ရေကြီးနစ်မြုပ်လယ်ယာမြေများအတွက် တစ်ဧကလျှင် မျိုးစပါး ၂ တင်းနှုန်း ထောက်ပံ့ရန် စီစဉ်နေ

ရေကြီးနစ်မြုပ်လယ်ယာမြေများအတွက် တစ်ဧကလျှင် မျိုးစပါး ၂ တင်းနှုန်း ထောက်ပံ့ရန် စီစဉ်နေ

တနင်္သာရီ၊ သြဂုတ်လ ၂၈ ။           ။ တနင်္သာရီမြို့တွင် ၃ ကြိမ်အထိ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေဧကများအတွက် မျိုးစပါး ၁ ဧကလျှင် ၂ တင်းနှုန်း ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဇူလိုင်လမှ သြဂုတ်လအထိ ၁ လကျော် ၊၂ လနီးပါး လယ်ယာမြေ ဧကပေါင်း ၂၀၀၀ ကျော် ရေကြီး နစ်မြုပ်ပျက်စီးခဲ့သည်ဟု တနင်္သာရီမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးထံမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးမြင့်စန်းက " တနင်္သာရီမြို့မှာ ရေမြုပ်ခဲ့တဲ့ လယ်ယာမြေက ၂၀၇၃ ဧက ရှိပါတယ်။ စပါး စစိုက်စဉ်ကတည်းက နစ်မြုပ်ခဲ့တာ ။ အခုချိန် အထိပါဘဲ့ ရေပြန်ကျသွားရင်တောင် အဲ့ဒီစပါးတွေက ရှိတော့မှာ မဟုတ်ဘူး၊ အခုလောလောဆယ်တော့ မျိုးစပါး အတင်း ၂၀၀၀ ရောက်နေပါပြီး၊ နောက်ထပ်လည်း ထပ်လာဦးမယ် ။ လက်ရှိ ပြည်ထောင်စု ဝန်ကြီးနဲ့ ညှိနှိုင်းနေပါတယ်၊ ကျွန်တော်တို့ ဒေသမှာ ၁ ဧကကို ၂ တင်းနဲ့ရမှ အဆင်ပြေမှာမို့ အားလုံး ညှိနှိုင်းနေပါတယ်၊ တောင်သူတွေ အတွက် ၁ ဧကကို မျိုးစပါး ၂ တင်းနှုန်းရအောင် ထောက်ပံ့ဖို့ စီစဉ်နေတယ်”ဟု ပြောသည်။

အစိုးရမူဝါဒအရ ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ၁ ဧကလျှင် ၁တင်းနှုန်းသာ ထောက်ပံ့ပေးလျက် ရှိရာ တနင်္သာရီမြို့နယ်တွင် ရက်ရှည် ရေကြီးနစ်မြုပ်မှုကြောင့် ဒေသ၏ အခြေအနေအရ ၁ ဧကကို ၂ တင်းနှုန်း ထောက်ပံ့ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမျာနှင့် ညှိနှိုင်းစီစဉ်နေခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း တစ်တိုင်းလုံးတွင် ရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများမှာ ဧကပေါင်း ၃၄၀၄ ရှိကြောင်း သိရသည်။

 

 

Mizzima Weekly