ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ၏ လက္ခဏာများ

ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ၏ လက္ခဏာများ

လူအများစုက ကလေးမွေးခြင်းသည် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသည်ဟု ထင်ကြသည်။ သို့သော် အချို ့ကိစ္စများတွင် အမျိုးသမီးများသည် စိတ်ခံစားမှုမကောင်းခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။   ထိုအခြေအနေကို “ကလေးမွေးပြီးနောက် ဖြစ်တဲ့ စိတ်ကျရောဂါ” လို့ ခေါ်ပါတယ်။

ထိုအခြေအနေသည် ကလေးမွေးဖွားပြီးနောက် ရုတ်တရက် ဟော်မုန်း အပြောင်းအလဲများကြောင့် မိခင်တွင် စိတ်ခံစားလွယ်ခြင်း၊ အငိုလွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပူပန်သောကရောက်ခြင်းတို့ ကို ခံစားရစေပါသည်။ ကံကောင်းသောအချက်မှာ ထိုအခြေအနေသည် အကြာကြီး မဖြစ်နေဘဲ မွေးဖွားပြီး ရက်အနည်းငယ်တွင် ပျောက်သွားတတ်သည်။

အကယ်၍ သင်၏ အဆိုးဘက်ရောက်နေသော စိတ်ခံစားမှု အပြောင်းအလဲများသည် မွေးဖွားပြီးအပြောင်းအလဲကြောင့် ဟုတ်မဟုတ် မသေချာလျှင် “ကလေးမွေးပြီးနောက် ဖြစ်တဲ့ စိတ်ကျရောဂါ”၏ အဖြစ်များသော လက္ခဏာရပ်များကို အောက်တွင် ဆက်လက် ဖတ်ရှုလေ့လာကြည့်ပါ။

ကလေးမွေးပြီးနောက် ဖြစ်တဲ့ စိတ်ကျရောဂါ ၏ အဖြစ်များသော လက္ခဏာတွေက ဘာတွေလဲ။

အဓိကလက္ခဏာများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

    ဝမ်းနည်းခြင်း၊ စိတ်ဓါတ် ကျဆင်းခြင်းကို တောက်လျှောက်ခံစားရသည်။
    ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာများကို စိတ်ဝင်စားမှုမရှိပါ။ ယခင်က စိတ်ပျော်ရွှင်မှုပေးနိုင်သော အရာများအပေါ်တွင် စိတ်လှုပ်ရှား၊ ပျော်ရွှင်ခြင်းမရှိတော့ပါ။
    ကလေးထိန်းခြင်းအပါအဝင် မည့်သည့်အရာကိုမှ ပြုလုပ်ဖို့ ခွန်အားမရှိခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ကို ခံစားရသည်။
    နေ့ခင်းဖက်တစ်လျှောက်လုံး အမြဲအိပ်ငိုက်နေသော်လည်း ညဖက်တွင် အိပ်ပျော်ဖို့ ခက်ခဲသည်။
    ဆုံးဖြတ်ချက်ချခြင်း၊ ရိုးရှင်းသော အလုပ်များလုပ်ဆောင်ခြင်း၊ အာရုံစူးစိုက်ခြင်းများကို ပြုလုပ်ဖို့ ခက်ခဲသည်။
    မစားချင်၊ မသောက်ချင်ဖြစ်ကာ ယခင်နှစ်သက်သော အစားအသောက်များကို အရသာမတွေ့တော့ပါ။
    စိတ်တို၊ဒေါသထွက်လွယ်ခြင်း (သို့) ဘာကိုမှ စိတ်မဝင်စားခြင်းတို့ ဖြစ်နိုင်သည်။
    ကိုယ့်ကိုယ်ကို အပြစ်တင်ကာ မျှော်လင့်ချက်မဲ့သလို ခံစားရသည်။ ထိုအခက်အခဲများကို မကျော်လွှားနိုင်ဖြစ်နေသည်။
    ကလေးနှင့် အတူရှိနေရသည်မှာ ဘာမှမထူးခြား၊ ပျော်ရွှင်မှုမခံစားရပေ။
    အိမ်ထောင်ဖက်အပေါ်တွင်လည်း စိတ်ဝင်စားမှုမရှိပါ။
    ကိုယ့်ကိုယ်ကို အန္တရာယ်ပြုခြင်း၊ ကလေးကို အန္တရာယ်ပေးခြင်း (သို့) ကိုယ့်ကိုယ့်ကို သေကြောင်းကြံစည်ခြင်း ကဲ့သို့သော အဆိုးမြင်အတွေးများ ရှိနိုင်သည်။
ကလေးမွေးပြီးနောက် ဖြစ်တဲ့ စိတ်ကျရောဂါ သည် တဖြည်းဖြည်းနဲ့ ခံစားလာရနိုင်ပြီး တစ်ခါတစ်ရံတွင် နားလည်ရခက်ခဲသည်။ အကယ်၍ မိခင်တွင် အောက်ပါ လက္ခဏာများ သတိထားမိလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ ကူညီပေးပါ။

    သူမသည် အကြောင်းရင်းမရှိ ငိုကြွေးတတ်သည်။
    သူမသည် ကလေးကို ထိန်းလိုစိတ်မရှိ၊ ထိန်းနေရလျှင်လည်း ဝတ္တရားအရ သာ စောင့်ရှောက်နေခြင်းဖြစ်သည်။
    သူမသည် ဘယ်သူနှင့်မှ တွေ့ဆုံ၊ စကားပြောလုုိစိတ်မရှိပါ။
    သူမသည် ကလေးနှင့် မေတ္တာနှောင်ကြိုးတွယ်ဖို့ ခက်ခဲလျက်ရှိသည်။
    သူမသည် အဆိုးများကို ပြောဆိုနေပြီး မျှော်လင့်ချက်မဲ့သလို ခံစားရသည်။
    သူမသည် သူမကို သူမပင် ဂရုစိုက်လိုစိတ်မရှိပါ။
ထိုလက္ခဏာများသည် မိခင်၏ နေ့စဉ်ဘဝ၊ မိခင်နှင့် ကလေး၊ အိမ်ထောင်ဖက်၊ အခြားသူများကြားဆက်ဆံရေးတွင် ကြီးမားသော ဆိုးကျိုးသက်ရောက်မှု ရှိနိုင်သည်။ အကယ်၍ သင်သည် ကလေးမွေးပြီးနောက်ဖြစ်တဲ့ စိတ်ကျရောဂါ ခံစားနေရသည်ဟု ထင်လျှင် သင့်အတွေးကို မျှဝေဖို့ တစ်စုံတစ်ယောက် (သို့) ဆရာဝန်ကို တတ်နိုင်သမျှ မြန်မြန်ရှာဖွေဖို့ ဝန်မလေးပါနဲ့။

တစ်ဦးတည်း ရင်ဆိုင်ရုန်းကန်နေရခြင်းသည် အန္တရာယ်ကြီးမားပါသည်။ ထိုပြဿနာသည် သင်ထင်ထားသည်ထက်လညး် ပိုကြာရှည်နိုင်ပါသည်။ အကယ်၍ ကောင်းစွာသိရှိကုသခြင်းမရှိလျှင် လပေါင်းများစွာမှ နှစ်ပေါက်သည့်တိုင် ဆက်ဖြစ်နိုုင်သည်။ ၎င်းသည် သင့်ကျန်းမာရေး၊ သင့်ကလေး၏ ကျန်းမာရေးနှင့် သင်နှင့်သင့်ပတ်ဝန်းကျင်ရှိလူများ၏ ဆက်ဆံရေးကို ထိခိုက်စေနု်ိင်သည်။

မိခင်တစ်ဦးဖြစ်လာလျှင် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကိုပါ ရင်ဆိုင်ရပေမည်။ သင်သည် ပျော်ရွှင်နေရင်းမှ ရုတ်တရက် ဝမ်းနည်းမှုကိုလည်း ခံစားရနိုင်သည်။ ၎င်းသည် ပုံမှန်အပြောင်းအလဲဖြစ်ပြီး သူ့ဖာသာသူ ပျောက်သွားလိမ့်မည်။ သို့သော် သင့်အဆိုးမြင်ခံစားမှုများသည် ကလေးမွေးပြီး နှစ်ပတ်အထက်ကြာနေလျှင် သင်သည် မွေးဖွားပြီးနောက် စိတ်ကျရောဂါကို ခံစားနေရတာဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly