အသည်းက တစ်ကိုယ်လုံးကျန်းမာဖို့အတွက် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဘောလုံးတစ်လုံးစာလောက်ပဲအရွယ်အစားရှိပေမယ့် လုပ်ပေးတဲ့တာဝန်တွေက တော်တေ်ာလေးများပါတယ်။ ဒီလိုအရေးပါတဲ့ အသည်းကဘယ်လောက်ထိအရေးပါလဲဆိုတာနဲ့ ဘယ်လိုရောဂါတွေခံစားရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။
အသည်းက ဘာတွေလုပ်ပေးတာလဲ
အရေးပါတဲ့ ကိုယ်တွင်းအစိတ်အပိုင်းဖြစ်တဲ့ အသည်းက –
အူသိမ်ကစုပ်ယူထားတဲ့ အာဟာရတွေကို သိမ်းဆည်းသိုလှောင်ပေးတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထုတ်ပေးတယ်။
ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
ပရိုတင်းဓာတ်ထောက်ပံ့ပေးတယ်။
အစာခြေစနစ်အတွက် သည်းခြေရည်ထုတ်ပေးတယ်။
အသည်းကို ထိခိုက်စေနိုင်တဲ့ အပြုအမူအချို့
တစ်ခါတလေမှာ အမှတ်မထင်လုပ်မိတဲ့အပြုအမူတွေကြောင့် အသည်းထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ ဒီလိုအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းဟာ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ အပြုအမူတွေကြောင့် ထိခိုက်နိုင်ပါတယ်။ နေ့စဉ်ထိတွေ့မိနေတဲ့အရာတွေကြောင့်လည်း အသည်းမှာထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာတော့ အသည်းရောဂါက မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်တတ်ပါသေးတယ်။
အရက်တွေအလွန်အကျွံသောက်တာ
တစ်ခါသုံးအပ်အသုံးမပြုတာ
တက်တူးထိုးတာ
ခန္ဓာကိုယ်မှာ အပေါက်ဖောက်တာတွေလုပ်တာ
ရောဂါရှိသူရဲ့ သွေး၊ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့တာ
အကာအကွယ်မဲ့လိင်ဆက်ဆံတာ
အဆိပ်ရှိတဲ့အရာတွေ ဓာတုပစ္စည်းတွေကို အရေပြားနဲ့တိုက်ရိုက်ထိတွေ့တာ
ဆီးချိုရှိတာ
အဝလွန်တာ
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အသည်းရောဂါတွေ
အသည်းရောဂါကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော်တေ်ာလေးတော့များသား။ စားသုံးလိုက်တဲ့အစားအစာတွေ ကိုင်တွယ်ထိတွေ့မိတဲ့အရာတွေမှာ ကပ်ညှိနေတဲ့ ရောဂါပိုးတွေက ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီး အသည်းမှာသွားရောက်ကူးစက်မိတဲ့အခါ အသည်းရောင်ရမ်းလာပြီး အသည်းရဲ့စွမ်းဆောင်နိုင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ဒီလိုကနေတဆင့် အချိန်ကြာလာနဲ့အမျှ ကုသရခက်တဲ့ အသည်းရောဂါတွေခံစားလာရနိုင်ပါတယ်။
အသည်းကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးတွေက ဒီလိုနည်းတွေနဲ့ ကူးစက်နိုင်ပါတယ်
ရောဂါပိုးကူးစက်ခံထားရသူတွေရဲ့ သွေး၊ သုက်ပိုးကနေတဆင့်
ရောဂါပိုးရှိတဲ့ အစားအသောက်နဲ့ရေကနေတဆင့်
ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။
အများဆုံးတွေ့ရှိရတဲ့ အသည်းရောဂါများ
အသည်းရောင် အသားဝါ ဘီပိုး – ရောဂါပိုးကူးစက်ခံထားရသူရဲ့သွေးနဲ့ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့အရည် ၊ သုက်ပိုးနဲ့ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါအသည်းမှာ အမာရွတ်ဖြစ်တာ၊ အသည်းလုပ်ဆောင်ရည်ကျဆင်းသွားတာ၊ အသည်းကင်ဆာဖြစ်တာတွေခံစားရနိုင်ပါတယ်။ သေချာမကုသဘဲထားမယ်ဆိုရင် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သွေးနဲ့ထိတွေ့မိတာ၊ အနာပေါက်ရှိနေပြီး အနာကနေတဆင့်ရောဂါပိုး ကူးစက်ဝင်ရောက်တာ၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့မိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက –
အသားဝါမယ်၊ မျက်လုံးအဖြူသားတွေဝါလာမယ်။
ဝမ်းအရောင်ဖျော့ဖျော့တွေသွားမယ်
အဖျားတက်မယ်
ရက်ရှည်လများ ပင်းပန်းနုံးချိသလိုခံစားနေရမယ်
အစားစားချင်စိတ်မရှိဖြစ်မယ်၊ အော့အန်မယ်
ဗိုက်ထဲကအောင့်မယ်။
အသည်းရောင် အသားဝါ စီပိုး – ဒီရောဂါကလည်း သွေးကနေတဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံထားရသူတော်တော်များများမှာ ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရသူတွေမှာ များသောအားဖြင့်တော့ အခုလိုမျိုးရောဂါလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက –
အသားဝါမယ်၊ မျက်လုံးအဖြူသားတွေဝါလာမယ်
ဆီးမည်းမည်းတွေသွားမယ်
ဗိုက်အောင့်မယ်
အစားစားချင်စိတ်မရှိဖြစ်မယ်
ပင်ပန်းနွမ်းနယ်မယ်
ခြေကုန်လက်ပန်းကျမယ်။
အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ – အရက်ကို နှစ်ရှည်လများ အလွန်အကျွံသောက်သုံးတာကြောင့် ခံစားရတဲ့ အသည်းရောဂါတစ်မျိုးပါ။ ဒီရောဂါက အချိန်ကြာလာတာနဲ့မျှ အသည်းခြောက်ရောဂါကိုဖြစ်စေပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ အသည်းတဝိုက်မှာ အဆီတွေဖြစ်လာစေပြီး အသည်းကိုရောင်ရမ်းစေနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက –
ဗိုက်ထဲက အောင့်မယ်
မအီမသာဖြစ်ပြီး အော့အန်မယ်
ဝမ်းသွားမယ်
အစား စားချင်စိတ်မရှိဖြစ်မယ်။
အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း – အရက်သောက်တာကြောင့်မဟုတ်ဘဲ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကြောင့် အသည်းတဝိုက်မှာ အဆီတွေစုလာပြီး ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါပါ။ ကိုယ်အလေးချိန်ရှိသင့်တာထက်များနေတာ၊ ဆီးချိုရောဂါရှိတာ၊ သွေးတွင်းကိုလက်စထရောများတာ၊သွေးတိုးရှိတာတွေကြောင့် အသည်းအဆီဖုံးရောဂါခံစားရနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက –
အသည်းကြီးလာမယ်
အမောမခံနိုင်ဖြစ်မယ်
ဝမ်းဗိုက်ညာဘက်အထက်ပိုင်းက အောင့်မယ်
အသားတွေ၊ မျက်လုံးအဖြူသားတွေ ဝါလာမယ်
လက်ဖဝါးတွေရဲလာမယ်
အမျိုးသားတွေမှာ ရင်သားတွေကြီးလာမယ်
သရက်ရွက်ကြီးလာမယ်။
အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်မယ့်နည်းလမ်းတွေက
အသည်းရောဂါတွေက ကြောက်စရာကောင်းတယ်ဆိုပေမယ့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်လို့ရပါတယ်။ နေ့စဉ်နေထိုင်နေတဲ့ အမူအကျင့် စားသောက်မှုပုံစံတွေကို ပြောင်းလဲပေးတာကလည်း အသည်းရောဂါကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ရပ်ပေါ့။ အသည်းရောဂါတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ –
အရက်ဖြတ်ပါ။ မဖြစ်နိုင်ရင် အရက်လျှော့သောက်ပါ
အပ်တွေမျှဝေသုံးစွဲတာကိုရှောင်ကြဉ်ပါ
လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးပါ
တက်တူးထိုးတာ၊ နားပေါက်ဖောက်တာတွေလုပ်တဲ့အခါ သန့်ရှင်းမှုရှိတဲ့ ဆိုင်ကိုရွေးချယ်ပါ
ကာကွယ်ဆေးထိုးထားပါ
ရောဂါပိုးရှိနေသူရဲ့ သွေးနဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကို အကာအကွယ်မပါဘဲ ထိတွေ့တာမျိုးမလုပ်ပါနဲ့
ဆေးတွေကို မလိုအပ်ဘဲ မသောက်ပါနဲ့
အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့
ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားသုံးပေးပါ
ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ ဘဝနေထိုင်မှုပုံစံကို ပျိုးထောင်ပါ။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။