‘ကြိုးစားအားထုတ်မှုနဲ့ အာရုံစူးစိုက်မှုက ဒီနိုင်ပွဲရဲ့ အဓိကသော့ချက်ပါ’ ~ ကော်စတာ

‘ကြိုးစားအားထုတ်မှုနဲ့ အာရုံစူးစိုက်မှုက ဒီနိုင်ပွဲရဲ့ အဓိကသော့ချက်ပါ’ ~ ကော်စတာ
(ဓာတ်ပုံ - UEFA)

ဥရောပစူပါဖလားဗိုလ်လုပွဲမှာ အက်သလက်တီကိုအသင်းက ရီးယဲလ်မက်ဒရစ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုရ ဒီယေဂိုကော်စတာက ကြိုးစားအားထုတ်မှုနဲ့ အာရုံစူးစိုက်မှုဟာ ဒီနိုင်ပွဲရဲ့ အဓိက အချက်ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ဆော်လ်နီဂွက်ဇ်နဲ့ ကိုကီတို့ရဲ့ အချိန်ပို သွင်းဂိုးတွေနဲ့ အက်သက်တီကိုတို့ မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဥရောပစူပါဖလားကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။ နည်းပြလိုပီတီဂွီရဲ့ ဥရောပချန်ပီယံအသင်းကတော့ ရာသီအဖွင့်မှာ ရှုံးပွဲနဲ့ စတင်ခဲ့ပြီး ဖလားတစ်လုံး လက်လွှတ်လိုက်ရပါတယ်။

“ကျနော်တို့က ရီးယဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားနေတယ်ဆိုတာ သဘောပေါက်ထားပါတယ်။ သူတို့ဟာ အမြဲတမ်း တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားတဲ့ အသင်းပါ။ သူတို့ဟာ ပြိုင်ပွဲစုံမှာ ဆုဖလားအကုန်လုံး ရယူလိုသူတွေ ဖြစ်တယ်။ သူတို့မှာ အလွန်ထူးချွန်ကောင်းမွန်တဲ့ ကစားသမားတွေ ရှိတာကြောင့် ဒီပွဲဟာ အလွန်ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ ကျနော်တို့ဘက်က ပွဲအပေါ် အထူးအာရုံစိုက်မှု လိုအပ်ပါတယ်။ သူတို့ဟာ ဂိုးရလဒ်ကို ပြောင်းလဲခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဒီပွဲကို အနိုင်ရဖို့ ပြန်လာနိုင်ခဲ့ပါတယ်။”လို့ တိုက်စစ်မှူး ကော်စတာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပွဲအစ တစ်မိနစ်မှာကတည်းက ဒီယေဂိုကော်စတာက ဦးဆောင်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး (၂၇)မိနစ်မှာ ဘန်ဇီမာက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း (၆၃)မိနစ်မှာ ဆာဂျီယိုရာမို့စ်က ပယ်နယ်တီကတဆင့် ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူချိန်မှာတော့ ရီးယဲလ်တို့ဟာ အသင်းမှ စီရော်နယ်လ်ဒိုနဲ့ နည်းပြ ဇီဒန်းတို့ ထွက်ခွာပြီးနောက်ပိုင်း ပထမဆုံးပွဲမှာ ဆုဖလားရရှိဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ဒါပေမယ့် (၇၉)မိနစ်မှာ ဒီယေဂိုကော်စတာက ပြန်လည်ချေပခဲ့လို့ အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပါတယ်။

“ရီးယဲလ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျနော်တို့ ဒီပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ အရမ်းအာရုံစိုက်မှုအပြည့်နဲ့ ကစားခဲ့ပြီး ပြိုင်ပွဲကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။”လို့ သူက ဆိုပါတယ်။

အချိန်ပိုမှာတော့ ဆော်လ်နီဂွက်ဇ်နဲ့ ကိုကီတို့က အက်သလက်တီကိုအတွက် အနိုင်ဂိုးတွေ သွင်းယူခဲ့လို့ ပွဲအပြီးမှာ အက်သလက်တီကိုက ရီးယဲလ်ကို ၄-၂ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

“အဓိကသော့ချက်ကတော့ ကြိုးစားအားထုတ်မှုပါ။ ရီးယဲလ်အသင်းရဲ့ ကြီးကျယ်တဲ့ ကစားသမားတွေဟာ အချိန်မရွေး ဂိုးသွင်းနိုင်တာကြောင့် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို အနိုင်ရဖို့အတွက် ကွင်းထဲမှာ စိတ်အေးအေးထားပြီး အာရုံစူးစိုက်မှုအပြည့်ထားရမယ်ဆိုတာ သိထားပါတယ်။”လို့ ကော်စတာက ပြောဆိုသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်က နည်းပြ ဇီဒန်းကိုင်တွယ်မှုအောက်မှာ ဥရောပစူပါဖလားကို ၂ ကြိမ် ဆွတ်ခူးခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ မြို့ခံပြိုက်ဘက် အက်သလက်တီကိုကို အနိုင်ယူခဲ့ပါတယ်။

ဒါပေမယ့် အက်လက်တီကိုအသင်းဟာ ဥရောပစူပါဖလား ဆွတ်ခူးအပြီးမှာ သူတို့ဟာ အင်အားတောင့်တင်းလာကြောင်း ပြသနေချိန်မှာ ရီးယဲလ်အသင်းကတော့ ရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက် သူ့နေရာကို အစားမထိုးနိုင်ခြင်းနဲ့အတူ ပြန်လည် ကျဆင်းသွားပုံရပါတယ်။

အက်သလက်တီကိုအသင်းဟာ ဥရောပစူပါဖလားကို (၃)ကြိမ်ယှဉ်ပြိုင်ပြီး ၃ ကြိမ်စလုံးရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဥရောပစူပါဖလားပွဲကိုတော့ ၁၉၇၂ ခုနှစ်မှာ စတင်ကျင်းပခဲ့ရာ ယခုနှစ်မှာ (၄၃)ကြိမ်မြောက်ဖြစ်ပြီး တစ်နိုင်ငံတည်းမှ မြို့ခံအသင်းနှစ်သင်း ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ ယခုပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် စူပါဖလားကို (၃)နှစ်ဆက်တိုက် ရယူနိုင်မယ့် ပထမဆုံးအသင်းအဖြစ် လွှဲချော်ခဲ့တဲ့အပြင် စူပါဖလားဆုကို (၅)ကြိမ်စီ ရယူထားပြီး အအောင်မြင်ဆုံးအသင်းတွေအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာ၊ အေစီမီလန်တို့ရဲ့ ဆုဖလားအရေအတွက်ကိုလည်း လိုက်မီနိုင်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့တာလည်းဖြစ်ပါတယ်။

မကြာသေးခင်က ဥရောပစူပါဖလား ဆွတ်ခူးခဲ့တဲ့ အသင်းများ

၂၀၁၈ - အက်သလက်တီကို (စပိန်)
၂၀၁၇ - ရီးယဲလ်မက်ဒရစ် (စပိန်)
၂၀၁၆ - ရီးယဲလ်မက်ဒရစ် (စပိန်)
၂၀၁၅ - ဘာစီလိုနာ (စပိန်)
၂၀၁၄ - ရီးယဲလ်မက်ဒရစ် (စပိန်)
၂၀၁၃ ဘိုင်ယန်မြူးနစ် (ဂျာမနီ)
၂၀၁၂ - အက်သလက်တီကို (စပိန်)
၂၀၁၁ - ဘာစီလိုနာ (စပိန်)
၂၀၁၀ - အက်သလက်တီကို (စပိန်)
၂၀၀၉ - ဘာစီလိုနာ (စပိန်)

ဥရောပစူပါဖလား အကြိမ်အများဆုံး ဆွတ်ခူးထားတဲ့ အသင်းများ

၅ ကြိမ် - ဘာစီလိုနာ (စပိန်)၊ အေစီမီလန် (အီတလီ)
၄ ကြိမ် - ရီးယဲလ်မက်ဒရစ် (စပိန်)
၃ ကြိမ် - လီဗာပူးလ် (အင်္ဂလန်)၊ အက်သလက်တီကို (စပိန်)

Ref; AFP

       

 

Mizzima Weekly