အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၉ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၉ )

မြန်မာနိူင်ငံ၏ အခွန်စနစ်

အခွန်ကောက်ခံခြင်းနှင့် အခွန်အမျိုးအစားများ

နိုင်ငံအများစုတွင် ပြည်သူ့အသုံးစရိတ် (အစိုးရအသုံးစရိတ်) များကိုအဓိကအားဖြင့် အခွန်ဝင်ငွေ များဖြင့် ဖြည့်ဆည်းကြသည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ကောင်းမွန် ထိရောက်သော အခွန်စနစ်တစ်ခုရှိရန် လိုအပ်သည်။ မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် တွေ့ရသော နိုင်ငံရေး၊ စီမံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုဖြေလျော့ခြင်းများနှင့်အတူ အစိုးရသည် အစိုးရအသုံးစရိတ်များကို (အထူးသဖြင့် လူမှုရေးကဏ္ဍအောက်ရှိ ပညာရေးနှင့်ကျန်းမာ ရေးဆိုုင်ရာ အသုံးစရိတ်များကို) အခွန်ဘဏ္ဍာငွေများဖြင့် ကာမိစေရန်နှင့် အစိုးရ၏ အခွန်ဝင်ငွေများ တိုးပွားလာစေရန် အလိ့ုငှာ အခွန်မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည်။ သို့ရာတွင် မကြာသေးမီက ပြဋ္ဌာန်းလိုက်သော ဥပဒေအချို့သည် အစိုးရ၏ အခွန်ဘဏ္ဍာငွေတိုးပွားမှုကို ထိခိုက် နိုင်သည့်သဘော ရှိသည်။ ထိုဥပဒေများမှာ အထူးစီးပွားရေးဇုန်ဥပဒေနှင့်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေတို့သည် စီးပွားရေး လုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်(taxexemptions  and reliefs) ခံစားခွင့် ပေးထားသဖြင့် အစိုးရကောက်ခံရရှိနိုင်မည့် အခွန်ငွေပမာဏကို လျော့နည်း သွားစေနိုင်သည့် သဘောရှိသည်။ ဘဏ္ဍာနှစ်အလိုက် အစိုးရ၏ အခွန်ကောက်ခံရရှိသည့် ပမာဏ သည် ပြည်သူ့ရငွေ၏ အချိုးအစား (ရာခိုင်နှုန်း) အားဖြင့် တိုးပွားလာသော်လည်း ပြည်သူ့အသုံးစရိတ် များ၏ သေးငယ်သော အချိုးအစားတစ်ခုကိုသာ ကာမိစေသည်။ ထို့ကြောင့် အစိုးရသည် အခွန် ဘဏ္ဍာ တိုးလာစေရန် အခွန်စနစ်ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဥပမာ - မြန်မာနိုင်ငံအစိုးရသည် ၂၀၁၂ ခုနှစ်မှ စ၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ  အသုံးဆိုင်ရာဥပဒေ (Union  Budget Law) ကို အများပြည်သူအားချပြခြင်း၊ ၂၀၁၄ ခုနှစ်မှ စ၍ အခွန်ထမ်းများ ဆိုင်ရာရုံး များ (Taxpayer Office) ထားရှိခြင်းနှင့် အခွန်အချို့၏ နှုန်းထားများ လျော့ချပေးခြင်းတို့ကို ပြုလုပ်လာ ခဲ့သည်။  ဦးထင်ကျော်အစိုးရ လက်ထက်တွင်လည်း ၂၀၁ရ ခုနှစ်၊ အခွန်အကောက်ဥပဒေဖြင့် အခွန်နှုန်းထားများ လျော့ချခြင်း နှင့် အခွန်ကင်းလွတ်ကုန်စည်နှင့် ဝန်ဆောင်မှုများ စာရင်းကို တိုးချဲ့ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အခွန်ရငွေတိုးလာရေးအတွက် မကြာသေးမီက ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သော “၂၀၁၈ ခုနှစ်၊ အခွန်အကောက်ဥပဒေကြမ်း”တွင်  “ဝင်ငွေရလမ်း မပြနိုင်သည့် စည်းကြပ်မှု လွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန်(၁၅) ရာခိုင်နှုန်း မှ ရာခိုင်နှုန်း (၃၀) အထိ ကောက်ခံမှု ပယ်ဖျက်လိုက်ပြီး အခွန်မဆောင်ခဲ့သော ဝင်ငွေနှင့် ပိုင်ဆိုင်မှု

များအတွက် အခွန်သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းသာ ထမ်းဆောင်ရန် ပြင်ဆင်လျော့ချ” ထားသည်။ ထိုလျော့ချမှုသည် နိုင်ငံတော်၏ အခွန်ရငွေကို တိုးစေနိုင်သော်လည်း ငွေမဲကို ငွေဖြူဖြစ်အောင် တရား ဝင် ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်သည်ဟု ဝေဖန်ရှုတ်ချမှုများ ရှိနေသည်။ နိုင်ငံတော်၏ အခွန် ဘဏ္ဍာ တိုးရေးသည် အရေးကြီးသော်လည်း ရေတိုအခွန်ရငွေ တစ်ခုတည်းထက် ရေရှည်အကျိုးဆက် များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

နိုင်ငံတစ်ခုလုံး၏ အခွန်ဝင်ငွေတိုးပွားရေးအတွက် အခွန်ကောက်ခံမှုစနစ်နှင့် မူဝါဒများကို ပြုပြင်ပြောင်း လဲခြင်းများနှင့်အတူ အခွန်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာများကိုလည်း ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား စနစ်တကျ ခွဲဝေကျင့်သုံးသွားရန် လိုပါသည်။ မြန်မာနိုင်ငံ၏ အခွန်စနစ်သည် ၂၀၁၁ ခုနှစ် မတိုင်မီအချိန်ထိတွင် ပြည်ထောင်စု အစိုးရ၏ထိန်းချုပ်မှု အောက်တွင်သာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းပေးထားသော အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများဖြင့် အခွန်ကောက်ခံခွင့်ကိုယ်စီရှိကြသည်။ ၂၀၁၅ ခုနှစ်တွင် ပြည်နယ်/တိုင်းဒေသကြီးများက ကောက်ခံခွင့်ရှိသော အခွန်စာရင်းကို တိုးချဲ့ပေးခဲ့ သော်လည်း အခွန်အာဏာများဖြစ်သည့် ဥပဒေပြုခွင့်၊ အခွန်နှုန်းထားသတ်မှတ်ခွင့်အားဖြင့်ကြည့်

လျှင် ပြည်ထောင်စုအစိုးရ လက်ထဲတွင်သာ စုပုံနေသေးသည်။ထို့ကြောင့် ဖက်ဒရယ်စနစ်နှင့်အညီ အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ (ဥပဒေပြုခွင့်၊ စည်းကြပ်ခွင့်၊ ထိန်းကြောင်းခွင့်) ကို ပြည်ထောင် စုနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများအကြား ခွဲဝေအပ်နှင်းနိုင်ရေးအတွက် လက်ရှိပြည်ထောင်စု နှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့ ကောက်ခခွင့်ရှိသော အခွန်များနှင့် မည်သည့်အခွန်များကို မည်သည့်အစိုးရ (ပြည်ထောင်စု သို့မဟုတ် ပြည်နယ်)အား အပ်နှင်းသင့်သည်တို့ကို ပြန်လည်သုံးသပ် သွားရန် လိုသည်။ မြန်မာနိုင်ငံတွင် ကောက်ခံသော အခွန်များသည် အုပ်စုအားဖြင့် (၄) မျိုး ရှိသည်။ ၎င်းတို့မှာ

(၁) ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသော အခွန်အကောက်၊ (၂) ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်၊

(၃) အကောက်အခွန်နှင့်

(၄) နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်တို့ ဖြစ်သည်။ ထိုအခွန်အုပ်စုများအောက်ရှိ အခွန်များကို ပြည်ထောင်စု အစိုးရက ကောက်ခံသော အခွန်များ နှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရများက ကောက်ခံသောအခွန်များဟူ၍ ခွဲခြားထားပြီး ထိုအခွန်များကို အခွန်ရုံးတစ်ခုတည်းကသာ ကောက်ခံခြင်းထက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား ကောက်ခံခွင့် ပေးထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပါရှိသော ပြည်ထောင်စုအခွန်နှင့် ပြည်နယ်/တိုင်းဒေသကြီး အခွန်များမှ အဓိကကျသော အခွန်အချို့ကို အောက်တွင် အကျဉ်းချုံးဖော်ပြထားသည်။ ထို့နောက် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ခွဲဝေကျင့်သုံးသော အခွန်အချို့ကို သုံးသပ်တင်ပြထားသည်။

၁။ ဝင်ငွေခွန် (Income Tax)

မြန်မာနိုင်ငံတွင် ဝင်ငွေခွန်ကို ၁၉၇၄ ခုနှစ်တွင် စတင်ကောက်ခံခဲ့သည်။ ဝင်ငွေခွန်သည် တိုက်ရိုက်ခွန် ဖြစ်ပြီး မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင်နေထိုင်သော နိုင်ငံသားနှင့် နိုင်ငံခြားသားအားလုံးနှင့် မြန်မာနိုင်ငံ ပြင်ပတွင် နေထိုင်သော မြန်မာနိုင်ငံသားများအားလုံးအပေါ် စည်းကြပ်သည်။ လစာ၊ အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ၊ စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေနှင့်အခြား ရလမ်းများမှ ရသော ဝင်ငွေစသည့် ဝင်ငွေအပေါ် စည်းကြပ်သည်။ ၂၀၁၆ ခုနှစ်၊ ဝင်ငွေခွန်ဥပဒေအရ လက်ရှိ ကောက်ခံနေသော ဝင်ငွေခွန်နှုန်းထားသည် အခွန်ထမ်း အမျိုးအစား/ဝင်ငွေအလိုက် ကွဲပြားသည်။  ထို့ပြင် ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့်သက်သာခွင့်တို့ကို လည်း ပေးထားသည်။

၂။ ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax)

မြန်မာနိုင်ငံတွင် ကုန်သွယ်လုပ်ငန်းခွန်ကို ၁၉၉၀ ခုနှစ်တွင် စတင်စည်းကြပ်ခဲ့သည်။ ကုန်သွယ် လုပ်ငန်းခွန်သည် သွယ်ဝိုက်ခွန်ဖြစ်ပြီး ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်ရောင်းချခြင်း၊ ပြည်ပမှ ကုန်စည် တင်သွင်းခြင်း၊ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်းတို့အပေါ် စည်းကြပ်သည်။ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ကုန်စည် (၈ရ) မျိုးနှင့် ဝန်ဆောင်မှု (၂၉) မျိုးမှအပ ကျန်ကုန်စည်ထုတ်လုပ်ခြင်း၊ ပြည်ပမှတင်သွင်းခြင်း၊ ကုန်သွယ်မှုဆောင်ရွက်ခြင်းတို့အတွက် ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေသည်။ထို့အတူ နှုန်းထားကွဲပြားမှုရှိသောကုန်စည်နှင့် ဝန်ဆောင်မှုများရှိပြီး အခွန် ဥပေဒနှင့်အညီ ကုန်စည်လုပ်ငန်းခွန် ခုနှိမ်ခွင့်ကိုလည်း ပေးထားသည်။ သို့ရာတွင် ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ခြင်းမပြုသည့် ရောင်းရငွေများလည်း ရှိသည်။ ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းတို့အတွက် ရောင်းရငွေ ကျပ်သိန်း ၅၀၀ မကျော်လျှင် စည်းကြပ်ခြင်းမပြုပေ။

၃။ တံဆိပ်ခေါင်းခွန် (Stamp Duties)

တံဆိပ်ခေါင်းခွန်ကို စာချုပ်စာတမ်းများ မချုပ်ဆိုမီနှင့် ချုပ်ဆိုနေချိန်တို့တွင် ပေးဆောင်ရသော အခွန် ဖြစ်သည်။ တံဆိပ်ခေါင်းခွန်ကို တရားရုံးသုံးတံဆိပ်ခေါင်းနှင့် တရားရုံးသုံးမဟုတ်သော တံဆိပ်ခေါင်း များကို ရောင်းချ ခြင်းဖြင့် ကောက်ခံရရှိသည်။ တံဆိပ်ခေါင်းခွန်ဆိုသည့်စကားရပ်တွင် ရုံးခွန် (judicial stamp duties) နှင့် တံဆိပ်ခွန် (nonjudicial stamp duties) ဟူ၍ နှစ်မျိုးပါဝင်သည်။ ရုံးခွန်ကို ရုံးခွန် အက်ဥပဒေ (Court Fees Act) ဖြင့်လည်းကောင်း၊ တံဆိပ်ခေါင်းခွန်ကို မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ (Myanmar Stamp Act) ဖြင့် လည်းကောင်း အသီးသီးကောက်ခံသည်။ တံဆိပ်ခေါင်းခွန် လုံလောက်စွာကပ်နှိပ်ထားခြင်းမရှိပါက ကျသင့် တံဆိပ်ခေါင်းခွန်အပြင် ယင်း ကျသင့်တံဆိပ်ခေါင်းခွန် ၏ (၁၀) ဆ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရသည်။ တံဆိပ်ခေါင်းခွန်နှုန်းထားသည် စာချုပ်အမျိုးအစား ပေါ်မူတည်ပြီး ကွဲပြားသွားသည်။

၄။ မြန်မာနိုင်ငံအောင်ဘာလေသိန်းဆုခွန် (State Lottery Tax)

မြန်မာနိုင်ငံအောင်ဘာလေသိန်းဆုသည် ၁၉၃၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် တည်ရှိသော တစ်ခုတည်း သောတရားဝင်ထီလုပ်ငန်း ဖြစ်သည်။ အောင်ဘာလေထီဖွင့်ပွဲကို နှစ်လ တစ်ကြိမ် ကျင်းပခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ မတ်လနောက်ပိုင်းမှစ၍ လစဉ်ကျင်းပပြီး ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ဖွင့်လှစ်ပေးကာ ထီပေါက်သူများအား ပေးအပ်သည်။ ကျန် ၄၀ ရာခိုင် နှုန်းကို အခွန်အဖြစ် ကောက်ခံပြီး ထိုအခွန်နှင့်အတူ လာရောက်ထုတ်ယူခြင်း မရှိသည့် ထီပေါက်မဲ များကို နိုင်ငံတော်အစိုးရ၏ အခွန်ဘဏ္ဍာငွေ (မြန်မာနိုင်ငံအောင်ဘာလေသိန်းဆုခွန်)အဖြစ်နိုင်ငံတော် ၏ ဘဏ္ဍာငွေအရအသုံးစာရင်းတွင် ထည့်သွင်းသည်။

၅။ အထူးကုန်စည်ခွန် (Special Good Tax)

အထူးကုန်စည်ခွန်သည် ကုန်သွယ်လုပ်ငန်းခွန်တွင် မူလကတည်းက ပါဝင်ခဲ့သော အခွန်ဖြစ်ပြီး ကျန်း မာရေး ထိခိုက်စေသော ကုန်စည် (၁၀) မျိုး၊ သယံဇာတ (၅) မျိုးနှင့် တန်ဖိုးမြင့်မော်တော်ကား တို့ အပေါ် စည်းကြပ်သည်။ အထူး ကုန်စည်ခွန်သည် ကုန်သွယ်လုပ်ငန်းခွန်တစ်မျိုးအဖြစ်သာ ကောက် ခံခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းလိုက်သောအထူးကုန်စည်ခွန် ဥပဒေအရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ ကုန်သွယ်လုပ်ငန်းခွန်အပြင် ထပ်မံပေးဆောင်ရသော အခွန်တစ်ခုအဖြစ် စည်းကြပ်သည်။ အထူးကုန် စည်ခွန်ကို လစဉ် စည်းကြပ်ပြီး ထုတ်လုပ်သူ၊ ပြည်ပမှတင်သွင်းသူနှင့် ပြည်ပသို့တင်ပို့သူများက မှတ်ပုံ တင်ရန် လိုသည်။ သို့ရာတွင် ပြည်တွင်းရောင်းဝယ်မှုများအတွက် အထူးကုန်စည်ခွန်ဆောင်ရန် မလို ပေ။ အထူးကုန်စည်ခွန်ကျသင့်သည့် ကုန်စည် အမျိုးအစားနှင့် ပြည်ပသို့တင်ပို့ရာတွင် အထူးကုန်စည်

ကျသင့်သည့် ကုန်စည်အမျိုးအစားများကို နှစ်စဉ်ပြဋ္ဌာန်း သတ်မှတ်သည် ၊ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေတွင် ထည့်သွင်းထားသည်။ သို့ရာတွင် ပြည်တွင်း၌ ထုတ်လုပ်သည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ်ထုတ်လုပ်ရောင်းချခြင်းများအတွက် ဘဏ္ဍာနှစ် တစ်နှစ်အတွင်းရောင်းရ ငွေစုစုပေါင်းကျပ်သိန်း ၂၀၀ တိတိသာရှိလျှင် အထူးကုန်စည်ခွန်စည်းကြပ်ခြင်း မပြုပေ။

၆။ အကောက်ခွန် (Custom Duties)

မြန်မာနိုင်ငံတွင် အကောက်ခွန်များကို ၁၈၇၈ ခုနှစ်၊ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေနှင့် ၁၉၂၄ ခုနှစ်၊ ကုန်းလမ်း အကောက်ခွန်အက်ဥပဒေတို့ဖြင့် ရေလမ်းနှင့်ကုန်လမ်းတို့မှတစ်ဆင့် ပြည်တွင်းသို့ဝင်ရောက်လာသော ကုန်ပစ္စည်းများကို ကောက်ခံလာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ထိုဥပဒေ နှစ်ခုကို ပြင်ဆင်သည့် ဥပဒေနှစ်ခုကို ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ် နိုင်ငံဖြစ်သည့်အားလျော်စွာ၂၀၀၀ ခုနှစ်မှစ၍ အာဆီယမ် (၁၀) နိုင်ငံအတွင်း ဖြတ်သန်းသွားသော ကုန်စည်များအတွက် ဖြတ်သန်းခကြေးငွေ (transit fees) ကောက်ခံခြင်းကို ဖျက်သိမ်းခဲ့သည်။ မြန်မာ့အကောက်ခွန်နှုန်းကို ၂၀၁၂ ခုနှစ်၌ စတင်ကျင့်သုံးခဲ့ပြီး ကမ္ဘာ့အကောက်ခွန်အဖွဲ့နှင့် အာဆီယံ

စည်းဝါးညီ အကောက်ခွန်နှုန်း အမည်ပေးစနစ်ကို မြန်မာနိုင်ငံတွင် မကြာမီ အသုံးပြုနိုင်ရန်ဆောင်ရွှက် လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အကောက်ခွန်စနစ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဂျပန်နိုင်ငံတွင် အသုံးပြုလျက်ရှိသော NACCS နှင့် CIS စနစ်တို့ကို အခြေခံပြီး ဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေး အကူ အညီနှင့် ဂျပန်အကောက်ခွန်တို့၏ အကူအညီဖြင့် မြန်မာ့အကောက်ခွန်အတွက် MACCS နှင့် MCIS စနစ်တို့ကို ရေးဆွဲတပ်ဆင်အကောင်ထည်ဖော်လျက်ရှိသည်။

၇။ ယစ်မျိုးခွန် (Excise Tax)

ယစ်မျိုးခွန်ကို အရက်၊ ဘီယာ၊ ကဇော်နှင့် ဝိုင်စသည့် အခြေခံယစ်မျိုး (၄) မျိုးအတွက် ထုတ်ပေးသည့် ယစ်မျိုးလိုင်စင်များအပေါ် ကောက်ခံသော အခွန် ဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်ကတည်းက ရှိခဲ့ သည့် ယစ်မျိုး လိုင်စင် (၄၁) မျိုးကို ယခင်အစိုးရအဆက်ဆက်က ထုတ်ပေးခဲ့ပြီး ယခုအခါတွင် ယစ်မျိုးလိုင်စင်(၂၈) မျိုးကိုသာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးလျက်ရှိသည်။ ယစ်မျိုး ခွန်များကို စီမံခန့်ခွဲရာတွင် ၁၉၁၇ ခုနှစ်၊ ယစ်မျိုးအက်ဥပဒေကို အခြေခံထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အရ ပြည်နယ်/တိုင်းဒေသကြီးများက ယစ်မျိုးခွန်ကို ဥပဒေပြုခွင့်နှင့် ကောက်ခံခွင့်ရှိသဖြင့် ယခု အခါတွင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များမှ ယစ်မျိုးလိုင်စင်နှင့် ဥပဒေများကို သီးခြားပြဋ္ဌာန်းပေးလျက်ရှိသည်။ လိုင်စင်အသစ်များ ချပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ကောင်း၊ လိုင်စင် သက်တမ်းတိုးပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းကောင်း ဆုံးဖြတ်ပေးပြီး ကျသင့်သော ယစ်မျိုးခွန်များကို မြန်မာ့စီးပွားရေးဘဏ် (Myanmar Economic Bank) သို့ ပေးသွင်း စေသည်။ ။

Mizzima Weekly