သုံးကြိမ် ရေဘေးသင့်ခဲ့သည့် တနင်္သာရီတွင် ရိက္ခာများပြတ်လပ်၊ ပြည်သူအချို့ ထောက်ပံ့ပစ္စည်းများ မရဟု ဆို

သုံးကြိမ် ရေဘေးသင့်ခဲ့သည့် တနင်္သာရီတွင် ရိက္ခာများပြတ်လပ်၊ ပြည်သူအချို့ ထောက်ပံ့ပစ္စည်းများ မရဟု ဆို

တနင်္သာရီ၊ သြဂုတ် ၂၂ ။            ။ သုံးကြိမ်မြောက် ရက်ရှည်ကြာ အဆိုးဝါးဆုံး မြစ်ရေ မြင့်တက်မှု ဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ ပြတ်လပ်နေကာ ပြည်သူအချို့မှာ ကယ်ဆယ်ရေးစခန်းသို့ အချိန်မီ မသွားရောက်နိုင်တာကြောင့် ထောက်ပံ့ပစ္စည်းများ မရကြောင်း ရေဘေးသင့် ပြည်သူများထံမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းနေ၍ သြဂုတ်လ ၂၁ ရက်နေ့တွင် မြင့်တက်နေသည့် မြစ်ရေမှာ တိုင်းတာချက်အရ တနင်္သာရီ မြစ်ရေမှာ အန္တရာယ်ရေမှတ်သို့ ကျော်လွန်ကာ ၃ ပေ အထိ မြင့်တက်ခဲ့ပြီး မြို့ကို ၀ိုင်းရံထားသည့် ရေထိန်းတာတံမံကို ဖွင့်ချရသည့် အခြေအနေကို ရောက်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယင်း မြို့၏ စိုးရိမ်ရေမှတ်မှာ ၁၇ ပေဖြစ်ပြီး၊ အန္တရာယ်ရေမှတ် ၂၄ သို့ ကျော်ပြီး၊ သြဂုတ်လ ၂၁ ရက်နေ့မှာ ၂၇ ပေ ၃ လက်မ အထိ မြင့်တက်ခဲ့ကြောင်း တနင်္သာရီမြို့ သဘာဝဘေး အန္တရာယ် သတင်း ထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။

“ရေတက်လို့ ကယ်ဆယ်ရေး စခန်းကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်တုန်းက သွားပါတယ်၊ ခဏခဏ သွားနေရလို့ အခုတစ်ခေါက်က မသွားနိုင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာက လူဦးရေမိသားစု များတော့ နေရထိုင်ရတာ အဆင်မပြေဘူး၊ နောက်ပြီး၊ အခုလို မကြာခဏ ပြောင်းရွှေ့နေရာတာ ပစ္စည်းတွေကို မသယ်နိုင်လို့ အခုလို ရေထဲမှာ ဖောင်ထိုးပြီး ဒီအတိုင်းပဲ နေထိုင်နေရပါတယ်၊ ကယ်ဆယ်ရေးစခန်းမှာ သွားမနေလို့ ထောက်ပံ့ပစ္စည်းတွေလည်း မရပါဘူး” ဟု ရေဘေးသင့် ဒေသခံ ဒေါ်ကြည်သန်းက ပြောသည်။

ရေဘေးသင့် ပြည်သူများမှာ မကြာခဏ ပြောင်းရွှေ့နေရ၍ အချို့မှာ ကယ်ဆယ်ရေးစခန်းသို့ အချိန်မီ သွားရောက်နိုင်ခြင်း မရှိတော့ဘဲ နီးစပ်ရာဆွေမျိုးများထံနှင့် ဘေးလွှတ်ရာနေရာများတွင် ယာယီတဲထိုး၍ နေထိုင်နေရခြင်း ဖြစ်သည်။

သြဂုတ်လ ၂၁ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တိုင်းအစိုးရအဖွဲ့ဝင်များက တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ကျော်နှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ၊ ကလေးသူငယ်များအတွက် မုန့်များ ထောက်ပံ့ခြင်း၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုရန် သန့်စင်ခန်းများကို ဒေသသို့ လာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်း ခရိုင်အတွင်းရှိ မိုင်းအန္တရာယ်ကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ၈၆ ဦး အတွက် ကျပ် ၁၇၂ သိန်း ထောက်ပ့ံ ပေးခဲ့သည်။

တနင်္သာရီမြို့ ရေဘေးသင့်ပြည်သူတစ်ဦးဖြစ်သော ဦးမောင်စိုးက “ အခုဆိုလျှင် ရေဘေးက ၃ ကြိမ်ရှိပြီး ဆိုတော့ အလှူရှင်တွေကလည်း လာတာ နည်းသွားပါပြီး၊ အစိုးရရဲ့ ထောက်ပံ့ပစ္စည်းတွေက ပြည့်ပြည့်ဝ၀ မပေးနိုင်ဘူး၊ ရေဘေးသင့် ပြည်သူတွေကလည်း အခုချိန်မှာ ဘာအလုပ်အကိုင်မှ လုပ်ကိုင်စားသောက်လို့ မရဘူး၊ ဒီအတိုင်းပဲ ကယ်ဆယ်ရေ စခန်းမှာ အစိုးရနှင့် အများပြည်သူတွေက လာရောက် လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းတွေကိုပဲ မှီခို စားသောက်နေရတယ်” ဟု ပြောသည်။

တနင်္သာရီမြို့နယ်နှင့် ကျေးရွာများမှာ ၁ လကျော် ၂ လ နီးပါး အထိ ဆိုးဆိုး ၀ါးဝါး ရေကြီး နစ်မြုပ်မှု ဖြစ်ပွားနေသည့် ဒေသများတွင် လူနေအိမ်များ ပျက်စီးမှုများ ရှိနေပြီး၊ ပြန်လည်ထူထောင်ရေးအတွက် အစိုးရဖက်က ကူညီပေးမည်ဟု ပြောထားသော်လည်း ရေဘေးသင့် ပြည်သူများကို အခုချိန်အထိ မည်သည့်အကူညီမျိုး ပေးမည်ကို ပြောဆိုထားခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

 “တနင်္သာရီမြို့မှာ အခုလို မြစ်ရေမကြီးတာ ၄ နှစ်လောက် ရှိပါပြီး၊ အခု တစ်ကြိမ်ကြီးတာက တစ်လထဲမှာ ၃ ကြိမ် တောင် ဖြစ်ပွားခဲ့ပါတယ်၊ အခု နောက်ဆုံး ကြီးတာက အန္တရာယ်ရေမှတ်ကို ကျော်ပြီး၊ မြို့ရဲ့ ရေထိန်းတာတံမံကြီး ပြိုကျမှာကို စိုးရိမ်ပြီး ရေထိန်းတာတံခါးကို ဖွင့်ချရတဲ့ အနေအထားအထိ ရှိခဲ့တယ်”လို့ တနင်္သာရီမြို့ခံ ဦးသန်းစိုးဝင်းက ဆိုသည်။

တနင်္သာရီမြို့သည် ၂ လ နီးပါး ကြာအောင် ရေဘေးဒုက္ခကို ခံစားနေရသည့် မြို့လည်းဖြစ်ပြီး ရေဘေးကြောင့် တိမ်းရှောင်ရသည့် လူဦးရေ ၆၀၀၀ ကျော် ရှိနေကြောင်း သိရသည်။ သြဂုတ်လ ၁၉ ရက် ညနေပိုင်း အထိ စာရင်းများ အရ ရေဘေးကြောင့် ပြောင်းရွှေ့ရသူ လူဦးရေ ၆၇၆၂ ဦး အပြင် ကယ်ဆယ်ရေး စခန်း ၆ ခု ရောက် လူဦးရေ ၈၀၁  ဦး အထိ ရှိနေသေးသည်။

တနင်္သာရီ မြစ်ရေကြီးမှုကြောင့် သြဂုတ် ၂၀ ရက်က စိုးရိမ်ရေအမှတ် ၂၄ ပေကို ကျော်လွန်ကာ မြစ်ရေကြီးပြီး ရပ်ကွက်၊ ကျေးရွာ အသီးသီးမှာ ရေကြီး ရေလျှံမှုများ ထပ်မံ ဖြစ်ပွားနေကာ အခြေခံပညာကျောင်း ၄၀ ကို ယာယီ ပိတ်လိုက်ကြောင်း ယင်း မြို့၏ မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ယာယီ ပိတ်လိုက်ရတဲ့ ကျောင်းတွေကတော့ အထက်တန်းကျောင်း ၅ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၃ ကျောင်း၊ အလယ်တန်း ကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၃ ကျောင်း၊ မူလတန်းလွန် ကျောင်း ၆ ကျောင်း၊ မူလတန်းကျောင်း ၁၉ ကျောင်း၊ စုစုပေါင်း ကျောင်း ၄၀ ဖြစ် သည်။

 

 

Mizzima Weekly