တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ
ဓာတ်ပုံ-EPA

မနေ့တနေ့ကတော့ ရုရှနိုင်ငံမှာ စာပေပညာရှင်တချို့ ကွန်မြူနစ်အစိုးရရဲ့ ဖိနှပ်မှုခံကြရတဲ့အကြောင်းတွေ ကျနော်ပြောခဲ့ပါတယ်။ အဲဒီအထဲက ကဗျာဆရာ အိုစစ် မင်ဒယ်လ်စတန်း၊ ကဗျာဆရာမ အက်ခ်မာတော်ဗါနဲ့ စာရေးဆရာကြီး ဆိုဇင်နစ်ဇင်တို့သုံးဦးအကြောင်း ကျနော်ပြောခဲ့ပါတယ်။ သူတို့အသီးသီး ပြည်နှင်ဒဏ်ခံရတဲ့သူ၊ စာရေးသားခွင့်ပိတ်ပင်ခံရသူနဲ့ အလုပ်ကြမ်းစခန်းအပို့ခံရသူတွေပါပဲ။

ဒီတုန်းက သူတို့သုံးယောက်ကို ကမ္ဘာ့စာဖတ်ပရိတ်သတ်က ၀ိုင်းဝန်းထောက်ခံဝန်းရံခဲ့ကြပေမယ့် ဆိုဗီယက်ယူနီယံ ကွန်မြူနစ်အသိုင်းအဝိုင်းကတော့ ၀ိုင်းဝန်းပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ အထူးသဖြင့် ကဗျာဆရာအိုစစ်မင်ဒယ်လ်စတန်းနဲ့ စာရေးဆရာကြီး ဆိုဇင်နစ်ဇင်တို့ကို အမျိုးသားသစ္စာဖေါက်တွေ၊ အရင်းရှင်နိုင်ငံတွေရဲ့သူလျှို အစရှိတဲ့ စွပ်စွဲချက်တွေနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။ ကဗျာဆရာမကြီး အက်ခ်မာတော်ဗါဆိုရင်လည်း ဒီလိုပါပဲ။ ဆိုရှယ်လစ်ယဉ်ကျေးမှုထဲက ယင်ကောင်၊ ပစ္စည်းမဲ့လူတန်းစားရဲ့ သဘောတရားရေးရန်သူ၊   ပြန်လည်ပြင်ဆင်ဖေါက်ပြန်ရေးသမား…အဲသလိုစွပ်စွဲချက်တွေနဲ့ ၀ိုင်းပယ်ခဲ့ကြတာပါပဲ။

ဒီနေရာမှာ သတိပြုမိတဲ့အချက်က ရုရှကွန်မြူနစ်အစိုးရ သတင်းစာတွေမှာ ပုံမှန်ရေးနေတဲ့ ဆောင်းပါးတွေဟာ ဆိုဗီယက်ရုရှကွန်မြူနစ်အစိုးရ ထောက်လှမ်းရေးလို့ခေါ်တဲ့ ကေဂျီဘီအဖွဲ့ထဲက စိတ်ဓါတ်စစ်ဆင်ရေး ပုဂ္ဂိုလ်တွေက ကလောင်နာမည်တမျိုးထဲထားပြီး တလှည့်စီ ၀ိုင်းရေးခဲ့ကြတဲ့အချက်ဖြစ်ပါတယ်။ သူတို့က အထက်ကပြောခဲ့တဲ့ စာပေပညာရှင်သုံးဦးကို သူတို့သတင်းစာတွေကတဆင့် နေ့စဉ်ပုံမှန် ဝေဖန်ရှုတ်ချရေးဆောင်းပါးတွေရေးပြီး အကြီးအကျယ်ဆန့်ကျင်ဝါဒဖြန့်ခဲ့ကြတာပါ။ ဆိုဗီယက်ယူနီယံ စာရေးဆရာသမဂ္ဂကြီးလို့ခေါ်တဲ့ အစိုးရကြောထောက်နောက်ခံ စာပေအဖွဲ့ကြီးက တဆင့်လည်း နာမည်တပ်ပြီး အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်တာမျိုးနဲ့ လူထုဟောပြောပွဲ အခမ်းအနားတွေလုပ်ပြီး ရှုတ်ချပွဲတွေ လုပ်ခဲ့ကြပါတယ်။

ဒီတုန်းက ကွန်မြူနစ်အစိုးရရဲ့ ၀ါဒဖြန့်ချိမှုတချို့က အောင်မြင်သယောင်ယောင်ရှိခဲ့ပါတယ်။ တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အလုပ်သမား လယ်သမားဆိုတဲ့လူတန်းစားခေါင်းစဉ်အောက်မှာ အရင်းရှင်ဆန့်ကျင်ရေးခေါင်းစဉ်အောက်မှာ အစိုးရရဲ့ဝါဒဖြန့်မှုက အထိုက်အလျောက် ထိရောက်ခဲ့ပါတယ်။ ရိုးအသူ အထူးသဖြင့် စာပေနဲ့ကင်းကွာသူ ဆိုဗီယက်ရုရှပြည်သူအနည်းစုဟာ အစိုးရရဲ့ဝါဒဖြန့်ချိမှုအောက် ဝင်ရပ်ခဲ့ကြတာ အမှန်ပါပဲ။ ဒါ့အပြင် အာဏာရှင်အစိုးရနဲ့ပေါင်းပြီး ကောင်းစားနေကြတဲ့ ရုရှတချို့ကလည်း အဲဒီစာပေပညာရှင်သုံးဦးကို ၀ိုင်းဝန်းဆန့်ကျင်ခဲ့ကြပါတယ်။

နောက်ထပ် ရုရှစာပေပညာရှင်တစ်ယောက်အကြောင်း ပြောချင်ပါသေးတယ်။ သူကတော့ မြန်မာစာဖတ်ပရိတ်သတ် ရုပ်ရှင်ကြည့်ပရိတ်သတ်နဲ့ သိတ်မဝေးတဲ့သူပါ။ သူ့နာမည်က ပက်စတာညက် လို့ခေါ်ပါတယ်။ စာရေးဆရာ ကဗျာဆရာပါ။ သူကတော့ ဒေါက်တာဇီးဗါးဂိုး ဝတ္ထုကြီး ရေးခဲ့သူပါ။ ဆိုဗီယက်ရုရှနိုင်ငံကြီးထူထောင်တဲ့အခါ အလွန်အကျွံဖြစ်မှုတွေ အစွန်းရောက်မှုတွေ လူတစ်ဦးချင်းစီရဲ့လွတ်လပ်မှု ဆုံးရှုံးခြင်းတွေကို ထည့်ရေးထားတဲ့ ဝတ္ထုကြီးပါ။ စာပေနိုဗယ်လ်ဆုရခဲ့သူပါ။ ဒီလိုတွေရေးရပါ့မလားဆိုပြီးတော့ ကွန်မြူနစ်အစိုးရက သူ့ကို မယုံကြည်ရသူစာရင်းသွင်းပြီး စစ်ထောက်လှမ်းရေးတွေနဲ့ ၂၄ နာရီမပြတ် စောင့်ကြည့်တာမျိုး ဖိအားပေးတာမျိုးနဲ့ အစိုးရသတင်းစာတွေကတဆင့် ၀ိုင်းဝန်းတိုက်ခို်က်ရေးသားတာတွေ လုပ်တာပါပဲ။ နောက်ဆုံး အဲဒီဖိအားတွေကြောင့်ပဲ စာရေးဆရာ ပက်စတာညက် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကွယ်လွန်ရတယ်လို့ ယူဆကြပါတယ်။

ပက်စတာညက်ကြတော့ သူ့ရင်က စာပေပညာရှင်တွေထက် ထူးခြားတဲ့အဖြစ်က စစ်ထောက်လှမ်းရေးတွေက အမြဲတန်းနောက်ကလိုက်လံနှောက်ယှက်နေတဲ့ဖိအားပေးမှုမျိုးပါပဲ။ ဒီလိုအဖြစ်အပျက်တွေဖြစ်တဲ့အချိိန်တိုင်း ရုရှပြည်မှာ သဘောထားမတူညီတဲ့အမြင်တွေရှိခဲ့တာပါပဲ။

ကဲ ဒါကတော့ ဆိုဗီယက်ရုရှခေတ် ရုရှစာရေးဆရာတွေ ကြုံတွေ့ခဲ့ရတာ တချို့ပါ။

ဒီလိုအဖြစ်အပျက်တွေက ကမ္ဘာအနှ့ံဖြစ်ပျက်ခဲ့ ဖြစ်ပျက်နေဆဲကိစ္စတွေပါပဲ။ အရှေ့အလည်ပိုင်းမှာကြုံတွေ့ရတတ်တဲ့ အဖြစ်အပျက်တွေကလည်း တော်တော်ဆိုးပါတယ်။ ဘာသာရေးအစွန်းရောက်အကြမ်းဖက်သူတွေရဲ့လက်ချက်နဲ့ သတင်းထောက်တွေ မကြာခဏ အသတ်ခံနေရတာ အားလုံးကြားမိကြမှာပါ။ ဒါ့အပြင် တင်းကြပ်ပြင်းထန်တဲ့ ဘာသာရေးအယူအဆတွေကို ပြန်လည်ဝေဖန်ရေးသားမိလို့ တိုင်းပြည်က ထွက်ပြေးကြရ၊ မျက်ကွယ်မှာ သေဒဏ်အပေးခံကြရတဲ့စာရေးဆရာတွေလည်း ရှိပါသေးတယ်။

ဒါတွေကတော့ ကျနော်တို့နိုင်ငံအပြင်ဘက်က နိုင်ငံတကာစာရေးဆရာတွေ ရင်ဆိုင်ဖြတ်သန်းကြရတဲ့ အဖြစ်အပျက်တချိုကို အနည်းငယ်စီ ပြောပြခဲ့တာပါ။ ဒီလိုအဖြစ်အပျက်မျိုးတွေက ကျနော်တို့နိုင်ငံမှာလည်း ကြုံတွေ့ခဲ့ကြရ ကြုံတွေ့နေကြရဆဲကိစ္စတွေပါပဲ။

ပြီးခဲ့တဲ့ဆောင်းပါးတချို့မှာ ကျနော်တို့နိုင်ငံ စာပေပညာရှင်တချို့ ကိုယ်ယုံကြည်ရာ ကိုယ်ရှုမြင်ခံစားရာကို ရေးမိသားမိလို့ မဲဇာအပို့ခံရသူ၊ ထောင်သွင်းအကျဉ်းချခံရသူ အများကြီး ရှိခဲ့တာပါပဲ။

ကျနော်တို့နိုင်ငံဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့တာ ၁၉၄၈ ခုကနေစပြီးရေတွက်ကြည့်ရင် နှစ် ၇၀ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုက လွတ်လွတ်လပ်လပ် ရေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရခေတ်ကတော့ ၁၀ နှစ်ကျော် ၁၂ နှစ်ပဲရှိသေးတယ်လို့ ပြောနိုင်ပါတယ်။ ဒီဘက် ဒီမိုကရေစီတပိုင်းအစိုးရပေါ်ပေါက်လာရတဲ့ကာလကြပြန်တော့လည်း ၈ နှစ်ပဲရှိပါသေးတယ်။ အဲဒီနှစ်တွေကိုနှုတ်လိုက်ရင် စစ်တပ်က အုပ်ချုပ်ခြင်းခံခဲ့ရတဲ့နှစ်သက်တမ်းဟာ ရာစုနှစ်တစ်ဝက် ရှိခဲ့တယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ဒီမိုကရေစီအစိုးရခေတ်နဲ့ စစ်တပ်အုပ်ချုပ်တဲံ့စနစ်နှစ်ခုစလုံးရဲ့အောက်မှာ ကျနော်တို့နိုင်ငံက စာပေပညာရှင်တွေ သတင်းစာသမားတွေ အများအပြား အဖိနှိပ်ခံကြရ ရုံးတက်ရ အကျဉ်းထောင်ထဲရောက်ကြရတာ တကယ်ဝမ်းနည်းဖို့ကောင်းပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံက စာပေပညာရှင်တွေ သတင်းစာဆရာတွေ သူတို့ယုံကြည်တာ သူတို့မြင်တာ သူတို့အလုပ်သူတို့လုပ်ရင်းနဲ့ ပြဿနာတွေဖြစ်လာတဲ့အခါ ၀ိုင်းဝန်းထောက်ခံသူတွေရှိသလို ၀ိုင်းဝန်းပြစ်တင်ရှုတ်ချသူတွေလည်း ရှိခဲ့တာပါပဲ။

ကဲ ဒီအကြောင်းတွေကိုတော့ နောက်နေ့တွေမှာ ဆက်ပြောကြတာပေါ့။ ဒီကနေ့တော့ ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

လူငယ်များ အသိအမြင်ဗဟုသုတ ကြွယ်ဝနိုင်ကြပါစေ။

Mizzima Weekly