ဒေသတွင်း လူငယ်ဝါသနာရှင်များမွေးထုတ်ရန် MYEIK FC ဘောလုံးအသင်း စတင်ဖွဲ့စည်း

ဒေသတွင်း လူငယ်ဝါသနာရှင်များမွေးထုတ်ရန် MYEIK FC ဘောလုံးအသင်း စတင်ဖွဲ့စည်း

မြိတ်၊ သြဂုတ်လ ၂၆ ။       ။ မြိတ်မြို့နယ်အတွင်းရှိ  ဘောလုံးအားကစားကို ၀ါသနာပါသည့် လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်ရန်ဟု ဆိုကာ MYEIK FC ( မြိတ် FC) ဘောလုံးအသင်းကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

MYEIK FC ဘောလုံး အသင်းသည်၊ ဒေသတွင်း ဖိတ်ခေါ် ပြိုင်ပွဲများ၊ ပြည်ပ ဖိတ်ခေါ်ပြိုင်ပွဲများ၊ သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စည်းကမ်း ရှိပြီး၊ အားကစား စိတ်ဓာတ် အပြည့်အဝ ရှိသော မျိုးဆက်သစ် ဘောလုံးသမားများ ရွေးချယ်ခြင်းအစီအစဉ်ကို သြဂုတ်လ ၁၉ မှ ၂၁ ရက်နေ့တို့တွင် မြိတ်ကမ်းနားလမ်း၊ သာကေတရပ်ကွက်ရှိ သဲကွင်း စားသောက်ဆိုင်အနီးရှိ MYEIK FC ယာယီ ဘောလုံးကွင်း၌ လူစစ် ရွေးချယ်၍ စတင် လေ့ကျင့်ပေးနေကြောင်း ယင်းအသင်းထံမှ သိရသည်။

“MYEIK FC ဘောလုံး အသင်းအတွက် အခု ရက်ပိုင်းမှာ ကျွန်တော်တို့ ယာယီကွင်းမှာပဲ လူစစ် ရွေးချယ် ပြီးပါပြီး၊ ဘောလုံးအားကစားကို ၀ါသနာပါတဲ့ လူငယ်တွေကို ရွေးချယ်ပြီး   လေ့ကျင့်ပေးနေပါတယ်၊ ဒီထဲမှာ အသက် ၁၄ နှစ်မှ ၂၅ နှစ် အထိ လာရောက် ရွေးချယ်ခံတဲ့ သူတွေရှိပါတယ်၊ သူတို့တွေကို မြန်မာ့လက်ရွေးစင်ဟောင်း နည်းပြချုပ် ကိုကျော်ကျော်ခိုင်က သင်ကြားပေးသွားမှာ ဖြစ်တယ်”ဟု MYEIK FC ဘောလုံးအသင်း၏ ဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောသည်။

အဆိုပါ ဘောလုံးအသင်းကို အသက် ၁၄ နှစ်မှ ၂၅ နှစ် အထိ အားကစားသမားများကို အသက် အရွယ်အလိုက် ရွေးချယ်သွားမည်ဖြစ်ကာ ရွေးချယ်ခံရသည့် အားကစားသမားများကို ၀ါရင့် ဘောလုံးသမား၊ နည်းပြချုပ်တို့က စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ရည််ရွယ်တာက မြိတ်မှာဆိုလျှင် ဘောလုံးအားကစားကို လူငယ်တွေ စိတ်ဝင်စားမှု နည်းပါးနေပါတယ်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲနေတာကို အာရုံများနေကြတာ ထင်ပါတယ်၊ ဒီအတွက်ကြောင့် ဘောလုံးအားကစားကို စိတ်ပါဝင်စား လာအောင်လို့ ရည််ရွယ်ချက် ကြီးကြီးနဲ့ အသင်းကို ဖွဲ့စည်းသွားမှာပါ”ဟု ဦးထွန်းထွန်းက ထပ်လောင်း ပြောသည်။

အဆိုပါ ဘောလုံးအသင်းကို အဖွဲ့ဝင် ၃၀ ဦး နီးပါးဖြင့် ယာယီဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ မကြာမှီ ရက်ပိုင်းအတွင်း MYEIK FC ဘောလုံး အသင်းကို မီဒီယာများကို တရားဝင် မိတ်ဆက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly