လမ်းစမမြင်သေးသော ရှမ်းပါတီနှစ်ခုပူးပေါင်းရေး

လမ်းစမမြင်သေးသော ရှမ်းပါတီနှစ်ခုပူးပေါင်းရေး
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားများနေထိုင်ကြသော ကျေးလက်ဒေသတစ်ခု၏  ရှမ်းရိုးရာအိုးစည်ဝိုင်းနှင့် ဓားသိုင်းကပြမှု  (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

ချင်း၊ မွန်၊ ကရင်ပါတီများပူးပေါင်းလာကြသော်လည်း ရှမ်းပါတီကြီးနှစ်ခုက အလားတူဆောင်ရွက်မည့် အခြေအနေမရှိသေးပေ

(ရန်ကုန်) — ၂ဝ၁၈ သည် တိုင်းရင်းသားဒေသအခြေစိုက် နိုင်ငံရေးပါတီအများအပြားအတွက် ထူးခြားသည့် ပြောင်းလဲမှုများ ယူဆောင်လာသည့် နှစ်ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွန်ပါတီသုံးခုပူးပေါင်းလိုက်ကြသည်။  နှစ်ဆန်းပိုင်းကလည်း ကရင်ပါတီသုံးခု ပူးပေါင်းမှုကိုတွေ့ခဲ့ရသည်။ ချင်းပါတီသုံးခုကလည်း ပူးပေါင်းရန်  လာမည့် ရက်အနည်းငယ်အတွင်း လက်မှတ်ထိုးရန် ပြင်ဆင်နေကြသည်။

မွန်၊ ကရင်၊ ချင်းပြည်နယ်တို့တွင် ဖြစ်ပေါ်လာသော ပေါင်းစည်းမှုမျိုးကို ရှမ်းတိုင်းရင်းသားထိပ်သီးပါတီနှစ်ခု အခြေစိုက်သည့်  ရှမ်းပြည်နယ်တွင် တွေ့ရန် အလားအလာရှိနေပါပြီလော။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့မှ ထိပ်ပိုင်းခေါင်းဆောင်များကို ဤမေးခွန်းမေးမြန်းရာပါတီ နှစ်ခုပူးပေါင်းရန် အဆင်သင့် မဖြစ်သေးဟု ၎င်းတို့ကပြောကြသည်။

ပါတီနှစ်ခုအင်အား

ပါတီတံဆိပ်များကိုအစွဲပြုပြီး SNLD ကိုကျားခေါင်းပါတီ၊ SNDP ကိုကျားဖြူပါတီဟုလည်း အများကခေါ်ဆိုကြသည်။

၁၉၈၈ လူထုလှုပ်ရှားမှုကြီး အပြီး ပေါ်ပေါက်လာသော SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ ရှမ်းပြည်နယ်အတွင်းမြို့နယ် ၂ဝ ကျော်တွင် အနိုင်ရသည်။ ထိုရွေးကောက်ပွဲရလဒ်ကို တပ်မတော်အစိုးရကလျစ်လျူရှုပြီး  ၂ဝ၁ဝ တွင် ရွေးကောက်ပွဲထပ်မံပြုလုပ်ရန် စီစဉ်ရာခေါင်းဆောင်များ ထိန်းသိမ်းခံနေရသဖြင့် ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်းမပြုခဲ့ပေ။

ထိုအခြေအနေတွင် ပါတီဝင်အများအပြားက SNDP ကျားဖြူပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရာ လွှတ်တော်သုံးရပ်အတွက်  ၅ရနေရာ အနိုင်ရရှိခဲ့သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာပြီးကျားခေါင်းပါတီကို  ပြန်လည် မှတ်ပုံတင်ရာရှမ်းတိုင်းရင်းသားတို့၏ ထောက်ခံမှု ပြန်လည် ရရှိခဲ့သည်။ ကျားဖြူဘက်မှ ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များပင် ကူးပြောင်းလာကြသည်။

တိုင်းရင်းသားလူမျိုးစုဒေသတွင် မဲဆန္ဒရှင် အများအပြားက မျိုးနွယ်စုတူပါတီကိုသာထောက်ခံလေ့ ရှိကြသည်။

ဤအခြေအနေကြောင့် ပါတီနှစ်ခုပူးပေါင်းရေးကိုရှမ်းတိုင်းရင်းသားများထဲတွင်  တောင်းဆိုမှု ပေါ်ပေါက်လာသော်လည်း၂ဝ၁၅ ရွေးကောက်ပွဲတွင် ပါတီနှစ်ခုစလုံးအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့့ကြသည်။ အောင်မြင်မှုမှာသိသိသာသာကွဲပြားသွားသည်။

SNLD ကျားခေါင်းကမဲဆန္ဒနယ် ၄ဝ အနိုင်ရပြီး SNDP ကျားဖြူက ၁ နေရာရခဲ့သည်။

 

ရှမ်းပြည်နယ် ဟဲဟိုးမြို့အတွင်း မြင်ကွင်းတစ်ခု(ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

ဖြစ်ပေါ်မလာသည့် ဆွေးနွေးပွဲ

ပါတီနှစ်ခုလုံးသည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များနှင့်ရှမ်းတိုင်းရင်းသားတို့ နေထိုင်သော မြို့ကြီးတချို့တွင် ရုံးခွဲများဖွင့်ထားကြသည်။

ရွေးကောက်ပွဲအပြီးတွင် ဖြစ်လာနိုင်ချေရှိသည်ဟူသောဆွေးနွေးပွဲတို့လည်းပေါ်မလာတော့ပေ။

ပေါင်းစည်းရေးအတွက် SNDPဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကယခုနှစ်ဆန်းပိုင်းတွင် SNLD သို့ စာပို့ထားသည်ဟုပြောသည်။

“နှစ်ခါ စာရေးပြီးပြီ။ အခုထိအကြောင်းမပြန်သေးဘူး။  အကျိုးအကြောင်းမပြန်တော့ မဆွေးနွေးဖြစ်ဘူး” ဟုဦးစိုင်းအိုက်ပေါင်းကပြောသည်။

“သံဃာတော်တွေရဲ့ သြဝါဒနဲ့ ပြည်သူတွေ လိုလားမှုကြောင့် ပူးပေါင်းချင်တယ်။ ပါတီနှစ်ခုမပေါင်းနိုင်တဲ့ အဆုံးမှာအချင်းချင်းမယှဉ်ပြိုင်ရအောင်၊ နယ်မြေခွဲပြီးတော့ ဝင်ပြိုင်ရအောင် ဆိုပြီးတော့ အဆိုပြုထားတယ်”

SNDP ၏ ကမ်းလှမ်းချက်ကိုလက်ခံရရှိထားသည်ဟုSNLD  ၏အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်ကဆိုသည်။

“မူဝါဒတွေ၊ ယုံကြည်ချက်တွေ မတူညီတဲ့အခါ ပေါင်းစည်းဖို့ အခက်အခဲဖြစ်တယ်။ အမြင်သဘောထားတွေမှာကို အများကြီး ကွာခြားတယ်။ အမြင်သဘောထားချင်းမတူတော့ ပေါင်းဖို့ ဆွေးနွေးတဲ့နေရာမှာ အခက်အခဲရှိတယ်” ဟုစိုင်းညွန့်လွင်ကပြောသည်။

“နောက်လာမယ့် ရွေးကောက်ပွဲမှာလည်း ပေါင်းဖို့ အစီအစဉ် မရှိသေးဘူး”ဟုစိုင်းညွန့်လွင်က ပြတ်ပြတ်သားသား ပြောသည်။

မတူညီသောမူဝါဒ

ပေါင်းစည်းမှုတိုင်း အဆင်ပြေသွားသည်တော့ မဟုတ်ပေ။

ပြီးခဲ့သည့် နှစ်များအတွင်း ရခိုင်ပြည်နယ်မှ ထိပ်သီးပါတီကြီးနှစ်ခု အောင်မြင်စွာပူးပေါင်းပြီး ရွေးကောက်ပွဲဝင်နို်င်ခဲ့သည်။ ရခိုင်ဒေသခံတို့ များစွာကျေနပ်အားရကြသော၊ မြန်မာပြည် နိုင်ငံရေးပါတီများ သမိုင်းတွင်ထူးခြားသော ဤပေါင်းစည်းမှုသည် နှစ်အနည်းငယ်သာ ခိုင်မြဲခဲ့သည်က ိုတွေ့ရသည်။

ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးပါတီများ၏ အခြေအနေအမျိုးမျိုး ပြောင်းလဲနေချိန်တွင် ရှမ်းပြည်နယ်တွင်မူ ပြောင်းလဲမှုကို မတွေ့မြင်ရပေ။

ရှမ်းပါတီများပူးပေါင်းရေးအတွက် အဟန့်အတားဖြစ်နေသည်မှာမူဝါဒ၊ အမြင်သဘောထားတို့ မတူသောကြောင့်  ဖြစ်သည်ဟုပါတီနှစ်ခုလုံးရှိ ရှမ်းခေါင်းဆောင်တို့ကဆိုကြသည်။ သို့သော်လည်းမည်သည့် အကြောင်းအရာများတွင် အမြင်မတူကြောင်းကိုမူအသေးစိတ်ပြောဆိုရန် ငြင်းဆိုကြသည်။

သိသိသာသာကွဲပြားနေမှုကိုပါတီနှစ်ခု၏ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးမူဝါဒတွင် တွေ့ရသည်။

ကျားဖြူပါတီက ၁၄ပြည်နယ် စနစ်ကို အဆိုပြုထားပြီး ကျားခေါင်းပါတီက‘တောင်ကြီးမူ’ ဟုခေါ်သည့် ၈ ပြည်နယ်မူကို ပြုပြင်ပြီး၈ ယူနစ် စနစ်ဖြင့် သွားသင့်သည်ဟုဆိုသည်။

ကျားဖြူမှ ဦးစိုင်းအိုက်ပေါင်းက“တိုင်းရင်းသားတွေကကိုယ့်ဒေသကိုယ်အုပ်ချုပ်ရမယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိမယ်ဆိုရင် တိုင်းပြည်ကဖွံ့ဖြိုးတိုးတက်သွားမယ်။  ပြည်နယ်အရေအတွက်ကအဓိကမကျဘူး”ဟုဆိုသည်။

ကျားခေါင်းမှ စိုင်းညွန့်လွင်က “ကျွန်တော်တို့ပါတီစဉ်းစားချက်ကလက်တွေ့မကျဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါကယုံကြည်ချက်ပဲလေ။ လတ်တလောရချင်ရ၊ မရရင်နေ၊ယုံကြည်ချက်ဆိုတာ အကောင်အထည်ဖော်ရမှာပဲ။ လက်တွေ့ကျကျ၊ အရှိကိုအရှိအတိုင်းပဲလုပ်ရမယ်ဆိုရင် ဘာမှလုပ်စရာကိုမလိုဘူးလို့ ယူဆတယ်”ဟုပြောသည်။

ရှမ်းပါတီ နှစ်ခုစလုံးသည် နိုဝင်ဘာ ၃ တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးစသည့် နေရာ နှစ်ခုကိုဝင်ပြိုင်မည် ဖြစ်သည်။

ပါတီနှစ်ခုညှိနှိုင်းရေးကိုမျှော်လင့်နေသူအများအပြားရှိသကဲ့သို့ ထိုသို့သော ညှိနှိုင်းမှုမျိုး ပေါ်ပေါက်လာမည်မဟုတ်ဟု ယူဆသူများလည်း ရှိနေသည်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ရှမ်းပါတီနှစ်ခု၏ ရပ်တည်မှုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD) တို့ သီးခြားစီရှိနေသည့်  အနေအထားနှင့် တူညီသည့် သဘောရှိသည်ဟု ဥပမာပေးပြီး သုံးသပ်ပြသည်။

"ဗမာတွေမှာ USDP နဲ့NLD  ကွဲလို့ ဗမာတွေ ဘာများနစ်နာသွားပါသလဲ။ နှိုင်းယှဉ်စဉ်းစားနိုင်ပါတယ်။ ပူးပေါင်းနိုင်စရာအကြောင်း မရှိပါဘူး" ဟုရှမ်းပြည်နယ်တွင် ကာလကြာရှည်စွာနေထိုင်ခဲ့ဖူးသည့် ဦးမောင်မောင်စိုးက ပြောလိုက်သည်။

Mizzima Weekly