စီရော်နယ်လ်ဒိုနဲ့ ကလော့ပ်တို့ကို ပြန်လည်တုန့်ပြန်လိုက်တဲ့ ရာမို့စ်

စီရော်နယ်လ်ဒိုနဲ့ ကလော့ပ်တို့ကို ပြန်လည်တုန့်ပြန်လိုက်တဲ့ ရာမို့စ်
(ဓာတ်ပုံ - AFP, EPA)

“ရီးယဲလ်မက်ဒရစ်ရဲ့အထက်မှာ ဘယ်သူမှ ရှိမနေပါဘူး။”
“ဒါဟာ ကလော့ပ်ရဲ့ ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံး ဗိုလ်လုပွဲ မဟုတ်ပါဘူး။”

စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းထက် ‘မိသားစု’ ပိုဆန်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ရာမို့စ်က ပေါ်တူဂီကစားသမားကို ပြန်လည်တုန့်ပြန်ခဲ့သလို သူ့ကို ဝေဖန်ခဲ့တဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်ကိုလည်း တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဘာနေဗျူးမှာ ၉ နှစ်တာ ကစားခဲ့ပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့အစောပိုင်းမှာ သူဟာ စီးရီးအေချန်ပီယံ ဂျူဗီတပ်စ်အသင်းဆီ ပေါင် ၉၉.၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က ရီယဲလ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ မေးမြန်းမှုတစ်ခုမှာ အခုလို ဖြေကြားခဲ့ပါတယ်။

“ဂျူဗင်တပ်စ်အသင်းဟာ အီတလီမှာ အကြီးဆုံးကလပ်အသင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် အသင်းပြောင်းဖို့အတွက် ဆုံးဖြတ်ချက်ရတာ လွယ်ကူပါတယ်။ ဒီနေရာမှာတော့ ခြားနားမှုရှိပါတယ်။ ဂျူဗင်တပ်စ်အသင်းက မိသားစုဆန်တဲ့ အသင်းဖြစ်ပါတယ်။”လို့ ရော်နယ်လ်ဒိုက ပြောဆိုခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အသင်းဟောင်းအပေါ် မှတ်ချက်နဲ့ ပတ်သက်လို့ ရာမို့စ်ကို မေးမြန်ရာမှာတော့ “ဒီမှာ (ရီးယဲလ်)လည်း မိသားစုလိုပဲ အမြဲခံစားရပါတယ်။ ဒါ့ကြောင့် ခရစ္စတီယာနိုက ဘာလို့ ဒီလိုပြောခဲ့လဲဆိုတာ ကျနော် မသိပါဘူး။”လို့ မက်ဒရစ်အသင်းခေါင်းဆောင်က ပြောပါတယ်။

“ကျနော်တို့ အောင်မြင်မှုတွေ အများကြီး ရယူခဲ့ပြီးပါပြီ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ဟာ မိသားစုတစ်ခုဖြစ်လို့ပါ။ သူကလည်း မိသားစုဝင်တစ်ဦးပါ။ ကျနော်တို့ကတော့ ရှေ့ဆက်သွားနေဦးမှာပါ။

ရော်နယ်လ်ဒိုလို ကစားသမားတစ်ဦးကို ဆုံးရှုံးရတဲ့အခါ သိသာတဲ့ ဆိုးကျိုးတစ်ခုပါ။ ဒါပေမယ့် ကျနော်တို့ကတော့ အောင်မြင်ဖို့ ဆက်လက် ရယူနိုင်ပါတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ သမိုင်းမှာ ကစားသမားတွေ အများကြီး ရောက်လာပြီး ပြန်ထွက်ခွာသွားခဲ့ကြပါတယ်။ ဒါပေမယ့် မက်ဒရစ်ကတော့ ဆက်လက် အောင်ပွဲတွေ ရယူသွားဦးမှာပါပဲ။

ရီးယဲလ်မက်ဒရစ်ရဲ့အထက်မှာ ဘယ်သူမှ ရှိမနေပါဘူး။ ဘာကိစ္စတွေ ဖြစ်ပျက်ဖြစ်ပျက် မက်ဒရစ်ဟာ ဆက်လက်ရှင်သန်သွားနေဦးမှာပါ။ အသင်းက ထွက်သွားဖို့ သူကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ။

ဆုံးဖြတ်ပိုင်ခွင့် ကျနော်မှာ မရှိပါဘူး။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ်ကို လာချင်တဲ့သူတွေအတွက် တံခါးတွေ အမြဲဖွင့်ထားပါတယ်။

ရော်နယ်လ်ဒိုကို ဆုံးရှုးလိုက်ရတာက နာကျင်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းအထက်မှာ ဘယ်ကစားသမားမှ ရှိမနေပါဘူး။ ကျနော်တို့ဟာ တိုးတက်ကောင်းမွန်ဖို့နဲ့ ဆုဖလားတွေ ပိုပြီးရယူဖို့ ဆာလောင်နေဆဲပါပဲ။

ကျနော်တို့မှာရှိတဲ့ အတွေးအခေါ်က အသင်းမှာ တစ်ဦးတစ်ဦးချင်းဆီပေါ်မှာ မှီခိုနေတာထက် ကျနော်တို့က ပိုအရေးကြီးတယ်ဆိုတာဖြစ်တယ်။”လို့ ရာမို့စ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရာမို့စ်က ပြီးခဲတဲ့ ချန်ပီယံလိဂ်ဗိုလ်ပွဲမှာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာ ပခုံးဒဏ်ရာ ရရှိခဲ့တာနဲ့ ပတ်သက်လို့ သူ့အပေါ် နည်းပြ ယာဂန်ဂလော့ပ်ရဲ့ ဝေဖန်ပြောဆိုမှုကိုလည်း တုန့်ပြန်ခဲ့ပါတယ်။

“ကျနော် ထပ်ပြီး ပြန်ပြောရရင် ကစားသမားတစ်ဦးကို တမင်သက်သက် နာကျင်စေလိုတဲ့ ရည်ရွယ်ချက် ကျနော့်မှာ မရှိပါဘူး။ သူဟာ ဗိုလ်လုပွဲမှာ သူ့ရဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီအဖြစ်အပျက်ကို အကြောင်းပြချင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။။ ဒါပေမယ့် ဒါဟာ သူရဲ့ ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံး ဗိုလ်လုပွဲ မဟုတ်ပါဘူး။”လို့ ရာမို့စ်က အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဥရောပစူပါဖလားလုပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဆာလာဟာ ပြီးခဲ့တဲ့ ရာသီချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ဘောလုံးယှဉ်လုရင်း ပုခုံးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Ref; Metro, AFP

 

  •  

Mizzima Weekly