာဆင်ခြင်ရန်၊ လူစုလူဝေးဖြင့် သွားလာလှုပ်ရှားခြင်းမပြုရန်  ကျေးလက်ဒေသနေ ပြည်သူတို့ကိုမေတ္တာရပ်ခံသည့် နည်းလမ်းဖြင့်ထိန်းသိမ်းနေသည်ဟု တအာင်း(ပလောင်)စာပေယဉ်ကျေးမှု(နမ့်ခမ်း)၏ အဖွဲ့ဝင် လွေးအိုင်နော်ဝိုင်းကပြောသည်။

“ကြိုးတစ်ခုကို တင်းနေအောင်ဆွဲရင်တော့ ပြတ်မှာပါ။  နှစ်ဖက်စလုံးက အလျှော့အတင်းညီမှ အဆင်ပြေမယ်” ဟုသူက ဆိုသည်။

အခွန် သို့မဟုတ် ဆက်ကြေး

ရှမ်းပြည်နယ်တွင်  စီးပွားရေးလုပ်သူတို့သည် သက်ဆိုင်ရာနယ်မြေတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တချို့ကို ဆက်ကြေးခေါ် အခွန်ငွေ နှစ်စဉ် ပေးရလေ့ရှိသည်။

နန်းမိုဟွမ်တို့ဆိုင်က TNLA ကို ၂ဝ၁၆ တွင် သုံးသိန်း၊ ၂ဝ၁၇ တွင် ၁၁ သိန်းပေးခဲ့ရသည်ဟုသိရသည်။

၂ဝ၁၇ ငွေကောက်ခံပြီး ပြန်လာသူများအနက် တစ်ဦးအသေမိ၊ တစ်ဦးအရှင်ဖမ်းမိခြင်းမှာ နန်းမိုဟွမ်တို့ ဆိုင်၏ သတင်းပေးမှုကြောင့် ဖြစ်သည်ဟု TNLA က ဖုန်းဆက်ပြီးစွပ်စွဲခဲ့သည်ဟု ဒေသတွင်း သျှမ်းသံတော်ဆင့် သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မည်သည့်အဖွဲ့သို့ မည်မျှပေးရသည်ကို ဒေသခံအချင်းချင်းကြား ထုတ်ပြောလေ့ မရှိကြကြောင်းနမ့်ခမ်းမှ လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကိုပြောသည်။

“နန်းမိုဟွမ်လည်း သူ့လာကောက်ရင်ပေးမှာပဲ၊ ကျွန်တော်တို့လည်းပေးရတာပဲ။  ဘယ်သူ့မှတော့ ဒီအကြောင်း ပေါ်ပေါ်ထင်ထင် မပြောရဲဘူး။ သူတို့စွပ်စွဲသလိုတိုင်ဖို့ဆိုတာ အဝေးကြီး။ အစိုးရကသိရင်လည်း ကျွန်တော်တို့က ပြစ်မှုဖြစ်မယ်။ လက်နက်ကိုင်ကို မပေးပြန်ရင်လည်း အသတ်ခံရမှာစိုးတယ်ဗျာ” ဟု အမည်မဖော်လိုသည့် ထိုလုပ်ငန်းရှင်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်လိုက်သည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နမ့်ဆန်၊ မန်တုံမြို့နယ်တို့ ပါဝင်သည်။ TNLA ၏ လှုပ်ရှားနယ်မြေမှာရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်း၊ နမ်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ စသည့်ပလောင်များနေထိုင်ရာမြို့နယ်များဖြစ်သည်။

နမ်ခမ်းမြို့မှ ဖမ်းဆီးခံထားရသည့် နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရန်အတွက် မိသားစုဝင်များ၊ အရပ်ဘက်အဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့တချို့၊ ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ကတောင်းဆိုထားကြသည်။ နမ့်ခမ်းတွင်လည်း TNLA ကို ဆန္ဒပြခဲ့ကြသည်။

ထိုကဲ့သို့တောင်းဆိုနေကြသော်လည်း TNLA က ကာလကြာရှည် ဆက်လက်ထိန်းသိမ်းထားနိုင်သည့် ဥပဒေပုဒ်မဖြင့် တရားစွဲထားသည်ဟုဆိုသည်။

“ငွေဒဏ်ချဖို့ကတော့ အဆင်မပြေလောက်ဘူး”ဟု TNLA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။

သူ့ကိုစွဲဆိုထားသည့် TNLA ၏ သီးခြားဥပဒေရာဇသတ်ကြီးပုဒ်မ (၃၃၃)သည် ငွေဒဏ် ချမှတ်နိုင်သည့်အပြင် အနိမ့်ဆုံးသုံးနှစ် မှ အမြင့်ဆုံး ၁ဝ နှစ်ထိထောင်ဒဏ် ချမှတ်နိုင်သည်ဟု ဆိုသည်။

ဤအတောအတွင်း အဖမ်းခံထားရသူနှင့် ပတ်သက်ပြီး ဖြစ်ထွန်းမှုတစ်ခုပေါ်ပေါက်လာသည်။

အပစ်အခတ် ရပ်စဲခြင်းမပြုရသေးသော တိုင်းရင်းသားလက်နှက်ကိုင်များစုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီက နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် ‘ဝ’ဌာနချုပ်တွင် လာရောက်ဆွေးနွေးရန် မိသားစုထံပြီးခဲ့သည့်ရက်ပိုင်းအတွင်း အကြောင်းကြားလိုက်သည်။

ထိုကမ်းလှမ်းမှုကြောင့် မိသားစုဝင်တချို့က မြန်မာ -တရုတ်နယ်စပ် ‘ဝ’ဌာနချုပ်ပန်ခမ်း(ပန်ဆန်း) သို့သွားရောက်ရန် ပြင်ဆင်လျက်ရှိသည်။

TNLA အဖွဲ့

ပလောင်အမျိုးသားလက်နက် ကိုင် တော်လှန်ရေးကို ၁၉၆၃ ခုနှစ်တွင် စတင်ခဲ့သည်။ ထိုမှတဖန် ၁၉၇၆ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (PSLA)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးဆွေးနွေးမည်၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည်ဟူသော တပ်မတော်အစိုးရ၏ ကမ်းလှမ်းချက်ကိုသဘောတူပြီး  ၁၉၉၁ တွင် အပစ်အခတ် ရပ်စဲကာ၂ဝဝ၅ တွင် လက်နက်အများအပြားကို အစိုးရထံ အပ်နှံလိုက်ကြသည်။

လက်နက်အပ်ပြီးနောက်ပိုင်းတွင် မျှော်လင့်ထားသည်တို့ ပေါ်ပေါက်မလာသောကြောင့် ၂ဝ၁၁ အောက်တိုဘာတွင် တအာင်းလူငယ် အများအပြား KIA ကချင်လက်နက်ကိုင်အဖွဲ့တွင် စစ်ပညာသင်ယူပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ လှုပ်ရှားမှုများ ယနေ့တိုင် ဖော်ဆောင်လျက်ရှိသည်။

KIA အဖွဲ့၊  ဝတပ်ဖွဲ့၊ တရုတ်နိုင်ငံတို့၏ ထောက်ပံ့မှု ရှိသည်ဟူသော သတင်းများကိုဗိုလ်မှူးတာအိုက်ကျော်က ငြင်းဆိုသည်။

“ကျွန်တော်တို့သည် ဘယ်သူ့အထောက်အပံဘယ်သူ့သြဇာခံနဲ့မှ ရပ်တည်တာမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေ လုပ်တယ်။ တချို့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းထောက်ပံ့လှူဒါန်းပေးတာရှိတယ်။ စီးပွားရေးအောင်မြင်နေတဲ့သူတွေဆီကတော့ အခွန်ကိုတစ်နှစ်မှာ တစ်ခါကောက်လေ့ရှိပါတယ်။ ဆင်းရဲသားလုပ်သားပြည်သူဆီက ကောက်ခံတာတွေမရှိပါဘူး”ဟုသူကဆိုသည်။

နန်းမိုဟွမ်ကိုဖမ်းထားသည့် TNLA ၏ လုပ်ရပ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို အဟန့်အတားဖြစ်စေရုံသာမက လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတို့ ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ကလေးမိခင်ဖြစ်ခြင်းကြောင့် ကလေးသူငယ် အခွင့်အရေးပါ ထိခိုက်နေကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က မှတ်ချက်ပြုသည်။

နန်းမိုဟွမ် သတ်ဖြတ်ခံရပြီးဖြစ်သည်ဟူသော စွပ်စွဲချက်များကိုတော့ TNLA ကငြင်းဆန်ပြီး ကျန်းကျန်းမာမာ ရှိနေသည်ဟု ဆိုသည်။

သူ၏ သမီးလတ် နန်းမွန်ဖွန်အွန်သည် တိမ်းရှောင်နေရသည့် ဖခင်နှင့် ဖုန်းဆက် စကားပြောဆိုနိုင်သော်လည်း မိခင်နှင့် အဆက်အသွယ် မရခြင်းကြောင့် “လူဆိုးများမေမေ့ကို အမြန်ဆုံးလွှတ်ပေးရန်” ဘုရားတွင် နေ့စဉ် ဆုတောင်းသည်ဟုဆိုသည်။

“ခဏနေပြန်လာမယ်”ဟူသော မိခင်၏ နောက်ဆုံးစကားကြောင့်  မိခင် အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသူလည်း ဖြစ်သည်။ မောင်လေးဖြစ်သူနှင့် သူငယ်ချင်းတချို့ကလည်းအမေ ပြန်လာမည့် အချိ်န်ကိုသိလိုကြသဖြင့် တိတိကျကျ တုန့်ပြန်လိုသည်ဟု နန်းမွန်ဖွန်အွန်ကMyanmar Now ကိုပြောသည်။

“ခဏဆိုတာဘယ်လောက်လဲ … အရမ်းကြာသလား”ဟု ကိုးနှစ်သမီးနန်းမွန်ဖွန်အွန်က မေးလိုက်လေသည်။ ။

Mizzima Weekly