AC နိုင်လွန်ကတ္တရာလမ်းပေါ်တွင် မြေတူးစက် တက်မောင်းမိ၍ ကျပ်သိန်း၂၀ ဒဏ်ရိုက်

AC နိုင်လွန်ကတ္တရာလမ်းပေါ်တွင် မြေတူးစက် တက်မောင်းမိ၍ ကျပ်သိန်း၂၀ ဒဏ်ရိုက်

မြိတ်၊ သြဂုတ်လ ၂၃ ။         ။ မြိတ်မှ တနင်္သာရီမြို့နယ်သို့ ဖြတ်သန်းဆက်သွယ်ထားသည့် AC နိုင်လွန်ကတ္တရာလမ်းပေါ်တွင် မြေတူးစက်ဖြင့် တက်မောင်းခဲ့မှုအပေါ် လုပ်ငန်းရှင်အား မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ  သြဂုတ်လ ၂၃ ရက်နေ့တွင် ဒဏ်ငွေ ကျပ်သိန်း၂၀ ရိုက်လိုက်ကြောင်း သိရသည်။

မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာ အနီးတွင် သြဂုတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် လမ်းဆောက်လုပ်ရေးလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုမှ ပြည်သူပိုင် ခင်းထားသည့်AC နိုင်လွန် ကတ္တရာ လမ်းပေါ်တွင် လုပ်ငန်းသုံးမြေတူးစက်ဖြင့် တက်မောင်းရာမှ ပြည်သူပိုင်ပစ္စည်းဥပဒေအရ  အကျိုးဖျက်ဆီးမှုဖြင့် ခံဝန်ထိုးသတိပေး ဒဏ်ငွေရိုက်လိုက်ခြင်း ဖြစ်ကြောင်း မြိတ်စည်/ ကော်ရုံးထံမှ သိရသည်။

မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးမှ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက“ကျွန်တော်တို့ အစည်းအဝေး တစ်ခုနဲ့ ရွာဘက်ကို သွားရာမှ AC လမ်းပေါ်မှာ အခုလို လုပ်ငန်းသုံးမြေတူးစက်ကြီးနဲ့ တက်မောင်းနေတာ တွေ့လို့ ယာဉ်မောင်းထံမှ သော့ကို သိမ်းခဲ့ပြီး၊ ကုမ္ပဏီက တာဝန်ရှိသူကို ခေါ်ယူပြီး၊ ခံဝန်ထိုး သတိပေးပြီး ဒဏ်ငွေ သိန်း၂၀ ကို ရိုက်လိုက်တာပါ”ဟု ပြောသည်။

AC နိုင်လွန် ကတ္တရာ လမ်းများကို မြို့ပြင်နှင့် မြို့ထဲပိုင်းတွင် ခင်းကျင်းထားခြင်း ဖြစ်ပြီး၊ လမ်းများကို ပျက်စီးစေရန် စည်းကမ်းမဲ့ ယာဉ်မောင်းရာတွင် ဒဏ်ငွေ ၂၀ သိန်းအထိ ရိုက်ခံရသူ ၂ ဦး အထိ ရှိပြီး၊ ရပ်ကွက်/ ကျေးရွာများတွင် နယ်စပ်ဒေသရန်ပုံငွေဖြင့် ခင်းကျင်းနေသည့် ခင်းလက်စကွန်ကရစ်လမ်းပေါ်သို့ တက်မောင်းသော ဆိုင်ကယ်နှင့် ကားများကိုလည်း ဒဏ်ငွေ ၁ သိန်းမှ ၂ သိန်း အထိ ရိုက်ခံရသူ ၁၀၀ ဦးကျော် ရှိကြောင်း ယင်း ကော်မတီထံမှ သိရသည်။

“အလုပ်သမားက နားမလည််လို့ တက်မောင်းမိတာပါ၊ ယာဉ်မောင်းက လက်ဖက််ရည်သွားသောက်နေတုန်း စပယ်ယာက မြေတူးစက်ကို ခဏ ရွှေ့ရာမှ AC လမ်းပေါ်ကို ရောက်သွားလို့ အခုလို ဖြစ်သွားတာပါ၊ လူကြီးတွေအနေနဲ့ သက်ညာစွာနဲ့ ဒဏ်ငွေ ၂၀ သိန်းကို ရိုက်တာ နိုင်ငံတော်ဘတ်ဂျက်အနေနဲ့ အသုံးပြုသွားမယ်ဆိုလို့ ကြည်ကြည်ဖြူဖြူ လက်ခံပါတယ်”လို့ လုပ်ငန်းရှင် ဦးထင်အောင်က ပြောသည်။

အဆိုပါ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရ ပုဒ်မ ၆ (၁) ဖြင့် မည်သူမဆို အခွင့့်မရှိဘဲ ပြည်သူပိုင်ပစ္စည်း လက်ဝယ်ရှိနေလျှင် သို့မဟုတ် ပြည်သူပိုင် ပစ္စည်းတစ််ရပ်ရပ်နှင့် ပတ်သက်ပြီး၊ ခိုးမှု၊ အလွှဲသုံးစားမှု၊ အကျိုးဖျက်ဆီးမှု တစ်မှုမှုကို ကျူးလွန်လျှင် တည်ဆဲနှင့် အခြား ဥပဒေတစ်စုံတစ်ရာတွင် မည်သို့ပင် ပါရှိစေကာမူ ခုနှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကြိမ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ကြိမ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

 

Mizzima Weekly