အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၈ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၈ )

အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများ (Revenue Raising Power)

၂၀၀၈ ဖွဲ့စည်းပုံတွင် ပြည်ထောင်စုအစိုးရ၏ ဥပဒေပြုစာရင်း၌ အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများလည်း ပါဝင်သည်။ ပြည်ထောင်စုအစိုးရကသာ ကောက်ခံခွင့်ရှိသော အခွန်များတွင် ဝင်ငွေအရင်းအမြစ်များသော ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် သဘာဝသယံဇာတနှင့်ဆိုင်သော အခွန်များ ပါဝင်သည်။ မြန်မာနိုင်ငံတတစ်ဝန်း ကောက်ခံရရှိသော အခွန်ဘဏ္ဍာအများစုကို ပြည်ထောင်စုအစိုးရက ကောက်ခံပြီး တစ်နိုင်ငံ လုံး အခွန်ဘဏ္ဍာငွေ အားလုံး၏ (၉၆) ရာခိုင်နှုန်းသည် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တို့မှ ကောက်ခံရရှိ သော အခွန်ဝင်ငွေများ ဖြစ်သည်။ ပြည်နယ်/တိုင်းဒေသကြီးများသည် ပြည်နယ်/တိုင်းဒေသကြီး ရန်ပုံငွေ အတွက် ကောက်ခံခွင့်ရှိသော အခွန်အခများကို ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည်။ ပြည်နယ်/တိုင်းဒေသကြီးများကကောက်ခံသော အခွန်များတွင် မြေခွန်နှင့် ယစ်မျိုးခွန်မှလွဲပြီးကျန်အခွန်များ သည် ပြည်နယ်/တိုင်းဒေသကြီး များအတွက် ဝင်ငွေအနည်းငယ်ကိုသာ ဆောင်ကျဉ်းပေးနိုင်သည်။ ဥပမာ - ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်/တိုင်းဒေသကြီးများ၏ အခွန်ဝင်ငွေသည် ပြည်နယ်/တိုင်းဒေသကြီး ဝင်ငွေ၏ (၅) ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုသည်။ ထို့ကြောင့် ပြည်ထောင်စု အစိုးရသည် ပြည်နယ်/တိုင်း ဒေသကြီးအစိုးရများထက် အခွန်ဝင်ငွေ ပိုကောက်ခံရရှိခြင်းသည် မဆန်းကျယ်ပေ။

ပြည်နယ်/တိုင်းဒေသကြီးများက ကောက်ခံခွင့်ရှိသော အခွန်များကိုစည်ပင် သာယာရေးအဖွဲ့ (DAO) က လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (Township GAD) က လည်းကောင်း၊ ပြည်တွင်း အခွန်ဦးစီးဌာန (IRD) ကလည်းကောင်း ကောက်ခံပြီး ကောက်ခံရရှိသော အခွန် ဘဏ္ဍာငွေများကို ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်သည်။ ပြည်နယ်/တိုင်းဒေသကြီးများသည် ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသော အခွန်အခများကို ကောက်ခံခွင့်ရှိသော်လည်း မြေခွန်၊ ယစ်မျိုးခွန်နှင့် စည်ပင်သာယာခွန်က လွဲပြီး ကျန်အခွန်များအတွက် အခွန်နှုန်းထားများကို ပြည်နယ်/တိုင်း ဒေသကြီးများက သတ်မှတ်ပိုင်ခွင့် ရှိ၊ မရှိကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခ များ” ဟု ဖော်ပြထားသဖြင့် ထိုအခွန်အခများကို ကောက်ခံခွင့်အပြင် ဥပဒေပြဋ္ဌာန်း ခွင့် ရှိ၊ မရှိမှာ မသေချာပေ။

၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေနှင့်အတူ ဥပဒေပြု စာရင်းတိုးလာသကဲ့သို့   ပြည်နယ်/တိုင်းဒေသကြီးတို့က ကောက်ခံခွင့်ရှိသော အခွန်အခသည် ယခင် (၁၆) မျိုးမှ ယခု (၃၉) မျိုး အထိ အခု (၂၀) တိုးလာသည်။ တိုးချဲ့စာရင်းတွင် ယခင် ပြည်ထောင်စု လက်ထဲတွင်သာရှိခဲ့သော အခွန်အာဏာ အချို့ကို ဗဟိုချုပ်ကိုင်မှုလျှော့ချသည့်ပုံစံဖြင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများအား ခွဲဝေပေးခြင်းဖြစ်သည်။ ပြည်နယ်/တိုင်းဒေသကြီးများသည် ထိုအခွန်ကောက်ခံခွင့်အာဏာတို့ကို မည်သည့်အတိုင်းအတာထိ အသုံးချ သွားနိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ ထို့အတူ တိုးချဲ့စာရင်းသည် ပြည်ထောင်စု ဥပဒေပြုစာရင်းမှ မျှဝေပေးထားသော အခွန်ဆို်င်ရာ ဥပဒေပြုစာရင်းများဖြစ်သည့်အားလျော်စွာ ထိုစာရင်းသည် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရတို့ ပူးတွဲကျင့်သုံးခွင့်ရှိသော ထပ်ထူပြုအခွန် အာဏာများ (concurrent taxation power)နှင့် ဆင်တူသည်။ ထို့ကြောင့် ပြည်နယ် /တိုင်းဒေသကြီးများသည် တိုးချဲ့စာရင်းပါ အခွန် အာဏာများကို လက်တွေ့အသုံးချရာတွင် ပြည်ထောင်စု၏ လွှမ်းမိုးမှု ရှိမရှိကို စောင့်ကြည့်  လေ့လာရမည် ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုမှ ပြည်နယ်/တိုင်းဒေသကြီးများအား အခွန်ကောက်ခံခွင့်အာဏာအချို့ ခွဲဝေပေး ပြီးနောက် တွေ့ရသော နောက်ထပ်ဗဟို ဖြေလျှော့မှုပုံစံတစ်ခုမှာ ပြည်ထောင်စုအခွန်ငွေအချို့၏ အချိုးအစား တစ်ခုကို ပြည်နယ်/တိုင်း ဒေသကြီးများအား ခွဲဝေပေးခြင်းဖြစ်သည်။ ပြည်ထောင်စုကသာ ကောက်ခံခွင့်ရှိသော အခွန်များဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တစ်ဦးချင်းဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်တို့မှ ကောက်ခံရရှိသော အခွန်ဝင်ငွေအချို့ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာခုနှစ်မှစ၍ ပြည်နယ်/တိုင်းဒေသကြီးများနှင့် မျှဝေသည်။ ပြည်တွင်းအခွန်ဦးစီးဌာန (IRD) သည် ထိုအခွန်များကို ပြည်ထောင်စုအစိုးရအတွက် ကောက်ခံ ပေးပြီး ပြည်နယ်/တိုင်းဒေသကြီး ရန်ပုံငွေစာရင်းထဲသို့ သတ်မှတ်အချိုးအစား (ရာခိုင်နှုန်း) အတိုင်း တိုက်ရိုက် လွှဲပြောင်းပေးသည်။ ထိုလွှဲပြောင်းပေးသည့် မျှငွေအခွန်ဝင်ငွေများသည်လက်ရှိတွင်ပြည်နယ်/တိုင်းဒေသကြီး များကလက်ခံရရှိသော ပြည်ထောင်စုထောက်ပံ့ငွေများနှင့် နှိုင်းယှဉ်ကြည့်လျှင်အလွန်နည်းနေပြီးပြည်နယ်/တိုင်း ဒေသကြီးများ၏ ဝင်ငွေပုံစံ (revenue patterns) ကို အနည်းငယ်သာ ပြောင်းလဲစေသည်။ ဥပမာ - ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ပြည်နည်/ တိုင်း ဒေသကြီးများနှင့် မျှဝေသော ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် မျှဝေပမာဏသည် မြန်မာကျပ်ငွေ (၂၁၃) ဘီလီယံသာ ရှိပြီး ပြည်ထောင်စုထောက်ပံ့ငွေစုစုပေါင်း (မြန်မာကျပ် ငွေ ၁၇၀၀ ဘီလီယျံ)၏ ၁၂ ရာခိုင်နှုန်းမျှသာ ရှိသည်။ တစ်ဦးကျဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် မျှဝေပမာဏ သည်လည်း ပြည်နယ်/တိုင်းဒေသကြီးများ၏ စုစုပေါင်းဝင်ငွေ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ ကိုယ်စားပြုသည်။

ပြည်တွင်းအခွန်ဦးစီးဌာန (IRD) မှတစ်ဆင့် ပြည်ထောင်စုအစိုးရကောက်ခံရရှိသော အခွန်ငွေများကို ပြည်နယ်/ တိုင်းဒေသကြီးတို့နှင့် မျှဝေရာတွင် ရယူသည့် အရင်းခံ (derivation) ပေါ် အခြေခံပြီး (တစ်နည်းအားဖြင့် အခွန်ကောက်ခံရရှိသော ပြည်နယ်/တိုင်းဒေသကြီး သို့မဟုတ် မြို့နယ်အပေါ် အခြေခံပြီး) သတ်မှတ်အချိုးအစား (ရာခိုင်နှုန်း) အလိုက် မျှဝေသည်။ ထိုသတ်မှတ်အချိုးအစားကို ပြည်ထောင်စုအစိုးရကသာ ဆုံးဖြတ်သွားသဖြင့် ထိုအချိုးအစားနှင့်ပတ်သက်၍ အပြောင်းအလဲ ကြီးကြီးမားများရှိလျှင် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဝင်ငွေ ပမာဏအပေါ် အကျိုးသက်ရောက်နိုင်သည်။ ပြည်နယ်/တိုင်းဒေသကြီးအစိုးရသည် ထိုမျှဝေအခွန်များကို စိတ်ကြိုက်သင့်တော်သလို အသုံးပြုခွင့်ရှိသော်လည်း ခွဲဝေမည့်အချိုးအစားသတ်မှတ်ချက်ကို ဥပဒေပြုခွင့် သို့မဟုတ် ဆုံးဖြတ်ခွင့် မရှိသဖြင့် ဖက်ဒရယ်စနစ်၏ ဝိသေသတစ်ခုဖြစ်သော ပြည်နယ်/တိုင်းဒေသကြီးများ၏ ဘဏ္ဍာငွေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်(Fiscal autonomy) ကို အားပေးခြင်း မရှိသည်ကို တွေ့ရသည်။

သို့ရာတွင် ပြည်ထောင်စုအခွန်ငွေများကို ပြည်နယ်/တိုင်းဒေသကြီးများနှင့်အချိုးအစားမှတ်ပြီးထိုသို့မျှဝေလိုက် ခြင်းသည် ယခင်အစိုးရအဆက်ဆက် မရှိခဲ့ဘူးသော အခွန်ရငွေခွဲဝေမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု တစ်ခုဖြစ် သည်။ ပြည်နယ်/တိုင်းဒေသကြီးများသည် ၎င်းတို့ဒေသမှ ကောက်ခံရရှိသော ပြည်ထောင်စုအခွန် အချို့မှ အခွန်ရငွေများနှင် မျှဝေအခွန်ရငွေအချိုးအစားတို့ကို သိရှိခွင့်ရသဖြင့် ဖက်ဒရယ်စနစ်အတွက် ကောင်းမွန်သော ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်နိုင်ပါသည်။ ပြည်ထောင်စုအခွန် ရငွေမျှဝေမှုနှင့်ပတ်သက်၍ ထိုထက်မက ပွင့်လင်း မြင်သာမှုရှိရေးနှင့် မျှဝေအချိုးအစားသတ်မှတ်ရာတွင် ပြည်နယ်/တိုင်းဒေသကြီးများ၏ အခန်းကဏ္ဍတစ်ခုခု ပါဝင်နိုင်ရေးအတွက်လည်း တွန်းအားပေးသွားရန် လိုပါသည်။

 

ဘာဏ္ဍာရေး မညီမျှမှုများ (Fiscal Imbalance)

နိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအရ ပြည်ထောင်စု၏ အသုံးစရိတ်တာဝန်များနှင့် အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများသည် ပြည်နယ်/တိုင်းဒေသကြီးများ၏ အသုံးစရိတ်နှင့် အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ များထက် ပိုများနေသည်။ ထို့အပြင် ပြည်နယ်/တိုင်းဒေသကြီးများကို လက်ရှိအပ်နှင်းထားသော အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများသည် ၎င်းတို့၏ အသုံးစရိတ်တာဝန်များအတွက် လုံလောက်သော အခွန်ဝင်ငွေများကို ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိပါ။ ထိုသို့ အခြေခံအချိုးမညီမှု (basic asymmetry) သည် ဒေါင်လိုက်ဘဏ္ဍာရေး ကွာဟမှု (vertical fiscal gap) ကို ဖြစ်ပေါ်စေသည်။ ထိုဘဏ္ဍာရေးကွာဟမှုကို ဖြည့်ဆည်းနိုင်ရန် ပြည်နယ် / တိုင်းဒေသကြီးများသည် ပြည်ထောင်စုအစိုးရ၏ လွှဲပြောင်းငွေများကို မှီခိုအားထား နေရသည်။ ပြည်နယ်/တိုင်း ဒေသကြီးတို့သည် ၎င်းတို့၏ ဘတ်ဂျက်လိုငွေများအတွက် ပြည်ထောင်စုအစိုးရ၏ လွှဲပြောင်းငွေများအပေါ် အလွန်အကျွံမှီခိုအားထားနေရပါက ပြည်နယ်/တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်နယ်ပယ်များအပေါ် ပြည်ထောင် စုအစိုးရက လွှမ်းမိုးခြယ်လှယ်နိုင်သောကြောင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဝင်ငွေအရင်းအမြစ်များကို တိုးချဲ့သွားရန် လိုပါသည်။

ဘဏ္ဍာရေး လွှဲပြောင်းမှုများ (Fiscal Transfers)

ပြည်ထောင်စုအစိုးရသည် ပြည်နယ်/တိုင်းဒေသကြီးများ ကြုံတွေ့ရသော ဒေါင်လိုက်ဘဏ္ဍာရေး ကွာဟမှုများကို ဖြေရှင်းရာတွင် ဘဏ္ဍာငွေလွှဲပြောင်းမှုနည်းလမ်းအမျိုးမျိုးကို အသုံးပြုသည်။ ဘဏ္ဍာငွေလွှဲပြောင်းမှု အစီအမံများ သည် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရများအကြား ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေး (fiscal relation) အတွက် အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသော ဘဏ္ဍာငွေ လွှဲပြောင်းမှု နည်းလမ်းများကို ထောက်ပံ့ငွေလွှဲပြောင်းမှုများ (grant transfers) နှင့် ပြည်ထောင်စု အခွန်ရငွေ မျှဝေခြင်း (sharing of Union tax revenues) ဟူ၍ ပုံစံ (၂) မျိုးဖြင့် ခွဲခြားနိုင်သည်။ ပြည်ထောင်စု အခွန်ရငွေ မျှဝေခြင်းအကြောင်းကို ရှေ့ပိုင်းတွင် တင်ပြထားပြီးဖြစ်ရာ ယခုအခါတွင် ပြည်ထောင်စုမှ ပြည်နယ်/တိုင်း ဒေသကြီးများအတွက် ပြည်ထောင်စုရန်ပုံငွေမှ ချပေးသော ထောက်ပံ့ငွေလွှဲပြောင်းမှုများကို တစ်ခုချင်းစီ သုံးသပ်တင်ပြသွားပါမည်။

တစ်ဦးကျကိုယ်ပိုင်အခွန်ရငွေ (per capita own tax revenue)

ဘဏ္ဍာနှစ် (၂) နှစ်လုံးတွင် မြို့ပြဆန်သော ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် တစ်ဦးကျ ကိုယ်ပိုင်အခွန် ရငွေ ကောက်ခံရရှိမှုအများဆုံးဖြစ်သည်။ ဆိုလိုသည် မှာ ပြည်နယ်/တိုင်းဒေသကြီးများ၏ စီးပွားရေးဖွံ့ဖြိုးမှု အဆင့်ကွာဟမှုသည် ကိုယ်ပိုင်အခွန်ကောက်ခံရရှိမှုအပေါ် သက်ရောက်သည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်

သည်။

တစ်ဦးကျထောက်ပံ့ငွေလွှဲပြောင်းမှု (per capita transfer)

ဘဏ္ဍာနှစ်နှစ်ခုလုံးတွင် မြို့ပြဆန်သော ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းထံသို့ လွှဲပြောင်းပေးသော တစ်ဦးကျ ထောက်ပံ့ငွေများသည် အခြားသော ပြည်နယ်/တိုင်းဒေသကြီးများထံသို့ လွှဲပြောင်းပေးသော ထောက်ပံ့ငွေ များအောက် လျှော့နည်းနေသည်။ ထိုတိုင်းနှစ်ခု၏ တစ်ဦးချင်းကိုယ်ပိုင်အခွန်ရငွေသည် အခြားသော ပြည်နယ်/ တိုင်းဒေသကြီးများ ထက်ပိုများသောကြောင့် ပြည်ထောင်စု၏ လွှဲပြောင်းထောက်ပံ့ငွေများကို လျှော့ထားခြင်း

လည်း ဖြစ်နိုင်သည်။

တစ်ဦးကျမျှဝေအခွန်ရငွေ (per capita shared tax revenue)

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုအခွန်အချို့ (တစ်ဦးချင်းဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် တံဆိပ်ခေါင်းခွန်) မှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာ အချို့ကို ပြည်နယ်/တိုင်းဒေသကြီးများအား ခွဲဝေပေးသည်။ ကောက်ခံရရှိရာဒေသ (ပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ်) ကို အခြေခံပြီး သတ်မှတ်အချိုးအစားတစ်ခု (ရာခိုင်နှုန်း) ဖြင့် ပြည်ထောင်စုအစိုးရ၏ အခွန်ဘဏ္ဍာအချို့ကို ခွဲဝေခြင်းဖြစ်ရာ အခွန်ငွေကောက်ခံရရှိမှု များလေလေ ခွဲဝေပေးမည့် အခွန်ငွေပမာဏများလေလေ ဖြစ်သည်။ မျှော်လင့်ထား သည့်အတိုင်း မြို့ပြဆန်သော ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့၏ တစ်ဦးကျ မျှဝေအခွန်ရငွေသည် အခြား

သော ပြည်နယ်/တိုင်းဒေသကြီးများ၏ တစ်ဦးကျ အခွန်ရငွေများထက် ပိုများသည်။ ခြွင်းချက်တစ်ခုမှာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံထားရသော ချင်းပြည်နယ်၏ တစ်ဦးကျမျှဝေအခွန် ရငွေသည် မန္တလေးတိုင်းထက် ပိုများနေသည်။

စုစုပေါင်းတစ်ဦးကျရငွေ (total per capita revenue)

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တို့တွင် ပြည်နယ်/တိုင်းဒေသကြီများ၏ စုစုပေါင်း

တစ်ဦးကျ ရငွေများသည် စီးပွားရေးလုပ်ငန်းပိုများပြီး လူဦးရေထူထပ်သော ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့၏ စုစုပေါင်း တစ်ဦးကျရငွေများသည် စီးပွားရေးလုပ်ငန်းနည်းပြီး လူဦးရေနည်းသော ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့၏ စုစုပေါင်း တစ်ဦးကျရငွေများအောက် နည်းနေသည်။

ဘဏ္ဍာရေးမျှတမှု (fiscal equity)

တစ်ဦးကျမျှဝေအခွန်များကို အခွန်ကောက်ခံရရှိရာဒေသ အခြေခံပြီး သတ်မှတ်အချိုးအစားဖြင့် ပြန်လည်ခွဲဝေသဖြင့် မျှတမှုကို အခြေခံထားသည်။ အခွန်များများကောက်ခံရရှိလျှင် မျှဝေအခွန်ရငွေများများ ပြန်လည် ရရှိမည် ဖြစ်သည်။ ထို့ပြင် ထောက်ပံ့ငွေလွှဲပြောင်းမှုများကို ပြည်ထောင်စုအစိုးရက သင့်လျော်သလို ဆုံးဖြတ်သွားခြင်းထက် စည်းမျဉ်းအခြေခံပုံသေနည်းများကို အသုံးပြုပြီး ထုတ်ပေးသဖြင့် မျှတမှုကို အခြေခံထားသည်။

အသုံးစရိတ်လိုအပ်ချက် ပိုရှိနိုင်သော ပြည်နယ်များကို အခြားပြည်နယ်များထက် ထောက်ပံ့ငွေ ပိုပေးသည့် သဘောဖြစ်သည်။ သို့ရာတွင် ပြည်နယ်/တိုင်းဒေသကြီးများ၏ အသုံးစရိတ် တာဝန်များအတွက် လိုအပ်သော ဘဏ္ဍာငွေအရင်းအမြစ် (revenue sources) ညီမျှရေးအတွက် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဝင်ငွေအရင်း အမြစ်များ (ကိုယ်ပိုင်အခွန်ရငွေ၊ မျှဝေအခွန်ရငွေနှင့် အထွေထွေထောက်ပ့ံ ငွေ) ကို ထိန်းညှိထားမှု မရှိသည်ကို တွေ့ရသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်/တိုင်းဒေသကြီး များ၏ တစ်ဦးကျရငွေသည် ပျှမ်းမျှ ကျပ် (၅၀,၅၇၈) သန်း၊ အနိမ့်ဆုံး ကျပ် (၂၂,၂၃၅) သန်း နှင့် အမြင့်ဆုံး ကျပ် (၂၇၁,၅၃၂) သန်းရှိရာ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအချိုးမှာ (၁၂.၂) ဖြစ်သည်။ ထိုနည်းတူ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်လည်း တစ်ဦးကျရငွေသည် ပျှမ်းမျှ ကျပ် (၅၀,၉၀၇) သန်း၊ အနိမ့်ဆုံး ကျပ် (၂၂,၄၃၀) သန်းနှင့် အမြင့်ဆုံး ကျပ် (၂၇၈,၈၂၉) သန်းရှိရာ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအချိုးမှာ (၁၂.၄) ဖြစ်နေသည်။ ထို့ကြောင့် ပြည်နယ်/တိုင်း ဒေသကြီးများ၏ ဘဏ္ဍာငွေ အရင်းအမြစ်များသည် အလွန်ကွာဟမှုရှိနေသောကြောင့် ပြည်နယ်/တိုင်းဒေသကြီးများအကြား ဘဏ္ဍာရေးမျှ တမှု မရှိဟု ယျေဘုယျအားဖြင့် သုံးသပ်နိုင်သည်။

ဘဏ္ဍာရေးသာတူညီမျှမှု ဖြစ်စေခြင်း (Fiscal Equalization)

လက်ရှိမြန်မာနိုင်ငံ၏ ပြည်ထောင်စု ထောက်ပ့ံငွေ လွှဲပြောင်းမှုသည် သာတူညီမျှဖြစ်စေခြင်း မရှိသေးသည်ကို တွေ့ရသည်။ ပြည်နယ်/တိုင်းဒေသကြီးများထံသို့ လွှဲပြောင်းပေးသော ပျှမ်းမျှတစ်ဦးကျထောက်ပံ့ငွေ (average per capita grant transfer) သည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မြန်မာကျပ် ၃၄,၇၄၂ သန်းရှိပြီးနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တွင် မြန်မာကျပ် ၃၄,၃၇၀ သန်းရှိသည်။ ထိုပျမ်းမျှ ပမာဏအောက် ရရှိသော ပြည်နယ်/ တိုင်းဒေသကြီး အရေအတွက် မှာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် (၆) ခုနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၅) ခု

ရှိသည်။ ပြည်ထောင်စုအစိုးရသည် ထောက်ပံ့ငွေများဖြင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ ကိုယ်ပိုင်ရငွေ ကွာဟ မှုကို ညီအောင်ညှိပေးရမည့်အစား ကိုယ်ပိုင်ရငွေနည်းသည့် ပြည်နယ်/တိုင်းဒေသကြီးများသို့ လွှဲပေးသော ထောက်ပံ့ငွေများမှာ အလွန်များနေပြီး ကိုယ်ပိုင်ရငွေနည်းသည့် ပြည်နယ်/တိုင်းဒေသကြီးများ၏ စုစုပေါင်း တစ်ဦးကျရငွေသည် ကိုယ်ပိုင်ရငွေများသော ပြည်နယ်/တိုင်းဒေသကြီးများ၏ စုစုပေါင်းတစ်ဦးကျ ရငွေများ ထက် ပိုများနေသည်။ ဥပမာ - ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကိုယ်ပိုင်ရငွေနည်းသော ချင်းပြည်နယ်၏ တစ်ဦး ကျရငွေသည် မြန်မာကျပ် ၂၇၈,၈၂၉ သန်းရှိပြီး ကိုယ်ပိုင်ရငွေများသော ရန်ကုန်တိုင်း၏ တစ်ဦးကျရငွေသည် မြန်မာကျပ်ငွေ ၇၅,၂၇၈ သန်းသာ ရှိသည်။

ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Fiscal Autonomy)

မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီးများ၏ အခွန်အရင်းအမြစ် (ကိုယ်ပိုင်ရငွေ၊ မျှဝေအခွန်ဘဏ္ဍာနှင့် ပြည်ထောင်စုထောက်ပံ့ငွေ) အချိုးအစားများကို နှိုင်းယှဉ်ကြည့်လျှင် အချိုးအစားညီမျှမှု မရှိသည်ကို တွေ့ရသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်/ တိုင်းဒေသကြီး အများစု၏ ကိုယ်ပိုင်ရငွေများသည် (ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းကလွဲပြီး) ပြည်ထောင်စုအစိုးရ၏ လွှဲပြောင်းငွေ (အထွေထွေထောက်ပ့ံငွေ) များအောက် လျော့နည်းနေသည်။ ထိုနည်းတူ မျှဝေအခွန်ငွေ စတင်ခွဲဝေသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်လည်း ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေသည် (ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှ လွဲပြီး) ပြည်နယ်/တိုင်းဒေသကြီး

အများစု၏ ကိုယ်ပိုင်ရငွေနှင့် မျှဝေအခွန်ငွေ စုစုပေါင်းထက် ပိုများနေသည်။ ဆိုလိုသည်မှာ ပြည်နယ်/တိုင်း ဒေသကြီးများသည် ဘဏ္ဍာရေးအရ ပြည်ထောင်စုအစိုးရအပေါ် ပုံမှန်မှီခိုနေရသည့်သဘော ရှိသည်။ ထို့ပြင် ပြည်ထောင်စုအခွန်အချို့ (တစ်ဦးချင်းဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် တံဆိပ်ခေါင်း ခွန်) တို့မှ ရရှိသော အခွန်ဘဏ္ဍာအချို့ကို ပြည်နယ်/တိုင်းဒေသကြီများနှင့် ခွဲဝေရာတွင် ခွဲဝေမည့် အချိုးအစား (ရာခိုင်နှုန်း) များကို ပြည်ထောင်စုအစိုးရကသာ သင့်တော်သလို ဆုံးဖြတ်သွားသည့် သဘောရှိသဖြင့် ပြည်နယ် များသည် မိမိတို့ ဒေသမှ ကောက်ခံရရှိသော အခွန်ငွေများအပေါ် မည်မျှခံစားခွင့်ရှိသည်နှင့် ပတ်သက်၍ ဆုံးဖြတ် ပိုင်ခွင့် မရှိသည့် သဘောဖြစ်သည်။

ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု (Fiscal Transparency)

မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာငွေလွှဲပြောင်းမှုအစီအစဉ် သည် ဝင်ငွေအရင်းအမြစ်များကို ဖော်ပြထားမှုအားဖြင့်

ပွင့်လင်းမြင်သာမှု အနည်းငယ်ရှိလာသည်။ ယခင် ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာအရင်းအမြစ်များကို ကိုယ်ပိုင်

ရငွေနှင့် ပြည်ထောင်စုအစိုးရလွှဲပြောင်းငွေ (ထောက်ပံ့ငွေ) ဟူ၍ ပြည်နယ်/တိုင်း ဒေသကြီးများ၏ ဝင်ငွေအရင်း အမြစ်များကို ဖော်ပြထားသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ “မျှဝေအခွန်” ခေါင်းစဉ်ဖြင့် ပြည်နယ်/တိုင်း ဒေသကြီးတို့၏ အခွန်အရင်းအမြစ် တစ်ခုတိုးလာသည်။ အမှန်တကယ်တွင် ထိုမျှဝေအခွန်သည် ပြည်ထောင်စု အစိုးရ၏ အထွေထွေ ထောက်ပံ့ငွေ အခွန်ကို ခေါင်းစဉ်ခွဲတစ်ခု တိုးချဲ့ပေးထားသည့်သဘောသာ ရှိသည်။ (ထိုအခွန်ငွေများကို အခြားဝင်ငွေများနှင့် ရောထားသည့် ပြည်ထောင်စုအစိုးရ၏ အထွေထွေထောက်ပံ့ငွေများ သာ ဖြစ်သည်။) သို့ရာတွင် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောက်ခံရရှိသော သက်ဆိုင်ရာ ပြည်ထောင်စု အခွန်ငွေများသည် ကောက်ခံရရှိသော ဒေသများနှင့် ပြန်လည်ဝေမျှထားသည်ကို (ဝေမျှပေးသည့် အချိုးအစား နည်းနေသေးသည့်တိုင်) သိရှိရသဖြင့် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုသည် ယခင်ထက်စာလျှင်အနည်းငယ်ရှိလာ သည်ဟု ရှုမြင်ကြသည်။ မြန်မာနို်င်ငံ၏ လက်ရှိ ဘဏ္ဍာရေးစနစ်သည် ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏အခြေခံ သဘော တရားများအရ ဘဏ္ဍာရေး အာဏာများကို အစိုးရအဖွဲ့များအကြား ခွဲဝေထားမှုရှိသည်။ သို့ရာတွင် လက်ရှိဘဏ္ဍာရေးအာဏာခွဲဝေမှုအနေအထားသည် ပြည်ထောင်စုအစိုးရ၏ လက်ထဲတွင် ပို၍ စုပုံနေပြီး ပြည်နယ်/တိုင်းဒေသကြီးများ၏ ဘဏ္ဍာရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပေါ်ယံအားဖြင့်သာ ပေးအပ်ထားသည့် သဘော ရှိသည်။ ပြည်နယ်/တိုင်းဒေသကြီးများသည် ၎င်းတို့၏ အသုံးစရိတ်တာဝန်များအတွက် လိုအပ်သော ဘဏ္ဍာငွေများကို ၎င်းတို့၏ ကိုယ်ပိုင်ဘဏ္ဍာငွေ အရင်းအမြစ် တစ်ခုတည်းဖြင့် မလုံလောက်သဖြင့်ပြည်ထောင်စု အစိုးရအပေါ် ဘဏ္ဍာရေးအရ မှီခိုအားထားနေရဆဲဖြစ်သည်။ ပြည်ထောင်စုအစိုးရသည် ပြည်နယ်များအကြား ဘဏ္ဍာရေးမျှတမှု (အလားတူ ဘဏ္ဍာငွေအရင်းအမြစ်များ) ရှိရေးအတွက် ဘဏ္ဍာငွေထောက်ပံ့မှု အစီအစဉ် များမှတစ်ဆင့် ပြည်နယ်/တိုင်းဒေသကြီးများအတွက် ပြည်ထောင်စုအခွန်ဘဏ္ဍာ အချို့နှင့် ပြည်ထောင်စု ထောက်ပံ့ငွေများချပေးသည်။ ထိုအစီအစဉ်များသည် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဘတ်ဂျက်လိုငွေများကို အတိုင်းတာတစ်ခုထိ တည်ငြိမ်စေသော်လည်း ပြည်နယ်/တိုင်းဒေသကြီးမများ၏ ဘဏ္ဍာရေးကိုယ်ပိုင် အုပ်ချုပ် ခွင့်ကို အားနည်းစေသည်။ ထို့ကြောင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဘဏ္ဍာရေးအာဏာများ ခိုင်မာ အားကောင်းသည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်တစ်ခု ပေါ်ထွန်းလာရေးအတွက် လက်ရှိဘဏ္ဍာရေးစနစ်ကို စနစ်တကျ ပြုပြင်ပြောင်းလဲသွားရန် လိုပါသည်။    ။

{ ရှေ့အပတ် -  - မြန်မာနိုင်ငံ၏ အခွန်စနစ် ( အခွန်ကောက်ခံခြင်းနှင့် အခွန်အမျိုးအစား ) }

Mizzima Weekly