အကျိုးစီးပွား၊ သေနတ်သမားတချို့နှင့် ရန်ကုန်မှမြေလုပွဲများ

အကျိုးစီးပွား၊ သေနတ်သမားတချို့နှင့် ရန်ကုန်မှမြေလုပွဲများ
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းပစ်ခတ်မှုတစ်ခုတွင် သေဆုံးသွားသူခင်မောင်လွင် (ခ) ဝကြီး၏ ဓာတ်ပုံ၊ ပန်းအိုး၊ ရေခွက်တို့ကိုသူ၏ နေအိမ် စားပွဲတွင် ပြင်ဆင်ထားသည် (ဓာတ်ပုံ - Myanmar Now)

ရန်ကုန်အနောက်ပိုင်းမြေကွက်ကြီးများသည် ခြံခတ်မှုအတွက်ပင်  သိန်းရာနှင့့်ချီပေါက်စျေးရှိနေပြီးပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ပစ်ခတ်ဖြေရှင်းခြင်းတို့လည်း ပါဝင်နေသည်။

ရန်ကုန်အနောက်ပိုင်း လှိုင်သာယာမြို့နယ်တွင် မြေလုပွဲများကို သေနတ်ဖြင့်ဖြေရှင်းကြသည့် အခြေအနေအထိ ဆိုက်ရောက်လာသည်။

၅၆နှစ်အရွယ် ခင်မောင်လွင် (ခ) ဝကြီးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းပဒံကျေးရွာ၊ ဆန်စက်လမ်းရှိသူ၏ နေအိမ်တွင်သေနတ်သမားတချို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

သေနတ်သမားတို့က ခြံစည်းရိုးခတ်ခလက်ကျန်ငွေ သိန်းသုံးရာကျော် လာရောက် တောင်းခံရစဉ်  ဝကြီးကိုအနီးကပ် ပစ်သတ်ခဲ့သည်၊  ယင်းနောက် အောင်မင်းဦးဆိုသူကို လက်ထိပ်ခတ်ကာ ဖမ်းခေါ်သွားသည်ဟု ရဲနဲ့ မျက်မြင်သက်သေတစ်ဦးက ပြောသည်။

Myanmar Now ကဖတ်ရှုခွင့်ရခဲ့သည့် လုံခြုံရေးတပ်ဖွဲ့တစ်ခု၏ ကနဦးအစီရင်ခံစာတစ်စောင်တွင် ခြံစည်းရိုးခတ်ခအဖြစ်  သိန်းရဝပေးချေထားပြီး ကျန်ငွေသိန်း ၃၃ဝနှင့်ပတ်သက်ပြီး အခြေအတင် ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

ယခုအခင်းဖြစ်ပွားသည့် နေရာသည် ဒေသခံလယ်သမားတချို့၊ လွှတ်တော်အမတ်ဟောင်းတစ်ဦးနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နေရာဖြစ်ကြောင်းဒေသခံတို့က ဆိုသည်။

 

ကရင်ပြည်နယ်မှ ခြေဆန့်လာသူများ

အခင်းဖြစ်ပွားချိန်တွင် အတူရှိနေခဲ့သည့် ကိုသန်းဇော်က သေနတ်သမားများနှင့် ၄င်းတို့ဖမ်းခေါ်သွားခဲ့သူ အောင်မင်းဦးတို့ကသာ သိကျွမ်းကြခြင်းဖြစ်သည်၊ ဝကြီးနှင့် သိကျွမ်းခဲ့ခြင်းမရှိ၊  ငွေစာရင်းရှင်းစရာလည်း မရှိသော်လည်း ဝင်ရောက်ဖြေရှင်းရာမှ ကြားညပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အောင်မင်းဦးသည် ကရင်ပြည်နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ်တစ်ခု၏ တပ်ဖွဲ့ဝင်တစ်ယောက်ဟု မကြာခဏထုတ်ဖော်ပြောဆိုခဲ့ကြောင်းကို သန်းဇော်ကပြောသည်။ တစ်ခါတရံတွင် ကရင်အမျိုးသားအစည်းအရုံးတွင် တပ်ဖွဲ့ဝင်ဖြစ်ဖူးသည်ဟုလည်း ပြောသည်ဟုဆိုသည်။

သေနတ်သမားများသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ရမှတပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ဟု အောင်မင်းဦး၏ ပြောစကားများအား ကိုးကားပြီးကိုသန်းဇော်က ပြောသည်။

သို့သော် KNU တပ်မဟာ(၇) ပြောရေးဆိုခွင့်ရှိသူကမူ ဖမ်းဆီးခံရသူများသည် ၄င်းတို့၏ တပ်သားများမဟုတ် ဟုဆိုသည်။

"ဒီလိုနာမည်ခံပြီး လုပ်တာတွေကများနေတော့ ရိုးတောင်နေပြီ။ တချို့က လက်နက်တွေကို နယ်စပ်ကဝယ်ပြီးတော့ KNU အမည်ခံပြီးလုပ်စားနေကြတာ စိတ်ပျက်စရာပဲ"ဟုကရင်ပြည်နယ် ဘားအံအခြေစိုက် KNU ဆက်ဆံရေးရုံးတာဝန်ခံ စောအယ်ထီးကပြောသည်။

ကိုသန်းဇော်သည် အခင်းမဖြစ်ပွားမီ နာရီပိုင်းအလိုကမှ ယင်းအိမ်သို့ရောက်ခဲ့ခြင်းဖြစ်ပြီး သူရောက်ချိန်တွင်  အောင်မင်းဦး၊ သူ၏အစ်ကိုကဲ့သို့ ရင်းနှီးခဲ့သည့် မိတ်ဆွေ ဝကြီးတို့လည်းရှိနေခဲ့သည်။ သေနတ်သမားတို့သည် စာသင်ကျောင်း၊ စက်ရုံများ၊ လူနေအိမ်များကြားတည်ရှိသည့် ပေ ၂ဝဝပတ်လည်ခန့် ခြံထဲမှ အဆိုပါ အိမ်ဆီသို့ နံနက် ၁၁နာရီခွဲခန့်တွင် ရောက်လာခဲ့သည်ဟု ကိုသန်းဇော်ကပြောသည်။  ၄င်းတို့သည် အိမ်ရှေ ့ကွန်ကရစ်လမ်းပေါ်ရပ်ထားသည့် တက္ကစီပေါ်မှ ဆင်းလာကြခြင်းဖြစ်ပြီး ကားပေါ်တွင် အနည်းဆုံး ၂ ဦး ကျန်ခဲ့သည်၊ လူ ၇ ယောက် ပါဝင်လာဖွယ်ရှိသည်ဟု အိမ်နီးနားချင်းတချို့က ခန့်မှန်းသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယာဉ်မောင်းနှင့် ယာဉ်ကို သေနတ်သမားတို့က ငါးသောင်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုသန်းဇော်က လူ ၂ ယောက် သည် အဝင်အထွက်လမ်းများကို စောင့်ကြည့်ခဲ့ပြီး  ၃ ယောက်သည် အောင်မင်းဦးကို သေနတ်ဒင်များဖြင့် ထုနှက်ကာပိုက်ဆံချက်ခြင်း ထုတ်ပေးရန် တောင်းဆိုခဲ့သည်ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းပစ်ခတ်မှု ဖြစ်ပွားသည့်နေအိမ် (ဓာတ်ပုံ - Myanmar Now)

“(သေနတ်ဒင်နဲ့) မထုခင်မှာ အောင်မင်းဦးကို မင်းပိုက်ဆံတွေ ဘယ်လိုလုပ်မလဲဆိုပြီးမေးတော့ ကိုဝကြီးက ဖုန်းဆက်ပြီး တောင်းပေမယ် သူ့ကိုတော့ မလုပ်ပါနဲ့ဆိုပြီး ဝင်ပြောတယ်။ သူတိို့ကဒီကောင်ရှုပ်တဲ့ အရှုပ််ဆိုပြီးတော့ အောင်မင်းဦးကိုထိုးတယ်” ဟုကိုသန်းဇော်ကပြောသည်။

သေနတ်သမားများနှင့် စောအောင်မင်းဦးတို့သည် ကရင်စကားဖြင့်အပြန်အလှန် ပြောဆိုခဲ့ကြပြီးနောက် ကြားဝင်ဖြေရှင်းပေးရန် ကြိုးစားသည့် ဝကြီးကို အနီးကပ်ပစ်ခဲ့သည်ဟု ၄င်းကဆိုသည်။

မျှော်လင့်မထားသော သေနတ်သံ ၂ ချက်ကို အနီးရှိ အထည်ချုပ်စက်ရုံမှ “ဗျောက်အိုးဖောက်သံ” များ ဖြစ်သည်ဟု ဒေသခံတို့က ထင်ခဲ့ကြကြောင်း Myanmar Now သတင်းထောက်များအားလိုက်လံပို့ဆောင် ပေးသည့် အပြင်ပဒံကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမားက ပြောသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ သေနတ်သမားများထဲတွင်  တွံတေးမြို ့ မင်းပိုင်းရပ်ကွက်မှ ၃၉နှစ်အရွယ် စောလမွန်(ခ) ကိုစောဆိုသူ ပါဝင်သည်။

၎င်းတို့သည် ဝကြီးကို ပစ်ခတ်ခဲ့ပြီးနောက် အောင်မင်းဦးကို ဖမ်းဆီးခေါ်ဆောင်ကာ မအူပင်မြို့ဘက်သို့သွားသည့်ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့သည်ဟု ရဲကဆိုသည်။

ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်း ရဲကအခင်းဖြစ်ပွားခဲ့သည့်နေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် သေနတ်သမားများအား ယာဉ်မောင်းမှတဆင့် ခြေရာခံခဲ့သည်။

အခင်းဖြစ်ပြီး ၃နာရီခွဲခန့်အကြာတွင် သေနတ်သမားများ ဖမ်းဆီးသွားသည့် အောင်မင်းဦးကိုရဲက တွံတေးမြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း ဒဏ်ရာများနှင့် ရှာတွေ့ခဲ့သည်ဟု သိရသည်၊ နောက်တစ်နေ့တွင် အောင်မင်းဦး ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်။

စျေးကြီးလှသည့် ခြံစည်းရိုးခတ်ခများ

လှိုင်သာယာမြို ့နယ်မှ ခြံစည်းရိုးခတ်ခများသည် သိန်းရာချီတန်ကြေးပေါက်သည်။

ဒေသခံများက “ခြံစည်းရိုးခတ်ခ” ဆိုသည်ထက် “ခြံစည်းရိုးခတ်ရန်အတွက် လုံခြုံရေးကြေး” ဟုခေါ်ဆိုလျှင် ပိုမိုသင့်တော်မည်ဟု ပြောကြသည်။

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နေရာကို ခြံခတ်ပါကဆန့်ကျင်ဘက် အုပ်စုတစ်စုက ဝင်ရောက် မနှောင့်ယှက်ရန် အတွက် လူတချို့က လုံခြုံရေးဝန်ဆောင်မှုပေးကြသည်မှာ မထူးဆန်းသည့် ကိစ္စဖြစ်နေကြောင်း လှိုင်သာယာဒေသခံများက ဆိုသည်။

ယင်းနေရာကို လွန်ခဲ့သည့်ရက်အနည်းငယ်က သေနတ်သမားများ ဦးဆောင်သည့် ဒါဇင်နှင့်ချီသောသူတို့က ခြံလာခတ်ကြကြောင်း ဒေသခံများကပြောသည်။

လက်နှက်ကိုင်အဖွဲ့ ပါဝင်ပတ်သက်ကြောင်းဖော်ပြထားသည့် ကြော်ငြာဆိုင်းဘုတ် (ဓာတ်ပုံ - Myanmar Now)

ခြံစည်းရိုးခတ်ကြစဉ်က “ကရင်အမျိုးသားအစည်းအရုံး - KNU” အလံနှင့် “ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးအဖွဲ့ - မြဝတီခရိုင်” ဟူသော ဆိုင်းဘုတ်များ ထောင်ခဲ့ကြသော်လည်း ရက်အနည်းငယ်အတွင်း ပြန်ဖြုတ်ချခဲ့သည်။

လယ်သမားများက တောင်းဆိုသောကြောင့် သူတို့လာရောက် အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်းလည်း အဆိုပါဆိုင်းဘုတ်တွင် ရေးသားထားသည်။

၄င်းတို့သည် ဆေးရုံတွင်သေဆုံးသွားသည့် အောင်မင်းဦး ၏ အဆက်အသွယ်ဖြင့် ရန်ကုန်ကိုရောက်လာခဲ့ပြီး ခြံခတ်ရန်အတွက် လုံခြုံရေးတာဝန်ယူသူများဖြစ်သည်ဟု ကိုသန်းဇော်က ဆိုသည်။

အဆိုပါ မြေနေရာကိုခြံခတ်ရန်အတွက် ရန်ကုန်အခြေစိုက် ဝါဝါဝင်းကုမ္ပဏီကလည်း မကြာခဏကြိုးစားခဲ့သည်ဟု ဒေသခံများနှင့် ကိုသန်းဇော်၏ အဆိုအရသိရသည်။

“ဝါဝါဝင်းက ပို်က်ဆံပေးမယ်ဆိုပြီးတော့ ခြံခတ်ခိုင်းတာ။  ခြံဘယ်တုန်းကခတ်လဲဆိုတာတော့ မသိလိုက်ဘူး။ ဒါကသူတို့ ဖြစ်ပြီးတော့မှ ကျွန်တော်သိရတာ။  ကျွန်တော်ကိုလည်း CID ကလည်း ခေါ်စစ်ထားတယ်။  ကျွန်တော်လည်း ဖြေပေးထားတယ်” ဟုကိုသန်းဇော်က ပြောသည်။

သို့သော် သေနတ်သမားများ၊ သေဆုံးသူများနှင့် ဝါဝါဝင်းကုမ္ပဏီတို့ အကြား ဆက်နွယ်မှုရှိ မရှိကို Myanmar Now ကသီးခြားအတည်ပြုချက် မရသေးပါ။

အငြင်းပွားဖွယ်ရာ မြေနေရာအနီးရှိ ဆောက်လုပ်ရေးဆိုင်းဘုတ်တစ်ခုတွင် အိမ်ရာစီမံကိ်န်းတစ်ခုအတွက် ဧက ၃ဝဝကျော်ကို Royal Lotus ကုမ္ပဏီက ရန်ကုန်စည်ပင်ခွင့်ပြုချက်ဖြင့် ခြံခတ်နေသည်ဟု ဖော်ပြထားသည်။  ဝါဝါဝင်းနှင့် Royal Lotus တို့သည် ရန်ကုန်လသာမြို ့နယ်ရှိအဆောက်အအုံ တစ်ခုတည်းတွင် ရုံးဖွင့်ထားသည်။

Myanmar Now က အဆိုပါရုံးများကို သွားရောက်မေးမြန်းရာ မှတ်ချက်ပေးရန်ငြင်းဆန်ကြသည်။

လှိုင်သာယာမြို ့နယ် သောင်ကြီး ရဲစခန််းမှုးရဲအုပ်မြင့်ဇော်ဦးက ရဲတပ်ဖွဲ့က ဝါဝါဝင်းနှင့် Royal Lotus ကုမ္ပဏီဘက်ကို ခေါ်ယူမေးမြန်းကြောင်း အတည်ပြု ခဲ့သော်လည်း အသေးစိတ်ပြောကြားရန် ငြင်းဆန်ခဲ့သည်။

ရှုပ်ထွေးလှသည့် အဆိုပါအမှုကိုရန်ကုန် အင်းစိန်မှ CID မှုခင်းရဲတပ်ဖွဲ့က ကိုင်တွယ်နေကြောင်းသိရသည်။

လာမည့်ရက်အနည်းငယ်အတွင်း စစ်ဆေးမှုများပြီးဆုံးပါက အဖြေပေါ်မည်ဟု လှိုင်သာယာမြို ့နယ် သောင်ကြီးရဲစခန််းမှုး ရဲအုပ်မြင့်ဇော်ဦးက Myanmar Now ကို ပြီးခဲ့သည့် သောကြာနေ့ကပြောကြားခဲ့သည်။

လှိုုင်သာယာမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဦးမြတ်မင်းသူက ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ယင်းနေရာသည် လယ်ယာမြေအငြင်းပွားမှု မကြာခဏပေါ်ပေါက်လေ့ရှိသည့် နေရာဖြစ်ကြောင်း ပြောသည်။ ပစ်ခတ်မှုတွင်နောက်ကွယ်မှ ပြဿနာများရှိနေနိုင်ကြောင်း ၄င်းက ခန့်မှန်းထားပြီး ဖြစ်စဉ်အစအဆုံး သိရှိရန် ရဲ၏ ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေသည်ဟုပြောသည်။

"ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာတော့ ရှုပ်ထွေးတဲ့ကိစ္စတွေ ရှိနေနိုင်သေးတယ်။ ဒါတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ရင်တော့ သိရမှာပေါ့" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။    ။

Mizzima Weekly