ခုလတ်တလောအနေနဲ့ကလေးလည်းမလိုချင်သေး၊ ဒါပေမယ့် ကွန်ဒုံးလည်းမသုံးချင်၊ ခန္ဓာကိုယ်အတွင်းပစ္စည်းထည့်သွင်းခြင်း၊ ခွဲစိတ်ခြင်းများလည်းမလုပ်ဆောင်ချင်ဖြစ်နေပါသလား။ ထိုအချိန်မျိုးမှာ တားဆေးထိုးဆေးသုံးဖို့စဉ်းစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထိုနည်းကိုမသုံးခင်မှာ အောက်ပါအခြေခံအချက်အလက်လေးတွေကိုတော့ သေချာဖတ်ထားသင့်ပါတယ်။
တားဆေးထိုးဆေးဆိုတာဘာလဲ
ဒတ်ပို လို့အလွယ်ခေါ်နေကြတဲ့ တားဆေးထိုးဆေးဟာ progestogen လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါသော Medroxyprogesterone ထိုးဆေးဖြစ်တယ်။ တားဆေးနှစ်မျိုးရှိပါတယ်- Depo-Provera နဲ့ Depo-Ralovera တို့ဖြစ်တယ်။
တားဆေးထိုးဆေးတွေကဘယ်လိုအလုပ်လုပ်တာလဲ
သင့်ခန္ဓာကိုယ်ထဲကိုဆေးထိုးလိုက်ခြင်းက လက်မောင်းမှာဆေးမြှုပ်ထားခြင်းလိုပဲ ပုံစံတူအလုပ်လုပ်ပါတယ်။ ထိုးဆေးကိုဆရာဝန်မှကိုယ်ဝန်မရှိကြောင်းအတည်ပြုပြီးပါက အချိန်မရွေးထိုးလို့ရတယ်၊ ၁၂ ပတ်မှ ၁၄ ပတ်လောက်ထိခံပါတယ်။
အောက်ပါတို့ကိုလုပ်ဆောင်ခြင်းဖြင့် အာနိသင်ရှိတယ်-
• လစဉ်သားဥကြွေခြင်းကိုတားဆီးခြင်း
• သားအိမ်အဝမှအကျိအချွဲများကိုထူစေခြင်းဖြင့် သုတ်ပိုးများသားအိမ်တွင်းဝင်ကာသားဥနဲ့တွေ့ဆုံခြင်းကိုတားဆီးပါတယ်။
• သားအိမ်နံရံများကိုပါးခြင်းဖြင့် သားအောင်သွားသော သားဥများတွယ်ကပ်နိုင်ခြင်းကိုတားဆီးပါတယ်။
ရာသီသွေးစချိန် ၅ ရက်အတွင်းမှာဆေးထိုးရင်တော့ ချက်ခြင်းအာနိသင်ပြပြီး ချက်ခြင်းကိုယ်ဝန်ရနိုင်ချေကိုတားပေးပါတယ်။ ကလေးမီးမဖွားစဉ် သို့ မီးဖွားပြီး ၃ ပတ်အကြာမှာထိုးရင်လည်း ချက်ခြင်းအာနိသင်ပါတယ်။
ဘယ်သူတွေထိုးနိုင်လဲ
အများအားဖြင့်ထိုးနိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေရှိရင်တော့ ထိုနည်းလမ်းက သင့်အတွက်သင့်လျော်မှာမဟုတ်ပါဘူး။
• ကိုယ်ဝန်ရှိနေတယ်ထင်ပါက
• ရာသီသွေးမမှန်ခြင်းကိုမလိုလားပါက
• ကာမဆက်ဆံပြီးသွေးထွက်ပါက
• နှလုံးရောဂါရှိဖူးပါက သို့ လေဖြတ်ဖူးပါက
• သွေးခဲတတ်ပါက
• ရင်သားကင်ဆာရှိပါက
• အသည်းရောဂါရှိပါက
• ဆီးချိုသွေးချိုရှိပြီး ရောဂါဒဏ်ခံစားနေရပါက
• အရိုးပါးနိုင်ချေများပါက
ဘယ်လိုဆေးထိုးရသလဲ
တင်ပါး သို့ လက်မောင်းနေရာမှာ ဆေးထိုးရပါတယ်။ ၃ လတစ်ခါထိုးဖို့လိုပါတယ်။
ကောင်းကျိုးများ
ကောင်းကျိုးတွေကတော့-
ထိုးဆေးတားဆေးဟာအလွန်အာနိသင်ရှိပါတယ်။
အသုံးပြုရလည်းလွယ်ကူပြီး တစ်ခါထိုးရင် ၃ လခန့်ပါတယ်။
နို့တိုက်နေစဉ်မှာလည်းထိုးနိုင်ပါတယ်။
တခြားဆေးများကြောင့်လည်းအာနိသင်မပြောင်းပါဘူး။
ရာသီလာခြင်းကိုလည်းတားနိုင်တာကြောင့် တချို့အမျိုးသမီးတွေသဘောကျပါတယ်။
နေ့စဉ်ဆေးသောက်ဖို့မှတ်မနေနိုင်ဘူးဆိုရင်အသုံးဝင်ပါတယ်။
သားအိမ်ကင်ဆာနဲ့ တခြားတင်ပါးဆုံရိုးခွေအတွင်းရှိအင်္ဂါများရောဂါများမှကာကွယ်နိုင်ပါတယ်။
ရာသီလာခြင်းဆိုင်ရာပြဿနာများကုသရာမှာလည်းသုံးနိုင်တယ်။
ကာမဆက်ဆံရာမှာအနှောင့်အယှက်မဖြစ်ပါဘူး။
ဖြစ်နိုင်ချေရှိသောဘေးထွက်ဆိုးကျိုးများ
တားဆေးထိုးဆေးဟာဘေးကင်းတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေတော့ဖြစ်နိုင်ပါသေးတယ်။
• အချိန်ကြာသုံးပါက အရိုးထိခိုက်နိုင်ပါတယ်၊ ဒါကြောင့် တစ်ချိန်ချိန်မှာအရိုးကျိုးနိုင်ချေများပါတယ်။
• ရာသီလာခြင်းကိုမူမမှန်ဖြစ်စေနိုင်ပါတယ်။
• ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်းကဲ့သို့ အဆင်မပြေသောလက္ခဏာများခံစားရနိုင်ပါတယ်။
• အလေးချိန်တက်လာနိုင်ပါတယ်။
• အရင်ထက်ပိုစိတ်လှုပ်ရှားလာတတ်ပါတယ်။
• ဝမ်းဗိုက်တဝိုက်မှာနေရထိုင်ရမအီမသာဖြစ်တတ်ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။