အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၇ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၇ )

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုများ

မြန်မာနိုင်ငံသည်လွတ်လပ်ရေးရပြီးက တည်းကဗဟိုချုပ်ကိုင်မှုများပြီး စစ်အစိုးရအဆက်ဆက်အုပ်ချုပ်လာခဲ့ သောတစ်ပြည်ထောင်စနစ်မှ ဗဟိုချုပ်ကိုင်မှု တဖြည်းဖြည်းလျှော့ချသည့် အရပ်သားအစိုးရအုပ်ချုပ်သော ဖက်ဒရယ်စနစ်သို့ ကူးပြောင်းရန် အားခဲနေသည်။ စစ်အစိုးရလက်ထက်တွင် ရေးဆွဲပြီးအတည်ပြုပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ဖြင့် ရွေးကောက်ပွဲများ ကျင်းပလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရနှင့် ၂၀၁၅ ခုနှစ်တွင် ဦးထင်ကျော် ဦးဆောင်သော အရပ်သားအစိုးရ တက်လာ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာအာဏာ (၃) ရပ် ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို အစိုးရအဖွဲ့များ (ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးများ) အကြား ခွဲဝေ ထားသဖြင့် အပေါ်ယံအားဖြင့် ဖက်ဒရယ်စနစ်နှင့် အလားသဏ္ဍာန် တူနေသော်လည်းထိုအာဏာခွဲဝေမှုများ ကို အသေးစိတ် လေ့လာကြည့်လျှင် ပြည်ထောင်စုအစိုးရကသာ ကြီးစိုးနေပြီး ပြည်နယ်/တိုင်းဒေသကြီးများ၏ အခန်းကဏ္ဍမှာ မှေးမှိန်နေဆဲ ဖြစ်သည်။ ပြည်နယ်/တိုင်းဒေသကြီးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့ရှိသော လုပ်ပိုင်ခွင့်အာဏာများ ဆင့်ကဲခွဲဝေပေးခြင်း(devolution) ထက် ပြည်ထောင်စုအစိုးရက ဝင်ရောက်ခြယ်လှယ်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာများ ဖြန့်ကျက်ခြင်း (deconcentration) က ပိုများနေသဖြင့် လက်ရှိမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်သည် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်စနစ်ထက် စစ်အစိုးရ ရေးဆွဲပုံဖော်ထားသော ဖက်ဒရယ်တစ်ပိုင်းအုပ်ချုပ်ရေးစနစ် (quasi-federalism) တစ်ခုသာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပီပြင်စွာ ပေါ်ထွန်းလာရေးအတွက် ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေး သည် အဓိကကျသကဲ့သို့ မြန်မာနိုင်ငံတွင် ရာစုနှစ် (၇) ခု နီးပါးဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များ ချုပ်ငြိမ်း နိုင်ရေးအတွက် လက်ရှိကျင်းပလျက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ထွက်ရှိရန်လိုပါ သည်။

မကြာသေးမီကလည်း လက်ရှိသမ္မတဦးထင်ကျော်က အနာဂတ်မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း သွားရန်နှင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “ဖက်ဒရယ်စနစ်သည် မငြိမ်းချမ်းသေးသော ပြည်ထောင်စု၏ ထွက်ရပ် လမ်း” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့ရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ဆိုင်ရာ ကြိုးပမ်းမှုများမှာ စိန်ခေါ်မှုများစွာရှိနေပြီး မျှော်လင့်ထားသလောက် ခရီးမပေါက်သေးပါ။ ဤစာတမ်း သည်တိုင်းရင်းသားပြည်သူများ လိုလားသော နိုင်ငံရေးတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတမှုတို့ ကို အာမခံချက်ပေးသော ဖက်ဒရယ်စနစ်သည် ပြည်တွင်းငြိမ်းချမ်းရေး၏ အဓိကသော့ချက်တစ်ခုအဖြစ် ယူဆ ထားပြီး ထိုဖက်ဒရယ်စနစ် ပေါ်ထွန်းလာနိုင်ရေးအတွက် ဖက်ဒရယ်စနစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို လေ့လာတင်ပြထားပါသည်။ ရှေ့အခန်းများတွင် ဖက်ဒရယ်နိုင်ငံအချို့၏ ဘဏ္ဍာ ရေးဖက်ဒရယ်စနစ်များကို ဖော်ပြထားပြီးဖြစ်ရာ ယခုအခါ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်ကို ဘဏ္ဍာရေး ဖက်ဒရယ်စနစ်၏ အစိတ်အပိုင်းအားဖြင့် အားနည်းချက်နှင့်အားသာချက်များကို သုံးသပ်တင်ပြသွားပါမည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့ဘဏ္ဍာရေးစနစ်၏ အဓိကကျောရိုးဖြစ်သည်။ဖက်ဒရယ်နိုင်ငံအချို့ တွင်တွေ့ရသော ဘဏ္ဍာရေးဖွဲ့စည်းပုံ (fiscal constitution) ကို နိုင်ငံတော်ဖွဲ့စည်းပုံထဲတွင် သီးသန့်ကဏ္ဍတစ်ခု အနေဖြင့် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အခြားသော လုပ်ပိုင်ခွင့်အာဏာများနှင့်အတူ ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့၏ ဘဏ္ဍာရေး အာဏာများကို ဖွဲ့စည်းပုံထဲတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ ဘဏ္ဍာရေးအာဏာ (fiscal power) သည် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေပြုခွင့်၊ စီမံအုပ်ချုပ်ခွင့်နှင့် ထိန်းကျောင်းခွင့် (legislative, administrative and regulatory rights) တို့ကို ရည်ညွှန်း လေ့ရှိသော်လည်း မြန်မာနိုင်ငံတွင် တွေ့ရသော ပြည်နယ်/တိုင်းဒေသကြီးများ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများသည် တစ်ခါတစ်ရံတွင် ထိုအာဏာ (၃) ရပ်လုံး အကျုံးမဝင်ဘဲ စီမံအုပ်ချုပ်ရေး အာဏာများသာ ရှိသည်။ ဆိုလိုသည်မှာ ပြည်နယ်/တိုင်းဒေသကြီးတို့သည် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဥပဒေ ပြုခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်များ ရှိသော်လည်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရများကသာ ဥပဒေပြုခွင့်ရှိသည်ဟု အမြဲတမ်း မှတ်ယူ၍မရပါ။ ပြည်ထောင်စုအစိုးရမှ ပြဋ္ဌာန်းထားသည့် အခြားဥပဒေများကိုလည်း လေးစားလိုက် နာရသည်။

အသုံးစရိတ်များ

ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရတို့၏ လုပ်ပိုင်ခွင့်တာဝန်များကို ၂၀၀၈ ဖွဲ့စည်းပုံပါ ပြည်နယ် / တိုင်းဒေသကြီး ဥပဒေပြုစာရင်းတို့ကို နှိုင်းယှဉ်ကြည့်လျှင် ပြည်ထောင်စုသည် ပြည်နယ်/တိုင်းဒေသကြီး များ ထက် ဥပဒေပြုအာဏာ ပိုများသည်။ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် နိုင်ငံတော်ဖွဲ့စည်းပုံကို ပြင်ဆင်သည့် ဥပဒေသည် ပြည်နယ်/တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့် အာဏာများကို တိုးချဲ့ထားသည် ။

ထိုဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဥပဒေပြုစာရင်း (၃၅) ခုတိုးလာပြီး  ပြည်နယ်/တိုင်းဒေသကြီးများက ကောက်ခံခွင့်ရှိသော အခွန်အခများစာရင်းတွင် ဥပဒေပြုစာရင်း (၇၅) ခု တိုးလာသည်။ တိုးချဲ့စာရင်းများသည် ပြည်ထောင်စုဥပဒေပြုစာရင်းထဲမှ လုပ်ပိုင်ခွင့်အာဏာအချို့ကို ပြည်နယ်/တိုင်းဒေသကြီးများအား ခွဲဝေပေးခြင်း ဖြစ်ရာ ဗဟိုချုပ်ကိုင်မှု လျှော့ချမှုများဟု ရှုမြင်ကြသည်။ ထို့ပြင် တိုးချဲ့စာရင်းသည် ကဏ္ဍတစ်ခုလုံးကို ဥပဒေ ပြုခွင့်ထက် သက်ဆိုင်ရာကဏ္ဍ၏ အစိတ်အပိုင်းအချို့ကိုသာ ခွဲထားသဖြင့် ထိုစာရင်းသစ်သည် ပြည်ထောင်စုနှင့် ပြည်နည်/တိုင်းဒေသကြီးတို့ ပူးတွဲကျင့်သုံးခွင့် ရှိသောထပ်တူပြုအာဏာများနှင့်ဆင်တူသည်။ ခြုံငုံသုံးသပ် ကြည့်လျှင် ရှင်းလင်းပြည်စုံမှုနှင့် ရှေ့နောက်ကိုက်ညီမှု မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စု အစိုးရ သည် ပြည်ထောင်စုဥပဒေပြုစာရင်းပါ ၎င်း၏ သီးခြားလုပ်ပိုင်ခွင့် အာဏာများကို ဥပဒေပြုပြဋ္ဌာန်းပြီး အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်သော်လည်း လက်တွေ့တွင် ပြည်ထောင်စု၏ သီးခြားလုပ်ပိုင်ခွင့်တာဝန် အချို့ကို ပြည်နယ်/တိုင်းဒေသကြီးများက ဖြည့်ဆည်းပေးနေရသည်။ ဥပမာ - တနင်္သာရီတိုင်းအတွင်းရှိ ပြည်ထောင်စုလမ်းများ ဖောက်လုပ်ရာတွင် ကုန်ကျစရိတ်အချို့ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရက ကျခံ ပေးရသည်။ ထို့အပြင် အသုံးစရိတ်တာဝန်အများအပြားကို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ထိန်းချုပ် မှုအောက်တွင်သာ ထားရှိသဖြင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ဝန်ကြီးဌာနများသည် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ဝန်ကြီးဌာနဆိုင်ရာ အသုံးစရိတ်များအတွက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မှာ မရှိသလောက်ပင် နည်းပါးနေပါသည်။

ပြည်နယ်/တိုင်းဒေသကြီးအစိုးရများ၏ အသုံးစရိတ်တာဝန်များကို အဓိကပုံစံ(၂) မျိုးဖြင့် ခွဲခြားကြည့်နိုင်သည်။  ပထမ အသုံးစရိတ်ပုံစံမှာ ပြည်နယ်/တိုင်းဒေသကြီးများကို တရားဝင်အပ်နှင်းထားပြီး ပြည်နယ်/ တိုင်းဒေသကြီး များ၏ ဘတ်ဂျက်အတွင်း ပြည်နယ်/တိုင်းဒေသကြီးများ၏ ကိုယ်ပိုင်ဝင်ငွေများဖြင့် ဆောင်ရွက်ရသောလွှဲပြောင်း အသုံးစရိတ်တာဝန်များ (devolved expenditure responsibilities)ဖြစ်သည်။ ဤအသုံးစရိတ်တာဝန်များသည် ပြည်နယ်/တိုင်းဒေသကြီးများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အပြည့်အဝပေးအပ်ထားသော အသုံးစရိတ်များ ဖြစ် သည်။ ဒုတိယအသုံးစရိတ်ပုံစံမှာ ပြည်ထောင်စုဘဏ္ဍာဖြင့် ပြည်နယ်/တိုင်းဒေသကြီးများက တာဝန်ယူ

ဆောင်ရွက်ရသော ဗဟိုဖြေလျှော့အသုံးစရိတ်တာဝန်များ (deconcentrated expenditure responsibilities) ဖြစ်သည်။ ဤအသုံးစရိတ်များနှင့်ပတ်သက်၍ ပြည်နယ်/တိုင်းဒေသကြီးအဆင့်အစိုးရနှင့် ဝန်ကြီးဌာနများသည် ၎င်းတို့၏ သဘောထားများ ပေးနိုင်သော်လည်း နောက်ဆုံးတွင် ပြည်ထောင်စုအစိုးရကသာ ဆုံးဖြတ်ခွင့်ရှိသော အသုံးစရိတ်တာဝန်များ ဖြစ်သည်။   ။

{ ရှေ့အပတ် - အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ }

Mizzima Weekly