မြန်မာပြည် မြောက်ဖျား - ( ၆ )

မြန်မာပြည် မြောက်ဖျား - ( ၆ )

ပထမ မြစ်ကြီးနားရောက်တော့ မိုးတွေက အရမ်းရွာနေတယ် ၊ တည်းတဲ့ဟိုတယ်မှာ ဇိမ်ကျမနေဘဲ မိုးရွာနေတဲ့ကြားထဲကကို မြစ်ဆုံကိုသွားတယ်၊  အခွင့်အရေးရလို့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း နယ်နမိတ်ထဲကိုလည်း ဝင်ခွင့်ရလို့ ဝင်လေ့လာလိုက်တာပေါ့ ။ ဒါပေမယ့် မိုးတွေကအရမ်းကို သည်းနေ တော့ သွားရလာရတာ ဒုက္ခရောက် ၊ မိုးရေတွေစို ၊ ဓာတ်ပုံရိုက်မရနဲ့ဆိုတော့ ဘာတစ်ခုမှ မသေချာ မရေရာတွေဖြစ်နေတာပေါ့ ။ ကျွန်တော်က စိတ်တိုင်းမကျဖြစ်နေတော့ လိုက်ပို့တဲ့တာဝန်ရှိသူက ကျွန်တော်ကို ပူတာအိုကအပြန် နောက်တစ်ခါ ထပ်ပြီးလိုက်ပို့ပေးပါတော့တယ် ။

ကျွန်တော်တို့ ပူတာအိုက အပြန် မြစ်ကြီးနားရောက်တော့ ရာသီဥတုကလည်း သာယာနေတယ် ။ ရာသီဥတု သာယာတာကို ကျွန်တော်တို့က ကောင်းကောင်းအသုံးချပြီး နံနက်စာတောင် မစားဘဲ မြစ်ဆုံဒေသကို သွားခဲ့ပါတယ် ။ နေကလည်း အရင်တစ်ခေါက် နဲ့ဘာမှမဆိုင်ဘဲ တော်တော်ကိုပူပါ တယ် ၊ ရန်ကုန်ရာသီဥတုအတိုင်းပါပဲ ။ကျွန်တော် ဟိုးအရင်က စာအုပ်တွေထဲ မြစ်ဆုံအကြောင်းကို မကြာခဏဖတ်ရပါတယ် ။ မြစ်ဆုံဟာ သာယာလှပကြောင်း ၊ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲ့ပင်မ အသက်သွေးကြောဖြစ်ကြောင်း၊ အနီးပတ်ဝန်းကျင်မှာလည်း ရွှေနဲ့အခြားအဖိုးတန်ရတနာတွေ ထွက်ရှိ ကြောင်း၊ ရေအောက်မှာလည်း သယံဇာတတွေ အမြောက်အများရှိကြောင်း၊ သဘာဝသစ်တောကြီး တွေ ၊ ပန်းမန်တွေနဲ့ အလွန်ကိုလှပသာယာကြောင်း၊ ဌာနေတိုင်းရင်းသားတွေဟာလည်း ရိုးသားဖြူစင် ချစ်စရာကောင်းကြောင်း ၊မြစ်ရေဟာလည်း မှန်သားလို ကြည်လင်အေးမြနေကြောင်း၊ တခါတရံ ကျောက်စိမ်းအရိုင်းတုံးလေးတွေတောင် ကံကောင်းရင် တွေ့နိုင်ကြောင်း၊ အချစ်ဇာတ်လမ်းများလည်း မြစ်ဆုံဒေသမှာရှိတတ်ကြောင်း၊ တကယ်ပင် ကျွန်တော်တို့ ငယ်ငယ်က ရုပ်ရှင်ဇာတ်ကားတွေမှာလည်း တွေ့မြင်ဖူးခဲ့ပါတယ် ။

မေခနဲ့ မလိခမြစ်နှစ်သွယ် ပေါင်းစုံပြီး ဖြစ်ပေါ်လာတဲ့ မြစ်ဆုံနေရာက ဧရာဝတီမြစ်ကြီးကို ကျွန်တော် ရန်ကုန်သားတစ်ယောက် ထောင်ထဲ ၂၃ နှစ်နေပြီး အပြင်လောကရောက်တာ ၅ နှစ်ကျော်ကာလကြာ မှ သေသေချာချာမြင်ခွင့် ကြည့်ခွင့်ရတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဖတ်ခဲ့ မှတ်ခဲ့ ရုပ်ရှင် တွေထဲ မြင်ဖူးခဲ့တဲ့ ပုံတွေနဲ့တော့ ခြားနားနေတာကို စိတ်မကောင်းစွာ ကျွန်တော်မြင်ခဲ့ရတယ်ဆိုရင် စာဖတ်သူ တွေလည်း ငြင်းမှာ မဟုတ်ဖူးဆိုတာ ကျွန်တော်သဘောပေါက်မိပါတယ် ။

လွန်ခဲ့သော ဆယ်စုနှစ်များစွာကာလတုံးက မြစ်ဆုံအနီးတစ်ဝိုက်ကို ချန်လှပ်ထားပြီး မြစ်ဆုံဒေသရဲ့ အထက်ပိုင်းနေရာ တော်တော်များများရဲ့ မြစ်အတွင်းကို စက်ယန္တရားတွေနဲ့ တူးကာ ရွှေတွေရှာကြ၊ အဖိုးတန်ဓာတ်သတ္ထုတွေရှာကြ၊ အကန့်အသတ်မဲ့ သဘာဝပတ်ဝန်းကျင်ကို အလေးအနက်မထား၊ ကိုယ့်အကျိုး ကိုယ့်အဖွဲ့စည်းအကျိုး တစ်ဖက်သတ်ကြည့်ကာ လုပ်ချင်သလိုလုပ်၊ သဘာဝသယံဇာတ တွေကို ယူချင်သလိုယူသွာကြတဲ့ အပေါင်းအပါတစ်စုရဲ့အကြောင်းတွေကိုတော့ ဒီနေရာမှာ ကျွန်တော် ဘာမှ မပြောချင်ပေမယ့်လည်း သဘာဝပတ်ဝန်းကျင် သေချာပေါက်ပျက်စီးသွားတာ၊ဖျက်ဆီးသွားတာ ကိုတော့ ပြောကို ပြောရမှာပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့နိုင်ငံမှာ ဖျက်ဆီးလို့ ပျက်စီးခဲ့ရတဲ့ နေရာတွေ တော်တော်များများရှိပေမယ့် မြစ်ဆုံနဲ့ မြစ်ဆုံပတ်ဝန်းကျင်နေရာတွေကတော့ တော်တော်ကို ပျက်စီး သွားပြီလို့ မြစ်ကြီးနားဒေသခံတွေနဲ့တွေ့တဲ့အခါ ရင်နင့်သီးစွာပြောဆိုသံတွေလည်း ကျွန်တော့နားနဲ့ ဆတ်ဆတ်ကြားခဲ့ရ ပါသေးတယ် ။

ကျွန်တော်ဟာ အခွင့်အလမ်းတစ်ခုကြောင့် နာမည်ကြီးတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနယ်မြေရဲ့ တချို့ အစိတ်အပိုင်းတွေဆီကိုလည်း ရောက်ခဲ့ပြန်ပါသေးတယ် ။ စီမံကိန်းက ရပ်နားထားတာကြာ တော့ တချို့လုပ်လက်စ အစိတ်အပိုင်းတွေတောင် ပျက်စီးယိုယွင်းနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ တိုးတက်တဲ့ အမြင်ရှိတဲ့ ပညာတတ်ကချင်တိုင်းရင်းသား အချို့နဲ့လည်း မြစ်ဆုံကိစ္စကို စကားပြောခွင့် ဆွေးနွေးခွင့်ရခဲ့ပါသေးတယ် ။ သူတို့က မြစ်ဆုံဆည်ဆောက်ပြီး ရေအားလျှပ်စစ်ဓာတ်အား ထုတ်မှာ ကို ကန့်ကွက်ကြပါတယ် ။ ဘာကြောင့်ကန့်ကွက်ကြသလည်း ဆိုတာရဲ့ အကြောင်းပေါင်းစုံထဲမှာ အားလုံးတညီတညွတ်ထဲ ကန့်ကွက်မှုကတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ ပွင့်လင်းမြင်သာမှု လုံးဝမရှိတာကြောင့်ပဲ ဖြစ်ပါတယ် ။

တိုင်းပြည်တိုးတက်ရေးကို တိုင်းရင်းသားတွေက လိုလိုလားလားရှိ ပေမယ့်၊ ဘယ်လိုလုပ်ရင် ဘာတွေ ဖြစ်နိုင်တယ်၊ ဘာတွေဖြစ်လိမ့်မယ်၊ ဘယ်လိုကောင်းကျိုးတွေရမယ် ၊ ဆိုးကျိုးတွေကို ဘယ်လိုကာ ကွယ်မယ်၊ ငါးမျိုးစိတ်တွေကို ဘယ်လိုထိန်းသိမ်းမယ်၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဘယ်လိုလုပ် မယ်၊ တိုင်းရင်းသားတွေရဲ့ အရေးကို ဘယ်လိုဆောင်ရွက်မယ်၊ အကျိုးအမြတ်က ဘယ်လို၊ သဘာဝ ပတ်ဝန်းကျင်က ဘယ်မတိုင်းအတာ၊ ဘယ်လိုမွန်းမံမယ်၊ ပြင်ဆင်မယ် စသည် စသည် တို့တွေကို ဒေသခံပြည်သူတွေနဲ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ပွင့်ပွင့် လင်းလင်းချမပြလို့ ကန့်ကွက်ကြတာကို တွေ့ရှိရပါတယ် ။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်နားလိုက်တာကြောင့် စီမံကိန်းဝင်းထဲမှာတော့ အဆောက်အဦ တော်တော်များများဟာ ယိုယွင်းပျက်စီးနေတာကိုတွေ့ရပါတယ် ။ ဝန်ထမ်းလိုင်းခန်းတွေဟာလည်း စုတ်ပြတ်သပ်နေပြီး စီမံကိန်းအတွက် အထောက်အကူပြုမယ့် ဧရာဝတီမြစ်ဖြတ်ကူး ဆောက်လက်စ တံတားကြီး တစ်စင်းဟာလည်း ထီးထီးကြီး အဓိပ္ပါယ်မဲ့စွာ တွေ့ခဲ့ရပါသေးတယ် ။ ကျွန်တော်တို့ ကား မောင်းသွားတဲ့ ကွန်ကရစ်လမ်းက အသစ်ကြီးဖြစ်ပေမယ့်လည်း အသုံးမပြုဘဲ မထိန်းသိမ်းတာ ကြာလို့ လမ်းဟောင်းကြီးလိုဖြစ်နေပြီး ဘေးတစ်ဖက်တစ်ချက်မှာလည်း ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ကြည့်ရတာ တော့ မျက်စိ ပသာဒ မရှိလှပါဘူး။ ထိန်းသိမ်းမှုမရှိလို့ ပျက်စီးနေတဲ့ ယာဉ်ယန္တရားတွေထားတဲ့ ကွင်းပြင်ကြီးတွေ ၊ ကွန်တိန်နာတွေထားတဲ့ ကွင်းပြင်ကြီးတွေကိုလည်း အခွံချည်းသက်သက် အလေ့ ကျပေါက်ပင်တွေ ပေါက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ စက်ယန္တရားကြီးတွေ ၊ ကွန်တိန်နာတွေကို တော့ သူတို့ (တရုတ်)တွေ သူတို့တိုင်းပြည်ကို ပြန်သယ်သွားကြတယ်လို့လည်း ကြားရပါတယ်။ ကျွန်တော် စိတ်အဝင်စားဆုံးနေရာကတော့ ဧရာဝတီမြစ်ကြီးကို ဆည်ပိတ်မယ့်နေရာ တာတမံ ပိတ် မယ့်နေရာ လျှပ်စစ်ဓာတ်အားထုတ်မယ့်နေရာပဲ ဖြစ်ပါတယ် ။   ။

သန့်ဇော် (သန်လျင်)

Mizzima Weekly