ပုသိမ်မြို့တွင် အိမ်ခန်း ၁၇၁ ခန်းအား ပြည်သူ့အိမ်ရာအဖြစ် ပြောင်းလဲသတ်မှတ်ပေးမည်

By စည်သူမောင်မောင်မောင်
23 August 2018
ပုသိမ်မြို့တွင် အိမ်ခန်း ၁၇၁ ခန်းအား ပြည်သူ့အိမ်ရာအဖြစ် ပြောင်းလဲသတ်မှတ်ပေးမည်

ပုသိမ်၊ သြဂုတ် ၂၃ ။           ။ ပုသိမ်မြို့၊ ပြည်တော်သာအိမ်ရာရှိ အိမ်လခကောက်ခံမှုရပ်ဆိုင်းထားသော အိမ်ခန်း ၁၇၁ ခန်းအား ပြည်သူ့ အိမ်ရာအဖြစ် ပြောင်းလဲပေးမည်ဖြစ်ပြီး ကျန်အိမ်ခန်း ၁၇၉ ခန်းကို နိုင်ငံဝန်ထမ်းအိမ်ရာအဖြစ် ဆက်ထားရှိမည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“ နိုင်ငံဝန်ထမ်းအိမ်ရာရှိ အခန်း ၃၅၀ မှ အခန်း ၁၇၁ ခန်းက ပြည်သူများ စုပေါင်းပြီး အဆိုပါအိမ်ရာရှိ အခန်း ၁၇၁ ခန်းကို ပြည်တော်သာအိမ်ရာအဖြစ် ပြောင်းလဲပေးရန်   ဆောက်လုပ်ရေးဝန်ကြီးဌာနသို ့  တင်လာပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောသည်။

ပုသိမ်မြို့၊ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက ပုသိမ်မြို့၏ ပြည်တော်သာအိမ်ရာစီမံကိန်းအရ ဆောက်လုပ်ထားသော ၄ခန်းတွဲ ၂ ထပ်တိုက် ၂၅ လုံး နှင့် ၁ ထပ်တိုက်လုံးချင်း ၁၅၀ လုံးအား ဥပဒေနဲ့မညီဘဲ ပြည်သူ့အိမ်ရာမှ ဝန်ထမ်းအိမ်ရာသို့ ပြောင်းလဲသတ်မှတ်ခြင်းအား ဥပဒေနှင့်အညီ ပြည်သူများ၏ဆန္ဒအရ မူလအတိုင်း ပြည်သူ့အိမ်ရာအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ ၊မရှိ ကို သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့မှုကို ဝန်ကြီးက ပြန်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အိမ်ရာများကို ဝန်ထမ်းအိမ်ရာဟု ၁၉၉၀ ပြည့်နှစ်တွင် ဆိုင်းဘုတ်လာရောက် စိုက်ထူခဲ့ပြီး ပြည်သူ့ အိမ်ရာမှ ဝန်ထမ်းအိမ်ရာသို့ အလိုလျောက်ပြောင်းသွားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အိုးအိမ်ဦးစီးဌာနမှ လက်ရှိ နေထိုင်သူများအား ဖယ်ရှားခိုင်းပြီး ၆ ထပ် အဆောက်အဦသစ် ဆောက်လုပ်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ နိုင်ငံဝန်ထမ်းအိမ်ရာကို ပြည်သူ့အိမ်ရာသို ့ပြောင်းလဲပေးရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျွန်တော်တို ့ဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ၂၉/၂၀၁၈ သဘောတူညီချက်အရ ပုသိမ်မြို့တွင် ယခင်က ပြည်တော်သာအိမ်ရာရှိ အကြောင်းကြောင်းကြောင့် အိမ်လခကောက်ခံခြင်း ရပ်ဆိုင်းထားသော အိမ်ခန်း ၁၇၁ ခန်းကို ပြည်သူ့အိမ်ရာ အဖြစ် ပြောင်းလဲပေးသွားမှာ ဖြစ်ပြီး၊ကျန်အိမ် ၁၇၉ ခန်းကို နိုင်ငံ့ဝန်ထမ်းအိမ်ရာအဖြစ် ဆက်လက်ထားရှိ ဆောင်ရွက်သွားမယ်” ဟု ဒုဝန်ကြီးက ဖြေဆိုခဲ့သည်။

လက်ရှိ ပြည်တော်သာအိမ်ရာတွင် နိုင်ငံဝန်ထမ်းအများစု နေထိုင်ကြပြီး ဝန်ထမ်းမဟုတ်သူများလည်း နေထိုင်ကြပြီး ဖယ်ရှားခိုင်းရာမှ ပြသနာ ဖြစ်ပွားခဲ့သည်။

ယခင်ပထမအကြိမ်လွှတ်တော်တွင် မေးမြန်းထားခဲ့သော်လည်းမပြီးပြတ်ခဲ့ဘဲ ယခု ထပ်မံမေးမြန်းခဲ့ရာတွင် ပြည်သူ့အိမ်ရာအဖြစ် အခန်းအချို့ကို သတ်မှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အိမ်ရာများသည် ဝင်ငွေနည်းသူ ပြည်သူများကိုသာ ရည်ရွယ်ပြီး လစာနည်းသူ နိုင်ငံ့ဝန်ထမ်းများကို မရည်ရွယ် ကြောင်း ပုသိမ်မြို့၊ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက ပြောသည်။

“အဲဒီအဆောက်အဦတွေ နေထိုင်ခွင့်ပေးတဲ ့ရည်ရွယ်ချက်က ဝင်ငွေနည်းသူတွေအတွက် အိမ်ရာရရှိရေး ဖြစ်ပါတယ်၊ လစာနည်းသူတွေ အတွက်မဟုတ်ပါဘူး။ လစာနည်းတဲ့သူတွေအတွက်ဆို ဝန်ထမ်းသီးသီး ပြောတာပါ။ ဝင်ငွေနည်းတဲ့အတွက် ပြည်သူတွေနေစေချင်လို့ ပြည်သူ့အိမ်ရာဆောက်ခဲ့တာပါ၊ ဒါကြောင့်မို ့ ပြည်သူအိမ်ရာဖြစ်လို့ အများပြည်သူနေထိုင်ခွင့်ရှိတဲ့နေရာ။ အဲဒီတုန်းက စာချုပ်တွေမှာ ၂၅ နှစ်နေထိုင်ပြီးရင် ပိုင်ဆိုင်ခွင့်ရှိတယ်။ သားစဉ်မြေးဆက်နေထိုင်ခွင့်ရှိတယ်လို့ စာချုပ်တွေတောင် ကျွန်တော်တို ့တွေ ့ပါတယ်”ဟု ပုသိမ်မြို့၊ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက  ပြောသည်။

နိုင်ငံဝန်ထမ်းအိမ်ရာဆိုသည်မှာ နေထိုင်သူဝန်ထမ်း များ အငြိမ်းစားယူသည့်အခါတွင် အိမ်ခန်းမှ ဖယ်ရှားပေး ရမှာဖြစ်ပြီး ပြည်သူ ့အိမ်ရာဆိုသည်မှာ အငြိမ်းစားယူပြီးသော်လည်း သားစဉ်မြေးဆက် နေထိုင်၍ရသော အိမ်ရာမျိုးဖြစ်သည်။

 

 

Mizzima Weekly