တည်ဆောက်ပြီး ၁၇ နှစ်ကျော်အကြာတွင် ကျိုးကျခဲ့သည့် ဆွာချောင်းရေလှောင်တမံ

တည်ဆောက်ပြီး ၁၇ နှစ်ကျော်အကြာတွင် ကျိုးကျခဲ့သည့် ဆွာချောင်းရေလှောင်တမံ

စက်တင်ဘာ ၁၀ ။           ။ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် ဆွာချောင်းရေလှောင်တမံ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဘဲနှုတ်သီးသဏ္ဍာန် သံကူကွန်ကရစ် ရေပိုလွဲမှ ကျိုးကျခဲ့သည့်အတွက် ဆည်တည်ဆောက်ပြီး ၁၇ နှစ် အကြာတွင် ကျိုးကျခဲ့သော ဆည်တစ်ခုဖြစ်သည်။

ကျိုးကျခဲ့သည် ရေပိုလွဲ အကျယ် (၄၀၀)ပေ၊ အလျား (၆၁၈)ပေ ရှိပြီး အဆိုပါ ရေပိုလွဲမှ ပေပါပုံး အရွယ် အပေါက်မှတဆင့် ရေပိုလွဲတစ်ခုလုံး ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ဆည်အနီးကျေးရွာမှ ရွာသားတစ်ဦးက ဆိုသည်။

" မနက် ၃ နာရီလောက် ကျွန်တော်ကျွဲပျောက်လို့ လိုက်ရှာတာ ကျွဲက မနက်ခင်းအစောပိုင်းဆိုရင် အဲ့ဒီဘက် သွားသွားနေကျ၊ အဲဒါ ကျွဲလိုက်ရှာရင်းနဲ့ ရေပိုလွှဲနားရောက်တော့ ရေက ပုံမှန်အသံမဟုတ်ဘူး တဝေါဝေါနဲ့ ကျနေတယ်။ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ ပေပါပုံးလောက် အပေါက်ကနေ ရေတွေ စထွက်နေတာကို မြင်ရတယ်။ ဆည်မြောင်းက တာဝန်ရှိသူကို အကြောင်းကြားတော့ မထိန်းနိုင်တော့ဘူး။ အဲ့ဒါနဲ့ အနီးနားက ရှိတဲ့ရွာတွေကို ကြေညာလိုက်တော့တာ မနက် ၅ နာရီလောက် ရောက်သွားတော့ တံခါးတစ်ခုလုံး ပွင့်သွားတော့တာ " ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆိုသည်။

ယင်းရေလှောင်တမံသည် ရေဆင်းဧရိယာ (၄၀၃) စတုရမ်းမိုင်၊ မြေသားတမံ အမျိုးအစားဖြစ်ကာ ရေလှောင်တမံအမြင့် ပင်မတမံ (၉၇)ပေ၊ တမံအလျား ပင်မတမံ ၆၆၀၀ ပေ၊ ရေလှောင်ကန် ရေပြည့်ဧရိယာ (၂၂၈၀၀၀) ဧကပေနဲ့ ဆည်ရေသောက် ဧရိယာ (၃၅၀၀၀) ဧကကို ရေပေးဝေကြောင်း သိရသည်။

ရေပိုလွဲတံခါး ကျိုးကျမှုကြောင့် ဆွာချောင်း နံဘေးရှိ ကျေးရွာပေါင်း ၈၅ ရွာက လယ်မြေဧက ၂ သောင်းကျော် နှင့် လူနှင့်ကျွဲနွားတိရိစ္ဆာန်များသေဆုံးခြင်းများ ရှိခဲ့သည်။

ရေလှောင်တမံကို စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်ရန်နှင့်စစ်တောင်းမြစ်ရေကြီးမှုကို အထိုက်အလျောက်ကာ ကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကုန်ကျငွေကျပ် (၄၀၀၀.၃)သန်း   ကုန်ကျခံကာ ဆွာချောင်းကို ပိတ်၍တည်ဆောက်ခြင်းဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးရဲ့ လမ်းညွှန်ချက်အရ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့ကြောင်း ဆွာချောင်းရေလှောင်တမံ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်တွင် ရေထိုးထားသည်။

လက်ရှိအချိန်မှာတော့ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းရေလှောင်တမံ ရေထိန်းတံခါး ကျိုးပေါက်မှုကြောင့် မြို့နယ် ၆ မြို့နယ်ထဲရှိ မြေဧက ၁ သိန်း ၄ သောင်းနီးပါး ရေဖုံးလွှမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၄ ဘီလီယံ ကျော်ရှိခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

အဆိုပါရေဘေးကြောင့် လူ ၆ သောင်းကျော်ရေဘေးသင့်ခဲ့ရပြီး မြို့နယ် ၆ မြို့နယ်ထဲတွင်ရှိသော လမ်းများမှာ မိုင် ၃၀ အရှည်ခန့်အထိ ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။ လယ် ဧကပေါင်း ၁ သိန်း ၄ သောင်း ရေနစ်မြုပ် ဖုံးလွှမ်းခဲ့ရပြီး ပြန်လည်ထူထောင်ရေးများ လုပ်ကိုင်ရမည့် ဒေသများလည်း ဖြစ်သည်။

Mizzima Weekly