တောဆင်ရိုင်းများထိန်းသိမ်းကာကွယ်၍ အတိုင်ပင်ခံရုံးမှ ဆုချီးမြှင့်ခြင်း ခံခဲ့ရသူ

By စည်သူမောင်မောင်မောင်
21 August 2018
တောဆင်ရိုင်းများထိန်းသိမ်းကာကွယ်၍ အတိုင်ပင်ခံရုံးမှ ဆုချီးမြှင့်ခြင်း ခံခဲ့ရသူ

ပုသိမ်။သြဂုတ် ၂၁ ။            ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဇူလိုင်လအတွက် ချီးကျုးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်ရာ ငပုတောမြို့ နယ်၊ တင်းချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်း(ခ)ဦးထွန်းလေးကို တောဆင်းရိုင်းများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးသူရဲကောင်းဆုဖြင့် ချီးမြှင့်ရွေးချယ်ခဲ့သည်။

"ဆုချီးမြှင့်တဲ့အတွက် ဝမ်းသာပါတယ်။အိပ်မက် တစ်ခါမှမမက်ဖူးဘူး။ဆုချီးမြှင့်တယ်ဆိုတာလည်း နောက်ပိုင်း ကျွန်တော်လိုမျိုးပဲ တောဆင်ရိုင်း အုပ်ချုပ်ရေးပိုင်းပဲဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် စံပြနမူနာအနေနဲ့ တောဆင် ရိုင်းကို ကာကွယ်ချင်တဲ့စ်ိတ်တွေရှိလာအောင် နောက်ပိုင်းသူရဲကောင်းပေါ်လာအောင်ဆိုပြီး ပေးတဲ့ဆုဖြစ်တဲ့ ကျွန်တော်အများကြီး ကျေနပ်ဂုဏ်ယူမိတယ်”ဟု ဆိုချီးမြှင့်ခံရသူ ဦးကျော်မြင့်ထွန်းက ဆုရရှိမှုနှင့်ပတ်သက်ပြီး ပြောသည်။

ဦးကျော်မြင့်ထွန်း(ခ)ဦးထွန်းလေးသည် ၂၀၁၃ခုနှစ်တွင် တင်းချောင်းအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ချိန်မှ တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုကာကွယ်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ဆင်သတ်တရားခံများ ဖမ်းဆီးရေး လုပ်ငန်းများတွင်လည်းကောင်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းတပ်ဖွဲ့တို့အကြား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သူတစ်ဦးဖြစ်သည်။၂၀၁၆ခုနှစ်တွင် ဆင်သတ်တရားခံနှစ်ဦးနှင့်ဆင်သတ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး၊၂၀၁ရခုနှစ်တွင်လည်း ဆင်သတ်ရာတွင်အသုံးပြုသည့် တူမီးသေနတ် ၄လက်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် ဦးကျော်မြင့်ထွန်းအား မြို့နယ် အဆင့် ဂုဏ်ပြုဆုနှင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဂုဏ်ပြုဆုအပြင် ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးမိတ်ဆွေများအသင်း(FOW) တို့က ဆင်ထိန်းသိမ်းရေးသူရဲကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

"ငွေကြေးပံ့ပို့မှုလည်း အများကြီးလိုတယ်။ လူတစ်ယောက် တောထဲသွားမယ်ဆိုရင် တချို့နေရာကျ ဖုန်းမိတယ်ဗျာ။ ဒေသခံပြည်သူဟာစားစရာမရှိလို့ တောထဲမှာနေတယ်။ ဖုန်းလည်းမရှိဘူး။ ဖုန်းလေးတစ်လုံးမှ တစ်သောင်းခွဲ နှစ်သောင်းပဲရှိတယ်။ ကိုယ်က ပံ့ပိုးမယ်။ဖုန်းကတ်တွေ ဝေပေးမယ်။ပြီးရင် လူစိမ်းဝင်တာ  လူတွေသွားလာတာ ဘယ်နေရာမှာ ဆင်ကျလည်း အဲဒါမျိုးတွေပံ့ပိုးပေးဖို့ လိုအပ်ပါတယ်” ဟု တောဆင်ရိုင်း များ သတ်ဖြတ်နေမှုကို ပြည်သူများသတင်းပေးနိုင်ရန် လိုအပ်နေသော အခက်အခဲအား ဦးကျော်မြင့်ထွန်းက ပြောပြသည်။

ဦးကျော်မြင့်ထွန်း(ခ)ဦးထွန်းလေး၏ အဘိုး၊အဖေများသည့် ဆင်များဖြင့် အသက်မွေးဝမ်းကျောင်းသူများ ဖြစ်ပြီး၊ဦးကျော်မြင့်ထွန်းမှာ ဆင်များအသုံးဝင်မှုတန်ဖိုးကိုသိရှိနားလည်ကာ တောဆင်ရိုင်းများ ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန တပ်ဖွဲ့အဖွဲ့အစည်းများဖြင့် စေတနာ့ဝန်ထမ်းဖြင့် ပူးပေါင်း၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်သူဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ် သစ်တောကြိုးဝိုင်း ၆ခုတွင် တောဆင်ရိုင်းများ နေထိုင် ကျက်စားလျှက်ရှိပြိီး အာရှတောဆင်ကောင်ရေ ၁၅၀ ခန့် နေထိုင်ရာ အရပ်ဒေသတခုလည်းဖြစ်သည်။ အဆိုပါ ဒေသတွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ ဆင်စွယ်၊ဆင်နှာမောင်းများ တရားမဝင်ရောင်းဝယ်မှုများကြောင့် တောဆင် များအား ဆင်သတ်မုဆိုးများမှ သတ်ဖြတ်မှုများရှိလာပြီး၊၂၀၁၃ခုနှစ်တွင် ဆင်စွယ်၊ ဆင်နှာမောင်း အပြင် ဆင် သားရေ၊ဆင်အသားများတရားမဝင် ရောင်းဝယ်မှုများ ရှိခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တောဆင်ရိုင်းများအား ဆင်သတ်မုဆိုးများရန်မှ ကာကွယ်ရန်နှင့်ထိန်းသိမ်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊သစ်တောဦးစီးဌာန၊မြန်မာနိုင်ငံတောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့(WCS Myanmar)၊ ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေး မိတ်ဆွေများအသင်း(FOW)နှင့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့(WWF)တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

 

Mizzima Weekly