မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖူဆယ်ကွင်း အစစ်တည်ဆောက်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖူဆယ်ကွင်း အစစ်တည်ဆောက်မည်
MFF Myanmar Fusal League 2018ပြိုင်ပွဲ၏ ပြိုင်ပွဲအကြိုသတင်းစာ ရှင်းလင်းပွဲ အခမ်းအနား။ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊သြဂုတ်လ ၂ဝရက် ။           ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖူဆယ်ဘောလုံးကွင်းအစစ်ကို ဆောက်လုပ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

 လက််ရှိတွင် မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လေ့ကျင့်မှုများနှင့် ပြိုင်ပွဲများကို မြတ်ခင်းအတု (mini page) ဖြင့်သာ ပြုလုပ်ကျင်းပနေရပြီး ဖူဆယ်ကွင်းအစစ် မရှိသေးသောကြောင့် မြန်မာနိုင်ငံ၏ ဖူဆယ်ကစားသမား လက်ရွေးစင်များအတွက် ကစားသမား အသစ်များ မွေးထုတ်ရန်အားနည်းချက်များ ဖြစ်ပေါ်လျှက်ရှိသည်။

 " သုဝဏ္ဏအားကစားဘောလုံးကွင်းကြီးရဲ့အနောက်ဘက်မှာရှိတဲ့မြေနေရာတွေဘာတွေတော့ ခွင့်ပြုမိန့်တွေ ကျပါပြီ။ ပြီးခဲ့တဲ့ ဇွန်လကုန်တုန်းက ဘောလုံးကွင်းဒီဇိုင်းဆွဲတဲ့ အဖွဲ့နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဖူဆယ်ကွင်းတွေကို သွားရောက်လေ့လာပြီးတော့ ကွင်းရဲ့ဒီဇိုင်းထွက်လာတဲ့ အဆင့်ကိုရောက်နေပါပြီ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌကိုတင်ပြမယ်ပေါ့နော်။ စဆောက်ဖြစ်ဖို့ကို ခန့်မှန်းမိသလောက်တော့ ဒီ ၂၀၁၈ အကုန်လောက်မှာ စဆောက်ပြီးတော့ ဒီဖောင်ဒေးရှင်း ကွန်ဆက်ရှင်စနိုင်ပြီးတော့ ၂၀၁၉ အကုန်လောက်မှာတော့ ပြီးစီးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီဖူဆယ်ကွင်းဖြစ်လာရင် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကိုကျေးဇူးတင်ရမှာပါ။ အခုကစားနေတဲ့ ကလေးတွေတော်တော်များများက ဖူဆယ်ကို တော်တော်လေးစိတ်ဝင်စားလာကြပြီ”ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်း ကပြောသည်။

 အဆိုပါကွင်းဆောက်လုပ်မှုကို အကောင်းဆုံးဖူဆယ်ကွင်းတစ်ကွင်းအနေနဲ့ဆောက်လုပ်ရန်စီစဉ်ထားပြီး နိုင်ငံတကာအဆင့်မီ အာဆီယံပြိုင်ပွဲများ ကျင်းပနိုင်သည့် ကွင်းတစ်ခုဖြစ်အောင် အဆင့်မြှင့်ဆောက်လုပ်သွားမည်ဟု သိရသည်။

 

 

Mizzima Weekly