တနင်္သာရီရေဘေးသင့် ပြည်သူများအား တိုင်းအစိုးရနှင့် လူမှုဝန်ထမ်းမှ သွားရောက်ထောက်ပံ့

တနင်္သာရီရေဘေးသင့် ပြည်သူများအား တိုင်းအစိုးရနှင့် လူမှုဝန်ထမ်းမှ သွားရောက်ထောက်ပံ့

တနင်္သာရီ၊ သြဂုတ်လ ၂၁ ။         ။ တတိယအကြိမ်မြောက် ရေဘေးသင့် ဖြစ်ပွားနေသည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုဝန်ကြီးများနှင့် တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သြဂုတ်လ ၂၁ ရက်နေ့မှာ စားနပ်ရိက္ခာများကို သွားရောက်ထောက်ပံ့ ကူညီပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီ မြစ်ရေမှာ လက်ရှိသုံးကြိမ်မြောက် မြင့်တက်လျက်ရှိပြီး၊ သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံး အခြေ အနေ အရ ၂၇ ပေ အကျော်သို့ မြင့်တက်လျက်ရှိနေကြောင်း တနင်္သာရီမြို့ခံများထံမှ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အခြားဝန်ကြီးဌာနမှ ဝန်ကြီးများသည်၊ တနင်္သာရီမြို့ပေါ်ရှိ ရေဘေးသင့် ပြည်သူများကို သွားရောက်အားပေးစကား ပြောကြားပြီး၊ မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ မာမီးခေါက်ဆွဲခြောက်နှင့် အခြားစားနပ်ရိက္ခာများကို သွားရောက်ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

အခုလက်ရှိ ထပ်မံ မြင့်တက်လျက်ရှိသည့် တနင်္သာရီ မြစ်ရေသည်၊ ၂၇ ပေသို့ ရောက်ရှိနေပြီး၊ အန္တရာယ်ရေမှန် ဖြစ်နေပြီး၊ သြဂုတ်လ ၂၀ ရက်နေ့က မြို့ရိုး ရေထိန်းကိုလည်း ဖွင့်ချလိုက်ရတယ်လို့လည်း မြို့ခံများက ပြောသည်။

ဆက်လက် မြင့်တက်နေသည့် တနင်္သာရီ မြစ်ရေကြောင့် သြဂုတ်လ ၂၀ ရက်နေ့ကနေပြီး အခြေခံပညာကျောင်း ၄၀ ကျော်ကို ထပ်မံပိတ်လိုက်ရကြောင်း သိရသည်။

 

Mizzima Weekly