၁၁ ရက်ကြာ ခိုးယူမတရားကျင့်ခံရခြင်း

၁၁ ရက်ကြာ ခိုးယူမတရားကျင့်ခံရခြင်း
အတင်းအကျပ် ခေါ်ဆောင်ခံရပြီးရက်ပေါင်းများစွာမတရားကျင့်ခံရသည့် ဆယ်ကျော်သက်မိန်းကလေးကိုထန်းတပင်မြို့ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

မိန်းကလေးတစ်ဦးကိုဆိုင်ကယ်ဖြင့်တင်ပြေးပြီးရက်အတန်ကြာပိတ်လှောင် မတရားကျင့်ခြင်းသည် ကာယကံရှင်တို့ နားမလည်နိုင်သောရန်ငြိုးတစ်ခုနှင့်လည်းဆက်စပ်ဖွယ်ရှိနေသည်

(ရန်ကုန်) —ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသတစ်ခုတွင် စျေးဝယ်ထွက်ပြီး ပြန်လာသော ဆယ်တန်းကျောင်းသူသည် သူ၏ အိမ်ရှေ့တွင်ပင် ဆိုင်ကယ်တစ်စီးပေါ်သို့  အတင်းအကျပ် ခေါ်ဆောင်သွားခံလိုက်ရသည်။

ထိုနေ့သည် ဇူလိုင် ၂ ရက်နေ့ ဖြစ်ပြီးထိုမိန်းကလေးအတွက်မူ ၁၁ ရက်ကြာခိုးယူပေါင်းသင်းခံရမှု၏ ပထမနေ့ ဖြစ်လာသည်။

“ဆိုင်ကယ်ပေါ် ရှေ့တစ်ယောက်နဲ့ နောက်တစ်ယောက် ညှပ်ခေါ်သွားတာ။ ကျွန်မကျောကုန်းကိုလည်း ချွန်တဲ့အရာနဲ့ ထောက်ပြီးအော်တာနဲ့ထိုးပစ်မယ်လို့ ခြိမ်းခြောက်ခေါ်သွားတာ” ဟုမိန်းကလေးကလက်ဆစ်များကိုချိုးနေရင်း Myanmar Now ကိုပြောပြသည်။

 

သူ့ကိုတန်းတပင်နှင့် ကပ်လျက်တည်ရှိသည့် ရွှေပြည်သာမြို့နယ်ထဲမှတည်းခိုခန်းတစ်ခုသို့ ခေါ်သွားပြီးကြက်ဖ(ခေါ်) စိုးမင်းသန်းဆိုသူကအကြိမ်ကြိမ် မတရားပြုကျင့်ခဲ့သည်ဟုဆိုသည်။

တည်းခိုခန်းရောက်ပြီးသူ့ကိုတိုက်သည့် အချိုရည်ထဲတွင်လည်းဆေးခတ်ထားဟန် ရှိသည်ဟုသူကရှင်းပြသည်။  အသိစိတ်ပြန်ဝင်ပြီးနောက် တည်းခိုခန်းတာဝန်ရှိသူကိုအကူအညီတောင်းရာ “နင်တို့ကိစ္စ နင်တို့ရှင်း။ ငါဘာမှ မလုပ်ပေးနိုင်ဘူး” ဟူသောတုန့်ပြန်ချက်သာရခဲ့သည်ဟုသူကပြောပြသည်။

တည်းခိုခန်းမှ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ အိမ်တစ်အိမ်တွင်လည်းအခန်းတွွင်းပိတ်လှောင်ပြီး မတရားကျင့်ခဲ့သည်ဟုဆိုသည်။

“ကျွန်မကိုပိတ်ထားတဲ့ ၁၁ရက်လုံးလုံး အချိုရည်ချည်း တိုက်တာ။ မသောက်ရင်ကျွန်မကိုပါးရိုက်တယ်။နယ်စပ်ကိုသွားရောင်းမယ်လို့ခြိမ်းခြောက်တယ်”ဟု၁၇ နှစ်အရွယ် မိန်းကလေးကပြောပြသည်။

မိဘပြန်ခေါ်

မိန်းကလေးပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီးမိဘတို့ကလိုက်လံစုံစမ်းသည့်အခါ ထန်းတပင်မြို့နယ်၊ သဲဖြူကျေးရွာမှ ကြက်ဖ(ခ) စိုးမင်းသန်းဆိုသူကခိုးယူပေါင်းသင်းသွားကြောင်းသတင်းရခဲ့ကြသည်။

အခင်းမဖြစ်ပွားမီ ကြက်ဖသည် မိမိတို့ခြံရှေ့သို့ သုံးကြိမ်ထက်မနည်းလာရောက်ခဲ့ဖူးကြောင်းအိမ်နီးချင်းတို့ထံမှ သိရသည်ဟုမိန်းကလေး၏ ဖခင်ဖြစ်သူကပြောသည်။

ခိုးယူခံရသည်ဟုသိရှိပြီးနောက်တွင် မိန်းကလေး၏ မိဘများကလက်ထပ်ပေးမည်ဟူသောစကားကို ကြက်ဖ၏ အသိုင်းအဝန်းထံရောင်အောင် ပို့လိုက်ရာ ကြက်ဖကလာရောက်အပ်နှံသည်ဟုဆိုသည်။

သမီးဖြစ်သူသည် ကြက်ဖနှင့် ယခင်ကတွေ့ဆုံခဲ့ဖွယ်ရှိသည် သို့မဟုတ် အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် အချိတ်အဆက် ရှိခဲ့ဖွယ် ရှိသည်ဟုဖခင်ဖြစ်သူကယူဆသည်။

အိမ်ပြန်ရောက်သည့်အခါ  ကြက်ဖတွင် အိမ်ထောင်ရှိခဲ့ဖူးကြောင်း၊ သားသမီးလည်းရှိကြောင်း၊ မိမိအနေဖြင့် လက်မထပ်နိုင်ကြောင်း၊ ခိုးရာလိုက်ပြေးခြင်းလည်းမဟုတ်ကြောင်းမိန်းကလေးကမိဘများကိုပြောပြသည်ဟုဆိုသည်။

ပဟေဠိ

ပိတ်လှောင်ထားသည့် ကာလတွင် ကြက်ဖက“နင်တို့မိဘတွေ အခု ပြန်ဝဋ်လည်နေပြီ”ဆိုသည့် စကားကိုတွင်တွင်သုံးကာရယ်မောနေတတ်သည်ဟုဆိုသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီးမိန်းကလေးကနားလည်နိုင်ခြင်းမရှိပေ။

လွန်ခဲ့သောနှစ်အနည်းငယ်ကသူ၏အစ်ကိုကအမျိုးသမီးတစ်ဦးကိုလက်ထပ်ခဲ့ကြောင်း၊ ၎င်းတို့ ကလေးရပြီး ၇ လ အကြာတွင် ထိုအမျိုးသမီးကဧရာဝတီတိုင်းဒေသကြီးသို့ ပြန်သွားရာမှ လင်မယားကွဲသွားကြကြောင်းမိန်းကလေးကရှင်းပြသည်။

 “ကျွန်မအစ်ကိုရဲ့ ကွဲသွားတဲ့ မိန်းမနဲ့ အခု ကျွန်မကို ကျူးလွန်တဲ့သူကအမျိုးတော်၊ မတော် ကျွန်မမသိဘူး။  သူအခုလိုလုပ်တာ ကျွန်မအစ်ကိုရဲ့ လုပ်ရပ်ကိုလက်တုံ့ပြန်သလားလို့ ယူဆရတာပဲ”ဟုသူကဆိုသည်။

ကြက်ဖ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီးမိန်းကလေး၏ ဖခင်ကလည်းနားမလည်ပေ။

ခိုးယူခံရခြင်းသည် သားဖြစ်သူ၏ ယခင်ကအိမ်ထောင်ရေးအခြေအနေနှင့် သက်ဆိုင်ခြင်းရှိမရှိကို ယတိပြတ် မပြောနိုင်ကြောင်းမိန်းကလေး၏ ဖခင်ဖြစ်သူကပြောသည်။

လက်တုန့်ပြန်ခံရခြင်း ဖြစ်သည် ဆိုပါကလည်း၎င်းတို့သည် ချွေးမဖြစ်သူကို နှိပ်စက်ခဲ့ခြင်းမရှိကြောင်း၊ လင်မယားချင်းအဆင်မပြေခြင်းကြောင့်သာ ပြန်လည်မပေါင်းဖက်နိုင်ခြင်း ဖြစ်မည်ဟုယူဆကြောင်းပြောသည်။

မိန်းကလေး၏ မိဘများက ကြက်ဖကိုထန်းတပင်မြို့နယ်၊ တက်သစ်ရဲကင်းစခန်းတွင် လာရောက် တိုင်ကြားထားသဖြင့်  လူခိုးမှုဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားကြောင်းအဆိုပါစခန်းမှ တာဝန်ခံဖြစ်သူရဲအုပ် သက်နောင်စိုးကပြောသည်။

“အခုချိန်ထိတော့ ကျွန်တော်တို့ စွပ်စွဲခံရသူ ကြက်ဖကိုမမိသေးပါဘူး။ သတင်းစုံစမ်းနေတုန်းပါပဲ။ နောက်ပြီးဆေးစာလည်း ကျွန်တော်တို့မရသေးဘူး။ ဓာတုဗေဒစစ်ဆေးချက်တွေလည်းမရသေးဘူး။ ရတာနဲ့ ကျွန်တော်တို့ကဥပဒေအကြံတောင်းမယ်၊ တရားရုံးကိုအမှုတွဲတင်မယ်။ ကျူးလွန်သူကိုမမိသေးဘူးဆိုရင်တောင် တရားခံပြေးအနေနဲ့ တင်မယ်” ဟုသူကဆိုသည်။

ပွဲလမ်းသဘင်ကျင်းပရာတွင် ဘောလီဘောပွဲထည့်သွင်းလေ့ရှိသည့်ထိုဒေသတွင် ဘောလီဘောကြေးစားကစားသူ ကြက်ဖနှင့် မိန်းကလေးယခင်ကသိကျွမ်းခဲ့ဟန် ရှိသည်ဟုတချို့ကယူဆကြသည်။

ပြစ်မှုကျူးလွန်သည်ဟုယူဆရသူကိုထိန်းသိမ်းနိုင်ရန် ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟုတက်သစ်ရဲကင်းစခန်းမှ တပ်ကြပ်ကြီးညီညီအောင်ကဆိုသည်။

“အခုချိန်ကဒီကလေးမလေးအပြောစကားတစ်ခုတည်းပဲရှိသေးတော့ အဖြစ်အပျက်ကိုယတိပြတ် ပြောလို့တော့မရသေးဘူး။ကျူးလွန်သူရဲ့သတင်းကိုစုံစမ်းနေပါတယ်။ သူ့ကိုဖမ်းမိဖို့လည်းလုပ်နေပါတယ်” ဟု၎င်းက ပြောသည်။

ခိုးယူပေါင်းသင်းမှုများ

ပြီးခဲ့သည့် ၂ နှစ်အတွင်းထန်းတပင်မြို့နယ်တွင် ခိုးယူပေါင်းသင်းမှု ၇ မှုအထိဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအမှုများထဲတွင် အသက်မပြည့်သေးသောအမျိုးသမီး ၂ ဦးပါဝင်ကြောင်းရဲတပ်ဖွဲ့ မှတ်တမ်းအရသိရသည်။

ပြစ်မှုကျူးလွန်သူဖမ်းမိနိုင်ရေးပိုမိုအားထုတ် ကြိုးပမ်းစေလိုသည်ဟုမိန်းကလေး၏ ဥပဒေအကျိုးဆောင် အထက်တန်းရှေ့နေဒေါ်ပြည့်ပြည့်စန္ဒရှင်ကပြောသည်။

“၁၈ နှစ်လည်းမပြည့်သေးဘူး။ သူ့ကိုဆေးခတ်ခိုးယူပေါင်းသင်းချိန်ကလည်း ၁၁ ရက်တာကာလမှာပိတ်လှောင်ထားတယ်။ ဒါဟာအလိုအတူဘဲနဲ့ ကာမလိမ်လည်မှုမြောက်နေပြီ။ တည်းခိုခန်းကလူတွေရော၊ သူ့ကိုပိတ်လှောင်ထားတဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ်က ကြက်ဖရဲ့ မွေးစားအဖေဆိုသူကိုရောရဲတပ်ဖွဲ့ဘက်ကခေါ်မစစ်သေးတာအားမရဘူး” ဟုသူကဆိုသည်။

ယခုအခါ အိမ်အပြင်ထွက်ရန်ပင် မဝ့ံမရဲဖြစ်နေသည်၊  တချို့က နှစ်သိမ့်အားပေးကြသော်လည်းတချို့ကအထင်သေးဟန်ဖြင့် ကြည့်ကြသည်ဟုမိန်းကလေးကMyanmar Now သို့ ပြောသည်။

“ကျွန်မလည်းဘာမှ သူများအပေါ်မှာမကျူးလွန်ဘူးဘဲနဲ့ ကျွန်မကိုဘာလို့ အဲ့ဒီလိုလုပ်ရသလဲ။ ကျွန်မအနေနဲ့ ကျောင်းပဲ ပြန်တက်ချင်တယ်။ ဒီအဖြစ်အပျက်ကို ကျွန်မသူငယ်ချင်းတချို့လည်းသိသွားကြတော့ ကျောင်းပြန်တက်ရမှာလည်းစိုးရိမ်မိတယ်။ ကျွန်မကို ကျူးလွန်သူအနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုပြန်ခံစားစေချင်တယ်” ဟုသူကဆိုသည်။

 

Mizzima Weekly