ရေတံခါးဖွင့်ချခဲ့ရ၍ တနင်္သာရီတွင် ရေဘေးရှောင်ဦးရေထပ်တိုးလာ

ရေတံခါးဖွင့်ချခဲ့ရ၍ တနင်္သာရီတွင် ရေဘေးရှောင်ဦးရေထပ်တိုးလာ
 ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ရန်ကုန်၊ သြဂုတ် ၂၁ ။       ။ မြို့ကိုပတ်ထားသည့် တာကျိုးပေါက်မည်စိုး၍ ရေတံခါးဖွင့်ချခဲ့ရသောကြောင့် တနင်္သာရီမြို့တွင် ရေပြန်တက်လာကာ ရေဘေးရှောင်ဦးရေပါ ထပ်မံတိုးလာကြောင်း သိရသည်။

ထို့ကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခု တွင်ရောက်ရှိနေသော လူဦးရေမှာ ယခင်က ၈၀၁ ဦးသာ ထိရှိခဲ့ သော်လည်း ရေတံခါး နှစ်ခုဖွင့်ချခဲ့ရသည့် သြဂုတ် ၂၀ ညပိုင်းထိစာရင်းများအရ လူဦးရေ ၈၃၀ အထိ တိုးလာခဲ့ခြင်း ဖြစ်သည်။

“၂၇ ပေ ၃လက်မ ဆိုတော့ ပထမတစ်ခေါက်ထက် ၁ ပေတက်လာတယ်။ ရေဘေးသင့် ပြောင်းရွှေ့ ဦးရေတော့နည်းနည်းတိုးနိုင်တယ်။ ဒီနေ့ စာရင်းကတော့ ည ၆နာရီ လောက်မှသေချာပြောနိုင်မယ်” ဟု တနင်္သာရီမြို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကပြောသည်။

တနင်္သာရီမြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကစတင်ကာ စိုးရိမ်ရေအမှတ် ၁၇ ပေသို့ ကျော်လွန် နေခြင်းဖြစ်ပြီး ရေတံခါးဖွင့်ချမှုကြောင့် ယနေ့သြဂုတ်လ ၂၁ ရက် နံနက်တွင် အမြင့်ဆုံးရေအမှတ် ဖြစ်သည့် ၂၇ ပေ ၃လက်မ အထိရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ပြန်လည်မြင့်တက်လာသည့် ရေဘေးရှောင်များအတွက် လိုအပ်သည့်စားနပ်ရိက္ခာ ထောက်ပံ့မှုများလည်း ပြုလုပ်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်း ကပြောသည်။

သို့သော်လည်း တနင်္သာရီမြို့သည် ရေဘေးဒုက္ခခံစားနေရသည်မှာ ၂ လကျော်ကြာပြီဖြစ်သည့်အတွက် စားနပ်ရိက္ခာများ ထပ်မံလိုအပ်လာဦးမည်ဟု လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။အဆိုပါမြို့တွင် ဇူလှိုင်လမှ စတင်ကာရေကြီးမှုများကြောင့် လူ ၂၅၀၀၀ ခန့်ရေဘေးသင့်ခဲ့ပြီး လူ ၇၀၀၀ မှာနီးစပ်ရာ ဆွေမျိုး အိမ်များနှင့် ဘုန်းကြီးကျောင်းများ သို့ပြောင်းရွှေ့ခဲ့ရပြီး လူ ၈၀၀ ကျော်မှာ ကယ်ဆယ်ရေး စခန်းများကို ရောက်ရှိနေရခြင်းလည်းဖြစ်သည်။

 မြန်မာနိုင်ငံသည် ရေကြီးမှုကိုနှစ်စဉ်ခံရလေ့ရှိသည့် နိုင်ငံဖြစ်ပြီး ယခုနှစ် ဇူလှိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးမှုတွင် တစ်နိုင်ငံလုံးအနေဖြင့် လူဦးရေ တစ်သိန်းခွဲနီးပါးရေးဘေးဒုက္ခခံစားခဲ့ရပြီး ကယ်ဆယ်ရေး စခန်းများတွင် လူ ၁သောင်းခွဲခန့်ကျန်ရှိနေသေးကြောင်းသိရသည်။

 

Mizzima Weekly