တနင်္သာရီတိုင်းအတွင်း မိုင်းအန္တရာယ်ကြောင့် ထိခိုက်သူ ၈၆ ဦးအား လူမှုဝန်ထမ်းမှ ထောက်ပံ့

တနင်္သာရီတိုင်းအတွင်း မိုင်းအန္တရာယ်ကြောင့် ထိခိုက်သူ ၈၆ ဦးအား လူမှုဝန်ထမ်းမှ ထောက်ပံ့

မြိတ်၊ သြဂုတ်လ ၂၁ ။           ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်ရှိ မြို့နယ်များမှ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူ ၈၆ ဦးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သြဂုတ်လ ၂၁ ရက်နေ့ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက် ရှိ ပုလဲရတနာခန်းမတွင် တစ်ဦးလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် လာရောက်ပေးအပ်ခဲ့သည်။

မြိတ်မြို့သို့ ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးက မြိတ်မြို့နယ်အတွင်း မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ၂ သိန်းကျပ်စီ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့ပြင် တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများကိုလည်း ဆန်၊ ဆီ၊ မာမီးခေါက်ဆွဲခြောက်နှင့် အခြားစားနပ်ရိက္ခာများကို သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ထားဝယ်ခရိုင်ရှိ ၁၉ ဦး အတွက် ၃၈ သိန်း၊ မြိတ်မြို့နယ်ရှိ ၂၈ ဦးအား ၅၆ သိန်း၊ တနင်္သာရီမြို့နယ်ရှိ ၃၉ဦး အတွက် ၇၈ သိန်း စုစုပေါင်း ၈၆ ဦး အတွက် ထောက်ပံ့ငွေ ၁၇၂ သိန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

Mizzima Weekly