တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

မနေ့တုန်းက ကဗျာဆရာဝင်းလတ်ရဲ့ မျက်လှည့်ဆရာကြီးရဲ့မယား ကဗျာကို အနည်းငယ်ခွဲခြမ်းစိတ်ဖြာပြီး ကဗျာဆရာ့နည်းပရိယာယ်ကို ရှင်းပြခဲ့ပါတယ်။

ဒီတုန်းကလည်း ကဗျာဆရာဝင်းလတ်ကို ထောက်ခံအားပေးသူ သနားကျင်နာသူတွေရှိခဲ့သလို ဆန့်ကျင်ရှုတ်ချတဲ့သူတွေလည်း ရှိခဲ့တာပါပဲ။ ဝင်းလတ်ကြောင့် ဝင်းလတ်က မဆင်မခြင်ရေးလို့ တခြားဂျာနယ်တွေပါ အပိတ်ခံရတာဖြစ်တယ်။ အာဏာရှင်ကိုဆန့်ကျင်ပြီးကဗျာရေးလို့ဘာထိရောက်မှာလည်း၊ ထောင်နှစ်နှစ်ကျခံရတာနည်းတောင်နည်းသေးတယ်၊ စာပေနယ်မှာ နိုင်ငံရေးဝင်ရှုပ်တဲ့သဘောမို့ မလုပ်သင့်ဘူး အစရှိတဲ့အမြင်နဲ့ ဆန့်ကျင်ကြသူတွေ ရှိခဲ့တာပါပဲ။

တကယ်တော့ သေသေချာချာလိုက်ပြီးလေ့လာရင် ဘယ်နိုင်ငံမှာမဆို မှားယွင်းတဲ့အုပ်ချုပ်မှုနဲ့ အုပ်ချုပ်တဲ့အစိုးရတွေကို ဒါမှမဟုတ် အစိုးရတွေက အဂတိလိုက်စားပြီး ကိုယ်ကျိုးစီးပွားလုပ်ကြတယ်ဆိုရင် စာပေနယ်ပယ်က စာပေပညာရှင်တွေဟာ ဒီအတိုင်း လက်ပိုက်ပြီးကြည့်နေလေ့မရှိပါဘူး။ အဲဒိီလိုအစိုးရတွေကို ဆန့်ကျင်ဖွင့်ချတဲ့စာပေတွေ ရေးနေကြ ရေးခဲ့ကြတာပါပဲ။ မှားယွင်းစွာအုပ်ချုပ်တဲ့အစိုးရတွေကလည်း အဲဒီလိုစာပေပညာရှင်တွေကို နည်းမျိုးစုံ စောင့်ကြည့်ပြီး ဒုက္ခပေးခဲ့ကြတာပါပဲ။ ဒီလိုအဖြစ်အပျက်တွေဟာ ခေတ်တိုင်းခေတ်တိုင်းမှာ ကြုံခဲ့ကြရတာပါပဲ။

ဒိနောက်ပိုင်း ဒီနိုင်ငံမှာ စာပေပညာရှင်တွေဟာ ပြည်သူတွေရဲ့နစ်နာမှုတွေနဲ့ အုပ်စိုးသူအစိုးရတွေရဲ့ မှားယွင်းဖေါက်ပြန်မှုတွေကို နောက်တွန့်သွားတယ်ရယ်လို့မရှိဘဲ အမျိုးမျိုးနည်းပရိယာယ်သုံးပြီး ဆက်လက်ရေးသားနေခဲ့ကြတာပါပဲ။ ဥပမာ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့သူတွေကို လူအုပ်နဲ့ ၀ိုင်းဝန်းလုပ်ကြံခဲ့ကြတဲ့အကြောင်း ဘယ်စာနယ်ဇင်းမှာမှဖေါ်ပြလို့မရတဲ့အချိန် ကဗျာဆရာ တစ်ယောက်က ဒီပရင်္ဂ ဆိုတဲ့ခေါင်းစဉ်နဲ့ ပရိယာယ်သုံးပြီး ကဗျာရှည်တစ်ပုဒ် ရအောင်ရေးခဲ့တာမျိုး၊ တခါ စစ်အာဏာရှင်ထိပ်သိီးခေါင်းဆောင်ကိုပဲ နာမည်တပ်ပြီး ပြောင်အတိအလင်းဆန့်ကျင်ရှုတ်ချတဲ့ကဗျာကို ဖေဖေါ်ဝါရီ ဆယ့်လေး ဆိုတဲ့ခေါင်းစဉ်နဲ့ ပညာသားပါပါလှည်ပတ်ပြီး ဝင်္ကဝုတ္တိအလင်္ကာနဲ့ရေးခဲ့တာမျိုးတွေ ရှိခဲ့တာပါပဲ။

အဲသလို စာပေပညာရှင်တွေ ပေါ်ပေါက်လာရင်လည်း အုပ်စိုးသူအစိုးရတွေက သီးခံခွင့်လွှတ်ပြီး အမြင်ကျယ်ကျယ်နဲ့ တုန့်ပြန်တာမျိုးလုပ်လေ့လုပ်ထမရှိဘဲ အငြိုးအတေးကြီးစွာ ရက်ရက်စက်စက် တုန့်ပြန်ခဲ့ကြတာချည်းပါပဲ။ အဲသလိုအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဆိုရင် မတူတဲ့အမြင်တွေကိုလည်း တိုင်းပြည်က ကြားလာကြရတာချည်းပါပဲ။

ဝမ်းနည်းဖို့ကောင်းတာက ဒီတိုင်းပြည်မှာအဲသလို အများပြည်သူအကျိုးအတွက် စာပေရေးသားကြတဲ့ စာပေပညာရှင်တွေကို လူတွေက ချီးကျူးကြလေးစားကြပေမယ့် အုပ်စိုးသူမျက်နှာတစ်ခုထဲကိုပဲကြည့်ပြီး အုပ်စိုးသူဘက်ကရပ်တည်တဲ့အမြင်တွေ ကြားကြရတဲ့ကိစ္စဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် ဟိုယခင်တုန်းကတော့ အဲသလို မှားယွင်းတဲ့အစိုးရတွေဘက်က ရပ်တည်တဲ့အမြင်ကို အခုအချိန်လောက် ပြောင်ပြောင်တင်းတင်း ထုတ်ဖေါ်မပြောရဲခဲ့ကြပါဘူး။ လူထုရှေ့မှောက်ထွက်ရပ်ပြီးမှ မပြောရဲခဲ့ကြပါဘူး။ အခုတော့ အဲသလိုမဟုတ်တော့ပါဘူး။ မှားယွင်းမှုတွေကို လူထုကမနှစ်သက်မှန်းသိပေမယ့် လူထုကြီးနစ်နာ တိုင်းပြည်နစ်နာနေမှန်း သိပေမယ့် မှားယွင်းတဲ့ဘက်ကရပ်တည်တဲ့အမြင်ကို ပြောင်ပြောင်တင်းတင်း ထုတ်ဖေါ်ပြောရဲလာနေတဲ့အခြေအနေဟာအင်မတန် ထိတ်လန့်ဖွယ်ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

အခုဆိုရင် လူသတ်သမားတွေနဲ့ မုဒိမ်းသမားတွေကိုပင်လျင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြောင်ပြောင်တင်းတင်း ထောက်ခံပြောဆိုုကြ အသတ်ခံရသူကိုပင်လျင် မကြားဝံ့မနာသာအောင် ဆဲဆိုပစ်တင်ပြောဆိုလာနေကြတာ တွေ့နေကြရပါတယ်။ နောက်ဆုံး အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်သူကိုပင်လျင် ထောက်ခံပြောဆိုလာတဲ့အထိ အခြေအနေက ဆိုးဝါးလာနေပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ဒီနို်င်ငံမှာ တရားဥပဒေက မထိရောက်တော့တဲ့ သဘောပါပဲ။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က တချိန်တုန်းက ပြည်သူတွေအတွက်အကျိုးရှိအောင်ဆောင်ရွက်ကြတဲ့ စာပေပညာရှင်တွေကို ဟို အာဏာရှင်နိုင်ငံကြီးတနိုင်ငံမှာလုပ်သလို အစိုးရဝါဒဖြန့်ချိရေးဌာနတွေကနေပြီး အဲဒီစာရေးဆရာတွေရဲ့ ကိုယ်ရေးကိုယ်တာတွေနဲ့ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ အစိုးရစာနယ်ဇင်းတွေကတဆင့် ရစရာမရှိအောင် ၀ိုင်းဝန်းတိုက်ခိုက်ရေးသား တုန့်ပြန်ဝါဒဖြန်ခဲ့ကြတဲ့နည်းကို ဒီနိုင်ငံမှာလည်း စစ်အစိုးရအဆက်ဆက် တောက်လျောက်အသုံးပြုခဲ့တဲ့အချက်ဖြစ်ပါတယ်။ အဲသလို ၀ိုင်းဝန်းအပြစ်ရှာ ဆန့်ကျင်ကြသူတွေကိုလည်း အာဏာပိုင်အဆက်ဆက်က အကျိုးအမြတ်အခွင့်အရေးတွေ တဖက်က ပေးကမ်းချီးမြှင့်ထောက်ပံ့ပေးခဲ့ကြပါတယ်။ အခုတော့ အဲသလို ပေးကမ်းချိီးမြှင့်ထောက်ပံ့မှု အရှိန်မဟုန်ဟာ အမြင့်ဆုံးအချိန်ရောက်လာနေတဲ့သဘော ပြောလို့ရပါတယ်။

ဒါကြောင့်မို့ လူငယ်တွေဟာ သမိုင်းရဲ့ထူးခြားချက်တွေ သမိုင်းရဲ့သဘောသကန်တွေနဲ့ သမိုင်းရဲ့နှိုင်းယှဉ်စဉ်းစားမှုတွေကို အထူးအလေးအနက်ထားလေ့လာကြ စဉ်းစားကြရမယ့်သဘောဖြစ်ပါတယ်။

အခု အသက် ၄၀ အောက်လူငယ်တွေဟာ သူတို့ဘဝမှာ အစိုးရဆိုတာ စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အစိုးရမျိုးကိုသာ တွေ့ဖူးဖြတ်သန်းဖူးတာဖြစ်လို့ ဒီအဖြစ်အပျက်တွေနဲ့ ဒီသမိုင်းတွေကို ကံဆိုးစွာပဲ ထိတွေ့နီးစပ်ဖို့ အခြေအနေမပေးခဲ့တာမို့ သမိုင်းရဲ့တကယ့်အနှစ်သာရတွေကို လက်လှမ်းမမီဖြစ် နေတတ်ပါတယ်။ လူဆိုးနဲ့လူကောင်း ရောနှောပြီး မြင်နေတတ်ပါတယ်။ လူနဲ့စနစ် ခွဲပြီးမမြင်နိုင်အောင် ဝေးနေတတ်ပါတယ်။

ကဲ ဒီကနေ့တော့ “တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ” ခေါင်းစဉ်နဲ့ရေးနေတဲ့အကြောင်းအရာကို ဒီမှာတွင် နိဂုံးချုပ်လိုက်ပါတယ်။ နောက်တကြိမ် ပြန်ဆုံကြတဲ့အခါ စကားပြေအရေးအသား အမှားပြဿနာခေါင်းစဉ်အောက်မှာ ပြန်တွေ့ကြတာပေါ့။

လူငယ်များ သမိုင်းဗဟုသုတ ပြည့်စုံကြွယ်ဝနိုင်ကြပါစေ။

Mizzima Weekly