နယုန်လနှင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာဓလေ့

နယုန်လနှင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာဓလေ့

သထုံ၊ စက်တင်ဘာလ ၁၄ ။             ။ နယုန်လသို့ရောက်တိုင်း ကရင်တိုင်းရင်းသားတို့သည် ချည်ဖြူဖွဲ့မင်္ဂလာကို ကျင်းပလေ့ရှိကြသည်။ နယုန်လနှင့် ကရင်တို့၏ ချည်ဖြူဖွဲ့မင်္ဂလာဓလေ့သည် မည်သို့ဆက်စပ်နေသည်ကိုမူ ကရင်တိုင်းရင်းသားများအပြင် ပြည်ထောင်စုဘွား တိုင်းရင်းသားများပါ သိရှိရန် လိုအပ်မည်ဟု ထင်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကမူ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲသည် ပြည်ထောင်စု ညီညွတ်ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည်ဟု ဆိုခဲ့သည်။

"ဒီလိုပွဲတော်မျိုးသည် မေတ္တာတရား၏ အင်အားကိုပြသသည်ဟု မြင်ပါကြောင်း မတူကွဲပြားမှုကို စုပေါင်းပြီး မိမိတို့ ညီညီညွတ်ညွတ်၊ ပျော်ပျော်ရွှင်ရွှင် ဘယ်လိုနေနိုင်မလဲကို လမ်းပြသည်ဟု ယူဆပါကြောင်း ၊ ပွဲတော်နှင့် ပတ်သက်၍ မိမိ ဖတ်ရသလောက် ဤပွဲတော်သည် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအရ လိပ်ပြာများကို ပြန်ခေါ်ခြင်း၊ ကွဲပြားသွားသည့် လူမျိုးစုများ တစ်ယောက်နှင့်တစ်ယောက် သိမှတ်မိအောင် ချည်ဖြူလေးများပတ်ပြီး သိအောင်လုပ်ခြင်း၊ ဘယ်ဘက်ကပဲကြည့်ကြည့် ပြန်လည်ပေါင်းစည်းမှုကို ကိုယ်စားပြုသည်ဟု မိမိယူဆပါကြောင်း၊ လိပ်ပြာများသည် ပျံ့လွှင့်သွားသည့် မိမိတို့၏ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကို ပြန်ပြီးစုစည်းသည်ပဲဖြစ်ဖြစ်၊ ကွဲကွာသွားသည့် ဆွေမျိုးမောင်နှမများကို ပြန်ပြီး တွေ့ရသည်ပဲဖြစ်ဖြစ် ဒါသည် စုစည်းခြင်း၏ သင်္ကေတပဲဖြစ်ပါကြောင်း ၊ မိမိတို့သည် တိုင်းရင်းသားပေါင်းများစွာ နှင့် စုဖွဲ့ထားသည့် ပြည်ထောင်စုကြီးဖြစ်ပါကြောင်း၊ ဤပြည်ထောင်စုကြီးမပြိုကွဲရေးအတွက်၊ တိုးတက်ရေး အတွက် မိမိတို့ တစ်ဦးချင်းဆီမှာ တာဝန်ရှိပါကြောင်း ၊ ယခုလို ရိုးရာပွဲတော်များကို များများ ကျင်းပစေချင် ပါကြောင်း" စသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့သည့် သြဂုတ်လ ၂၈ရက်၊ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ကျင်းပသည့် ကရင်ရိုးရာလက်ချည်ပွဲ၌ ပြောခဲ့သည်။

ကရင်လူမျိုးတို့သည် မူလနေထိုင်ခဲ့ကြသည့် တိဗက်၊ တရုတ်ပြည်မှ အာရှတိုက်တောင်ဘက်သို့ တစ်သုတ်ပြီး တစ်သုတ် အေးချမ်းသာယာသော နေရာသစ်ကို ရှာဖွေရာမှ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းရွှေ့နေထိုင်လာကြရင်း နောက်ဆုံး မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်ဟု မှတ်သားရသည်။

တစ်ချို့သုတေသီများက ဘီစီ(၂၂၃၄)ခုနှစ်တွင် ဗာဗူလုန်နိုင်ငံမှ ကရင်လူမျိုးများ တစ်သုတ်ပြီးတစ်သုတ် ခရီး ထွက်လာခဲ့ကြရာ မွန်ဂိုးရီးယား တာကစ္စတာန် ယူနန်နိုင်ငံတွေကိုဖြတ်ပြီး နောက်ဆုံး မြန်မာပြည်သို့ ဘီစီ(၁၁၂၅) ခုနှစ်တွင် ရောက်လာခဲ့ကြသည်ဟု ဆို၏။ ထိုအသုတ်သည် မြန်မာပြည်သို့ ပထမဦးဆုံး ရောက်သောအသုတ်ဟု မှတ်တမ်းပြု၏။ အချို့ကမူ ကရင်လူမျိုးတို့သည် ယူနန်နယ်မှ ဘီစီ(၇၄၁)ခုနှစ်တွင် စတင်ထွက်ခွာလာသော လမ်းခရီးမှာ ၂နှစ်ကြာပြီး ဘီစီ(၇၃၉)ခုနှစ်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိသည်ဟု ဆို၏။

ကရင်သက္ကရာဇ်ကိုလည်း တွက်ချက်သည့်သုတေသီများက ဒုတိယအသုတ်ကရင်လူမျိုးများ မြန်မာပြည် ရောက်ရှိသည့် ဘီစီ(၇၃၉)ခုနှစ်ကို ယခု ခရစ်သက္ကရာဇ်နှင့်ပေါင်းပြီး ရသည့်အဖြေ(၂၇၅၇)သည် ကရင်တို့၏ သက္ကရာဇ်ဟူ၍ သတ်မှတ်၏။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်လူမျိုးတို့ မြန်မာပြည်သို့ ဆင်းသက်လာရာနှင့် နွယ်ဆက်အခြေခံသည်။

ကရင်တို့သည် ဗာဗူလုန်နိုင်ငံမှ မွွန်ဂိုးရီးယား တာကစ္စတာန် ယူနန်စသည်တို့ကို ဖြတ်သန်းရွှေပြောင်းလာရာ လမ်းခရီးတွင် ဘေးရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံဆုံခဲ့ကြရ၏။ တောမီးလောင်ခြင်း မီးတောင်ပေါက်ကွဲခြင်း လေမုန်တိုင်း မိုးမုန်တိုင်း သဲမုန်တိုင်ကျရောက်ခြင်း ရေခဲတောင်များပြိုကျ၍ရေကြီးခြင်း စသည်တို့နှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ကြ၏။

ထိုသို့ကြောင့် သဘာဝအန္တရာယ်နှင့်ကြုံဆုံရသောသူတို့သည် မကောင်းဆိုဝါးမျာက ပြုစားသည်ဟု ယုံမှတ် ယူဆပြီး ယင်း မကောင်းဆိုဝါးဘေးမှ လွတ်ကင်းရန် နည်းမျိုးစုံဖြင့် ပူဇော် ပသမှုများ နတ်ကျွေးမှုများကို ပြုလာကြ၏။

ရှေးရှေးသော ကရင် ဘိုးဘွားဘီဘင်တို့၏ ယူဆချက်အရ ဝါခေါင်လတွင် အများအားဖြင့် ရေကြီးလေ့ရှိ၏။ စပါးများကလည်း မပေါ်သေး။ အိမ်ရှိ ဆန်များလည်း နည်းလာ။ မထင်းစာရာမှာလည်း ပိုကုန်သဖြင့် မကောင်းဆိုးဝါးများက လူကိုပူးကပ်သည်ဟု ယူဆပြီး ကိုယ့်လိပ်ပြာမလွင့်ရအောင် ကိုယ့်လိပ်ပြာ ဝိညာဉ်ကို ခေါ်လေ့ခေါ်ထပြုကြ၏။ မကောင်းဆိုးဝါးများ၏ ဝိညာဉ် လိပ်ပြာကိုနှင်ထုတ်ခြင်း ကိုယ့်လိပ်ပြာမလွင့်စေရန် ချည်ဖြူဖြင့် လက်မှာချည်နှောင်ထားပြီး ဆံဖြူခါးကုန်းသည့်တိုင် လိပ်ပြာကို ကိုယ်နှင့်မကွာ နေစေရန် ဆုတောင်းမေတ္တာပို့သသည့်ပွဲသည် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ၏ အနှစ်သာရပင် ဖြစ်သည်။

နောက်တစ်ချက်မှာ ယူနန်မှထွက်ခွါပြီး ကရင် ညီအစ်ကို မောင်နှမဆွေမျိုးတို့သည် တနေ့နေ့ တချိန်ချိန် ပြန်လည်ဆုံတွေ့ကြသော် တစ်ဦးနှင့်တစ်ဦး မှတ်မိကြစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့နှောင်၍ အမှတ်သင်္ကေတပြုကြသည်ဟူ၏။

ကရင်လူမျိုးတွင် ချည်ဖြူဖွဲ့လက်ချည်ခြင်း (၃)မျိုးရှိ၏။၁။ မင်္ဂလာဆောင်လက်ချည်ခြင်း၊ ၂။ ဆွေမျိုးမောင်နှမ သေဆုံးလျှင် လိပ်ပြာခေါ်လက်ချည်ခြင်း။ ၃။ မကောင်းဆိုးဝါးပူးကပ်၍ လွန်လွန်ကဲကဲကြောက်လန့် နာမကျန်း ဖြစ်စဉ် လိပ်ပြာခေါ် လက်ချည်ခြင်းတို့ ဖြစ်၏။

ဝါခေါင်လလက်ချည်ပွဲမှာ ဝါခေါင်လအတွင်းမှာပင်ပြုလုပ်လေ့ရှိသည်။ သာမန်အားဖြင့် သမရိုးကျဟု ထင်ရသော် လည်း ကရင်လူမျိုးများမှာ ယင်းလက်ချည်ပွဲ၌ အသုံးပြုသည့် ပစ္စည်းများတွင် အဓိပ္ပါယ်ရည်ညွှန်းချက် အသီးသီးရှိ၏။

ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတွင် အဓိကပစ္စည်း( ၉ )မျိုးပါဝင်ပါ၏။

(၁) စကော
(၂) ယောက်မ
(၃) ထမင်းဆုပ် (၇) ဆုပ်
(၄) ကောက်ညှင်းဖင်ချွန် (၂) ထုပ်တစ်စည်း (၇) ထုပ်
(၅) ငှက်ပျောသီးမှည့် (၇) လုံး
(၆)နတ်ပန်းညို (၇) ခက်
(၇)ကြံပိုင်း (၇) ပိုင်း
(၈) ရေ တစ်ခွက်
(၉)တစ်တောင်ခန့်ရှည်သော ချည်ဖြူ ၊ချည်နီ များဖြစ်၏။

(၁) စကော
မကောင်းသောသိမ်ဖျင်းသည့်အရာများကို ဝိုင်းအပြင်သို့စွန့်ထုတ်ပေးပြီး ကောင်းသောအရာများကို စုစည်းပေးစေခြင်း၊

(၂)ယောက်မ
အရသာပေါင်းစုံကိုမျှတအောင် မွှေနှောက်ပေါင်းစပ်ပေးသလို မိသားစုအတွင်း ဆင်းရဲချမ်းသာမှုကို မျှတသောစိတ်ဖြင့် ကူညီရိုင်းပင်း၍ မျှဝေခံစားစေလိုခြင်း၊

(၃)ထမင်းဆုပ် (၇) ဆုပ်

ထမင်းထုပ်ကို မေထုံဒူး ဟုခေါ်ကြ၏။ မေဆိုသည်က ထမင်း ထုံဒူးဆိုသည်က ဆုပ်ကိုင်ခြင်း၊ စုစည်းခြင်း ဟု အဓိပ္ပါယ်ရ၏။ အချင်းချင်းသွေးစည်း ညီညွှတ်စွာနေထိုင်၍  နှစ်ထုပ်ကို တစ်စည်း စည်း၏။

(၄)ကောက်ညှင်းဖင်ချွန် (၂) ထုပ်တစ်စည်း (၇) ထုပ်

နှစ်ထုပ်ကို တစ်စည်းတွဲထားခြင်းမှာ နှစ်နှစ်ကာကာ စုပေါင်းနေထိုင်ခြင်းကို ဆိုလိုပြီး ကောက်ညှင်းက စေးကပ်သောကြောင့် တော်ရုံခွာ၍ မရနိုင်။ ကရင်လူမျိုးများလည်း ကောက်ညှင်းဆန်ပမာ စည်းလုံးတည်တ့ံခိုင်မာသည့် စိတ်နှလုံးရှိသည့်သဘောကို ဆောင်၏။

(၅)ငှက်ပျောသီးကတစ်ဖီးတည်းတစ်ခိုင်ထဲစုစုစည်းစည်းညီညီညာညာဥမကွဲသိုက်မပျက်နေထိုင်သည့်သဘောရှိ၏။ ထို့ကြောင့် ညီညီညာညာ ဥမကွဲသိုက်မပျက် နေထိုင်ကြသည့်သဘောကို ဆို၏။ ကရင်တိုင်းရင်းသားများသည် စိတ်ထားဖြူစင်ပြီး စည်းကမ်းတကျ အချင်းချင်းချစ်ခင်တွယ်တာရိုင်းပင်း ကူညီတတ်သော အဓိပ္ပါယ်ကို ဆိုလို၏။

(၆)နတ်ပန်းညို (၇) ခက်

နတ်ပန်းညို၏အမြစ်သည် ရှည်လျားကျယ်ပြန့်စွာမြေကြီးထဲမှာပေါက်၍ တော်ရုံဆွဲနုတ်သတ်ရန် မလွယ်ချေ။ ကရင်လူမျိုးများသည်လည်းနတ်ပန်းညိုကဲ့သို့ မျိုးရိုးစဉ်ဆက်မပျောက်ကွယ်ရေးအတွက် ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်ရမည့်သဘော ဖြစ်သည်။

(၇)ကြံပိုင်း (၇) ပိုင်း
ကြံပင်မှာ တစ်ဆင့်ပြီးတစ်ဆင့်အထက်သို့တိုးတက်လာသကဲ့သို့ ကရင်လူမျိုးများသည်လည်း ဘဝတိုးတက်ရေးအတွက် ကြိုးစားပြီး ကြံမှချိုသောအရသာရှိသောကြောင့် ကရင်လူမျိုးများ၏အပြုံးက ချိုပြီး ဖြူစင်ဖြောင့်မတ်သော စိတ်ထားမျိုးရှိပါမည်ကို ဆိုလိုသည်။

(၈)ရေတစ်ခွက်

ရေသည် လူသားတိုင်းအတွက် မရှိမဖြစ်သောကျေးဇူးရှင်ဖြစ်သည့်အပြင် အေးမြနေသဖြင့် ကရင်လူမျိုးတို့၏ ဘဝခရီးလမ်းသည်လည်း အေးမြကြည်လင်စေရန်ကို ရည်ညွှန်းထား၏။

(၉)ချည်ဖြူ ချည်နီ

သန့့်စင်သောချည်ဖြူချည်နီကိုလက်ကောက်ဝတ်တွင်ချည်ဖွဲ့ထားခြင်းမှာ ချည်တစ်ပင်ကို ပြတ်အောင် ဆွဲဖြတ်နိုင်သော်လည်း ချည်များကို စုဖွဲ့ချည်နှောင်ထားလျှင် ဖြတ်ရခက်၏။  ကရင်တိုင်းရင်းသား ညီနောင်များအနေဖြင့် အချင်းချင်းချည်ဖြူပမာစုစည်းနိုင်ကြရမည့်သဘောဖြစ်၏။

ဝါခေါင်လနှင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာဓလေ့ကို မျိုးဆက်သစ် နောင်လာနောက်သား လူငယ်များ သိရှိစေရန် ပြဋ္ဌာန်းစာအုပ်မှတစ်ဆင့် မှီငြမ်းဖော်ပြလိုက်ပါ၏။ ချည်ဖြူဖွဲ့မင်္ဂလာပွဲသည် ဘာသာရေးနှင့် လုံးဝ မသက်ဆိုင်သောကြောင့် ကရင်ခရစ်ယာန်များလည်း လာရောက်လေ့လာနိုင်သလို ကျန်တိုင်းရင်းသားများ လည်းအတူတကွ ပါဝင်ဆင်နွဲနိုင်ကြောင်း သိရသည်။

Mizzima Weekly