"ဘုံကထိန်လား လှည့်ကင်းလား"

"ဘုံကထိန်လား လှည့်ကင်းလား"

စက်တင်ဘာ ၁၄ ။                  ။ “ဘုံကထိန် ဘုံကထိန်.... ဘုံကထိန် လှည့်လို့လာ.... ဘုံကထိန်... ဘုံကထိန်.... ဘုံကထိန် လှည့်လို့လာ”။

လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ ညအချိန် မီးတန်းကားများဖြင့် မြို့အတွင်း ရဲအင်အားအပြည့် နှင့်လှည့်ကင်းလှည့်ဆောင်ရွက်နေသော ဗီဒီယိုဖိုင်ကို ဘုံကထိန်သီချင်းဖြင့် သရော်ထားသော ဗီဒီယိုဖိုင်တစ်ခု ပျံနှံနေသည်။

ယင်းဗီဒီယိဖိုင် ပျံနှံနေချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ စက်တင်ဘာလ ၁၁ ရက်နေ့ညက မြို့ပြလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့်အရပ်ဘက် ပူးပေါင်းအဖွဲ့များ စုပေါင်း၍ လှည့်ကင်းလှည့်လည်နေ သည်ကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်တိုင်လာရောက် အားပေးကာ စက်တင်ဘာလ ၁၂ ရက်နေ့ တိုင်းအစိုးကရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် မြို့ပြလုံခြုံရေး အစည်းအဝေးတွင် အရပ်ဖက် အဖွဲ့များအတွက် လိုအပ်သည့်ပစ္စည်းများကို ထုတ်ပေးရန် ညွှန်ကြားခဲ့သည်။

"ကသာ၊ စစ်ကိုင်း၊ ကလေး၊ တမူး စတဲ့မြို့တွေမှာ မုံရွာမှာလို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလှည့်လည် စေချင်ပါတယ်။ အရပ်ဘက်ပူးပေါင်းဆောင်ရွက်တဲ့ သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံပေးမှာ ပါ။ ပူးပေါင်းဆောင်ရွက်သူတွေကို လူမမှားဖို့အတွက် ရောင်ပြန်အကျီတွေ၊ လည်ဆွဲကဒ်တွေ ထုတ်ပေးမယ် "ဟု ဝန်ကြီးချုပ်က အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့နောက် အရပ်ဖက်အဖွဲ့အစည်းများအတွက် လိုအပ်သည့် ရောင်ပြန်အကျႌများကို အစိုးရမှ ထုတ်ပေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအတွက် တစ်လလျှင် ဆီဂါလံ ၁၅၀ ထောက်ပံ့ပေးကာ ညစဉ် လှည့်ကင်းများ အရပ်ဘက် စုပေါင်းအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ အင်တိုက်အားတိုက် မြို့ပြလုံခြုံရေးအတွက် လှည့်လှည်ဆောင်ရွက်ခဲ့သည်။

"အစက ရဲဌာနတစ်ခုတည်းနဲ့ပဲ ညှိပြီး လုပ်နေရတာ အဲ့ဒါကို ဝန်ကြီးချုပ်က ကိုယ်တိုင်ကလည်း သိသွားတော့ ဒါဟာ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ လုပ်ရပ်ပဲဆိုပြီး အားပေးတယ်။ လိုအပ်တဲ့ ပစ္စည်းတွေလည်း ထောက်ပံ့ပေးတယ်။ ကားဆီကအစ ထုတ်ပေးတယ်။ မြို့ပြတွေလုံခြုံရေးအတွက် အစိုးရပိုင်းကပါ အခုလို တစိုက်မတ်မတ်လုပ်ပေးလာတဲ့ အတွက် လုံခြုံရေးပိုပြီး ကောင်းမွန်လာမယ်လို့ ထင်ပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ကိုအောင်နေမျိုးက ဆိုသည်။

ထိုသို့ ့မြို့ပြလုံခြုံရေးအတွက် အင်တိုက်အားတိုက်လုပ်ဆောင်နေချိန် စက်တင်ဘာ ၁၂ ရက်၊ ည ၈ နာရီအချိန်
ခန့်တွင် နာရီစင်အနီး အသက် ၂၀ ကျော် အမျိုးသားတစ်ဦး၊ သူ၏အမျိုးသမီးကို သွားကြိုခိုက် လူတစ်စုမှ ဓားဖြင့်ခြစ်၍ ထွက်ပြေးမှု ဖြစ်ပွား၍ မုံရွာပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကာ ဓားဒဏ်ရာကြောင့် ၂ ချက် ချုပ်ခဲ့ရကြောင်း မုံရွာပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာန မှတ်တမ်းများ အရ သိရသည်။

" ၂ ချက်ချုပ်လိုက်ရတယ် ဒဏ်ရာက ကြီးရာကနေ သေးသွားတဲ့ ပုံစံမျိုးပါ ဖေ့ဘွတ်ခ်ပေါ်မှာ တက်နေသလို ဓားထိုးမှု ဒဏ်ရာမဟုတ်ပါဘူး။ ဓားနဲ့ခြစ်သွားတဲ့ ဒဏ်ရာပါ” ဟု မုံရွာပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ မုံရွာမြို့ပြ လုံခြုံရေးအတွက် စုပေါင်း၍ ကားများ၊ဆိုင်ကယ်များ၊ လူအင်အားအများအပြားဖြင့်
လှည့်လှည်နေမှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လာသည်။

" အလှူလှည့်သလို စီတန်းပြီး လှည့်နေတာ ဘုံကထိန်လှည့်နေတာလား ထင်ရတယ် ဘယ်လိုလုပ်ပြီး ထိရောက်မှာလဲ။ တကယ်ဆို မှုခင်းတွေ အဖြစ်များဆုံးနေရာမှာ ကင်းပုန်းဝပ်တဲ့အဖွဲ့က ဝပ်၊ လှည့်တဲ့အဖွဲ့က လှည့်၊ အဲ့ဒီလိုလုပ်မှ ထိထိရောက်ရောက်ရှိမှာပေါ့ ။ အခုဟာက For Show ပဲ လုပ်နေကြတာ” ဟု မုံရွာမြို့ခံတစ်ဦးက ဝေဖန်သည်။

ညစဉ်ညတိုင်း အင်အားသုံး လှည့်ကင်းများ ပြုလုပ်မှုကြောင့် မုံရွာတက္ကသိုလ်ရှေ့၊ ကန်သာယာ၊ ကမ်းနားလမ်း များတွင် ညအချိန် အုပ်စုဖွဲ့ အရက်သောက်စားသည့် အဖွဲ့များ လျော့နည်းသွားပြီး မူခင်းဖြစ်ပွားမှုများ လျော့နည်လာကြောင်း သိရသည်။

" ဝေဖန်နေတဲ့သူတွေကိုပြောချင်ပါတယ်။ သူတို့ကိုယ်တိုင် ကိုယ့်မြို့ ကိုယ့်ရွာလုံခြုံရေးအတွက် လာပူးပေါင်းပြီး ဆောက်ရွက်ကြည့်ပါ။ ဖေ့ဘုတ်ပေါ်မှာ စာလေးတစ်ကြောင်း၊ နှစ်ကြောင်း ကောက်တင်ရတာလွယ်ပါတယ်။ အရပ်ဖက်အဖွဲ့တွေဆိုတာ ကိုယ့်စရိတ်နဲ့ကိုယ် ကိုယ့်မြို့လုံခြုံရေးအတွက် လုပ်နေကြတာပါ။ အခုလို လုပ်တဲ့အတွက် မှုခင်းဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်တယ်။ မှုခင်းတွေ လျော့နည်းသွားတယ်” ဟု အရပ်ဖက် ပူးပေါင်းအဖွဲ့မှ ကိုကျော်မိုးလှိုင်က ဆိုသည်။

လှည့်ကင်းလှည့်လည်ခြင်း၊ ရှောင်တခင် စစ်ဆေးရှာဖွေခြင်း၊လမ်းဘေးဝဲယာ၌ မူးယစ်သောက်စားသူများကို အရေးယူခြင်းမပြုလုပ်ပဲ မှုခင်းပညာပေးအနေဖြင့်သာ ဆောင်ရွက်နေပြီး ဆက်လက်၍ ဒေသန္တရ အမိန့်တစ်ခု ဖြင့် ထုတ်ပြန်သွားဖို့ ရှိကြောင်း သိရသည်။

ဝေဖန်မှုများစွာရှိသည့် မြို့ပြလုံခြုံရေး လှည့်ကင်းလှည့်လှမှုကြောင့် မှုခင်းများ မည်မျှလောက် လျော့နည်း ကျဆင်းသွားသည် ဆိုသည်ကတော့ စောင့်ကြည့်ရပေဦးမည်။

Mizzima Weekly