အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၄ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၄ )

သြစတြေးလျနိုင်ငံ

သြစတြေးလျနိုင်ငံသည် ပြည်နယ် (State) (၆) ခု နှင့် နယ်မြေ (territory) (၂) ခုတို့ဖြင့် ဖွဲ့စည်းထားသော နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသည့် ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်အာဏာများကိုအစိုးရအဆင့် (၂)  ဆင့် ဖြင့်ဖက်ဒရယ် (the Commonwealth) နှင့် ပြည်နယ် (States) ကိုသာ ခွဲဝေပေးသည်။ ဒေသန္တရ အစိုးရသည် ဖွဲ့စည်းပုံမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာများ မရှိသော်လည်း ပြည်နယ်များမှ ပြဋ္ဌာန်းဥပဒေများမှ တစ်ဆင့် လုပ်ပိုင်ခွင့်အာဏာများ ရရှိကြသည်။ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့သည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ်လွှတ်တော်ကို လွှတ်တော်နှစ်ရပ် (အထက်လွှတ်တော် - Senate နှင့် အောက်လွှတ်တော် - House of Representatives) ဖြင့် ဖွဲ့စည်းထားသည်။ သို့ရာတွင် ဖက်ဒရယ်လွှတ်တော်သည် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးစသည့် အစိုးရ၏ အဓိကကျသော လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်အာဏာများမရှိပေ။ ပြည်နယ် များကသာ ထိုလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်သည်။ ပြည်နယ်များသည် ဖက်ဒရယ်အစိုးရမှ  ကန့်သတ်ချက် မထားသည့် မည်သည့် ကိစ္စရပ်ကိုမဆိုဥပဒေပြုခွင့်ရှိသည်။

အချို့သောဖက်ဒရယ်နိုင်ငံများနည်းတူ သြစတြေးလျနိုင်ငံ၏ ဘဏ္ဍာရေးစနစ်ကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ သြစတြေးလျဘဏ္ဍာရေးစနစ်ကို ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အခြေခံအစိတ်အပိုင်းအားဖြင့် ဖော်ပြသွားပါမည်။

အသုံးစရိတ်တာဝန်များ

သြစတြေးလျနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ လုပ်ပိုင်ခွင့် တာဝန် များကို ပြဋ္ဌာန်းပေးထားသည်။ အစိုးရအဖွဲ့များအကြား ခွဲဝေအပ်နှင်းထားသော လုပ်ပိုင်ခွင့်တာဝန်များကို ဥပဒေပြုခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ဘဏ္ဍာငွေ (အသုံးစရိတ်) ကျခံခြင်းတို့ကို လေ့လာသုံးသပ် ကြည့်လျှင် အသုံးစရိတ်တာဝန်အမျိုးမျိုးကို ခွဲခြားကြည့်နိုင်သည်။ ဥပဒေပြုခြင်းနှင့် ဆောင်ရွက်ခြင်းတာဝန် နှစ်ခုလုံးအကျုံးဝင်သည့် သီးခြားဖက်ဒရယ်လုပ်ငန်းတာဝန်များ (ဥပမာ- ကာကွယ်ရေး၊ လူမှုလုံခြုံရေးနှင့် ဖူလုံရေး၊ နိုင်ငံခြားရေးရာ၊ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေး၊ စာတိုက်လုပ်ငန်းနှင့် ဆက်သွယ်ရေး)၊ ပြည်နယ်/နယ်မြေများ၏ သီးခြားလုပ်ငန်းတာဝန်များ (ဥပမာ- ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့လုံခြုံရေး)၊ ပြည်နယ်နှင့် ဒေသန္တရများပူးတွဲလုပ်ပိုင်ခွင့်တာဝန်များ (ဥပမာ - အိမ်ရာနှင့် လူမှုအဆောက်အအုံများ၊ အပန်းဖြေစခန်းနှင့်ယဉ်ကျေးမှု )၊ ဖက်ဒရယ် နှင့် ပြည်နယ်တို့၏ ပူးတွဲလုပ်ပိုင်ခွင့်တာဝန်များ (ဥပမာ - စိုက်ပျိုးရေး၊ သစ်တော၊ ငါးဖမ်းလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေး) နှင့် အစိုးရအဖွဲ့သုံးခုလုံး၏ ပူးတွဲတာဝန်များ (ဥပမာ - ပို့ဆောင်ရေး နှင့် အခြေခံအဆောက်အအုံ) ဟူ၍ လုပ်ငန်းတာဝန်ခွဲဝေမှုပုံစံ (၅) မျိုးတွေ့ရှိရသည်။ ထိုလုပ်ငန်းတာဝန်များအတွက် ကုန်ကျစရိတ်ကျခံမှုကိုမူ (ဖက်ဒရယ် အစိုးရတစ်ခုတည်းသာ အပြည့်အဝကျခံသည့် ကာကွယ်ရေး တာဝန်ကလွဲပြီး ကျန်တာဝန်များ၏ ကုန်ကျစရိတ်များကို) အစိုးရအဖွဲ့များအကြား အချိုးအစားအသီးသီးဖြင့် တာဝန်ယူကြသည်။ အသုံးစရိတ်တာဝန်များကို ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများက ဒေသန္တရအစိုးရများထက် အချိုးအစားပိုများစွာ ခွဲဝေယူထားသည်ကိုတွေ့ရသည်။

လုပ်ငန်းတာဝန်ခွဲဝေမှုပုံစံများအနက် ဖက်ဒရယ်-ပြည်နယ်ပူးတွဲတာဝန်နှင့် ဖက်ဒရယ်-ပြည်နယ်-ဒေသန္တရ ပူးတွဲတာဝန်များသည် တစ်ခါတစ်ရံတွင် အစိုးရအဖွဲ့များအကြား ပူးပေါင်းပါဝင်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ဖြစ်စေနိုင်သကဲ့သို့ ဘဏ္ဍာရေးတာဝန်ခံမှုအတွက် စိန်ခေါ်မှုများ ဖြစ်စေနိုင်သည်။ ဖက်ဒရယ်အစိုးရတွင် ဖွဲ့စည်းပုံက အပ်နှင်းထားသည့်  ဖက်ဒရယ် အသုံးစရိတ်အာဏာ (federal spending power) များရရှိသည် ။ ထိုအသုံးစရိတ်အာဏာများသည် အလွန်ကျယ်ပြန့်ပြီး တစ်ခါတစ်ရံတွင် ပြည်နယ်များ၏ လုပ်ငန်းတာဝန်များအပေါ် ကျူးကျော်မှုများ ရှိခဲ့သည်။ ဥပမာ - ၁၉၄၅ခုနှစ်တွင် ဖက်ဒရယ်လွှတ်တော်သည် အခမဲ့ဆေးဝါးထုတ်ပေးမည့် ဥပဒေတစ်ရပ်ပြုရန် ကြိုးပမ်းသောအခါ ထိုကိစ္စသည်ဖက်ဒရယ်အစိုးရ၏ ဥပဒေပြုအာဏာတွင် မပါဝင်ဟု အကြောင်းပြကာ ဖက်ဒရယ်တရားရုံးက ပယ်ချခဲ့သည်။ သို့ရာတွင်သြစတြေးလျ ပြည်နယ်များနှင့် နိုင်ငံသားများက ထိုကိစ္စနှင့်ပတ်သက်၍ ဖက်ဒရယ်အစိုးရ၏ အခန်းကဏ္ဍကို ပိုလိုလားကြသဖြင့် လူထုဆန္ဒခံယူပွဲတစ်ခုကျင်းပပြီး ဖက်ဒရယ်အစိုးရ၏ ဥပဒေပြုခွင့်ကို တိုးချဲ့ပေးခဲ့သည်။ ထို့ကြောင့်ယနေ့ခေတ်တွင် ပြည်သူ့ကျန်းမာရေးစနစ် ကုန်ကျစရိတ်အချို့ကို ဖက်ဒရယ်အစိုးရက ကျခံပေးသည်။

အခွန်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာများ

သြစတေးလျနိုင်ငံ၏ ဖွဲ့စည်းပုံအရအခွန်အာဏာများကို အစိုးရအဖွဲ့များအကြား (အထူးသဖြင့် ဖက်ဒရယ်နှင့် ပြည်နယ်များအကြား) ခွဲဝေထားသည် ။ အခွန်အာဏာများ ခွဲဝေမှုများကို အခွန်အခြေခံနှင့် အခွန် နှုန်းထားသတ်မှတ်ခြင်း၊ အခွန်ကောက်ခံခြင်းအားဖြင့် သုံးသပ်ကြည့်လျှင် အခွန်အခြေခံများကိုဘုံတူညီမှု မရှိသလောက်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုအပေါ် ကောက်ခံသည့် အခွန်နှင့် လုပ်ခလစာခွန်များ၏ အခွန် အခြေခံများသာ ဘုံသတ်မှတ်ချက် ထားရှိသည် ။ ထို့အပြင်အခွန်တစ်ခုအပေါ် အခွန်ထပ်ကောက်သည့် စနစ် (surtax or piggybacking) ကိုကျင့်သုံးခြင်းမရှိပါ။ ဖက်ဒရယ်အခွန်အများစုကို ဖက်ဒရယ်အစိုးရကသာ စည်းကြပ်ကောက်ခံပြီး ပြည်နယ်အခွန်အများစုကို ပြည်နယ်များက စည်းကြပ်ကောက်ခံသည်။ ထိုနည်းတူ သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ အခွန်များမှ ကောက်ခံရရှိလာသော အခွန်ရငွေများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များကသာ ရရှိကြပြီး အခြားအစိုးရအဖွဲ့များနှင့် ခွဲဝေခြင်းမရှိသည်ကို တွေ့ရသည်။

သြစတြေးလျနိုင်ငံတွင် အစိုးရအဖွဲ့များ၏ အခွန်အာဏာများအပေါ် ကန့်သတ်ချက်များထားရှိသည်။ ဖက်ဒရယ် အစိုးရ၏ အခွန်အာဏာများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်များအရ ဖက်ဒရယ်လွှတ်တော်က ပြည်နယ်များ၏ ပစ္စည်းများ (သို့မဟုတ်) ပြည်နယ်အစိုးရအပေါ် အခွန်ကောက်ခံခြင်းကိုတားမြစ်ထားသည်။ ဒုတိယကန့်သတ်ချက် တစ်ခုမျာအခွန်မူကြမ်းများသည် ဖက်ဒရယ်အောက်လွှတ်တော်၌ တင်သွင်းရမည်ဖြစ်ပြီး ဖက်ဒရယ် အထက် လွှတ်တော်သည် ထိုမူကြမ်းများကို ပြင်ဆင်ခွင့် မရှိပါ။ တတိယကန့်သတ်ချက်တစ်ခုမှာ ဖက်ဒရယ်အစိုးရ၏ အခွန် စနစ်သည် ပြည်နယ်များအကြားတစ်ပြေးညီဖြစ်ရမည်။ ဆိုလိုသည်မှာ ဖက်ဒရယ်အခွန်များ၏ အခွန်အခြေခံနှင့် အခွန်နှုန်းထားများသည် ပြည်နယ်အလိုက် ကွဲပြားမှုမရှိရန်လိုသည်။ အလားတူပင် ပြည်နယ်များသည် ပြည်ထောင်စုအစိုးရ၏ ပစ္စည်းများအပေါ် အခွန်ကောက်ခံခွင့် မရှိပေ။

သြစတြေးလျနိုင်ငံတွင် သက်ဆိုင်ရာပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများကို ယင်းပြည်နယ်များက ပိုင်ဆိုင်ခွင့်နှင့် အခွန်ကောက်ခံခွင့်ရှိသည်။ သဘာဝသယံဇာတဆိုင်ရာ အခွန်များသည် ဝင်ငွေအရင်းအမြစ်များသော အခွန်အမျိုးအစားများ ဖြစ်သောကြောင့် သဘာဝသယံဇာတကြွယ်ဝသော ပြည်နယ်များအတွက်   အခွန် ဘဏ္ဍာငွေများစွာကို ဆောင်ကျဉ်းပေးနိုင်သည်။ ထို့ပြင်သြစတြေးလျနိုင်ငံ၏ အစိုးရအဖွဲ့များအကြား အခွန်အာဏာခွဲဝေမှုသည် ခေတ်ကာလအပြောင်းလဲမှုများနှင့် အညီ အပြောင်းအလဲများရှိသည်။ ပြည်နယ်များသည် ဝင်ငွေခွန်နှင့် ရောင်းဝယ်ခွန်တို့ကို ယခင်ကောက်ခံ ခဲ့သော်လည်း ယခုတွင်မူ စည်းကြပ်ကောက်ခံခြင်းမရှိတော့ ပေ ။ ထို့အပြင်ချမး်သာကြွယ်ဝခွန် ၊ အမွေခွန်နှင့် လက်ဆောင်ပစ္စည်းခွန်တို့ကိုလည်း ဖက်ဒရယ်နှင့်ပြည်နယ် အဆင့်အစိုးရ နှစ်ခုလုံးက ကောက်ခံခြင်း မရှိတော့ပေ။

ဘဏ္ဍာရေးမညီမျှမှုများ

သြစတေးလျနိုင်ငံသည် အခြားသော ဖက်ဒရယ်နိုင်ငံများထက် ဘဏ္ဍာရေးမညီမျှမှုများ အလွန်မြင့်မားနေသည်။ ပြည်နယ်အစိုးရများသည် ဖက်ဒရယ်အစိုးရထက် လုပ်ငန်းတာဝန်ပိုများနေပြီး ဖက်ဒရယ်အစိုးရ၏ အခွန်ဆိုင်ရာလုပ်ပိုင်ခွင့် အာဏာများမှာ ပြည်နယ်များထက် ပိုများနေသဖြင့် ဖက်ဒရယ်နှင့်ပြည်နယ်များအကြား ဒေါင်လိုက် ဘဏ္ဍာရေး မညီမျှများကို သြစတြေးလျဖက်ဒရယ်စနစ် စတင်ကျင့်သုံးချိန်ကတည်းကပင် ရှိပြီးယခုတိုင် ရှိနေသည်။ ထိုမတူညီမှုများသည် နှစ်အလိုက်ကွဲပြားပြီးပြောင်းလဲမှုရှိသည် ။ သြစတြေးလျပြည်နယ်နှင့် ဒေသန္တရ အစိုးရတို့သည် စုစုပေါင်းအခွန် ဘဏ္ဍာငွေ၏ ၁၈ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားပြီး သြစတြေးလျ ဖက်ဒရယ်အစိုးရသည် ကျန်ရှိသောအခွန် (၈၂) ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည် ဝင်ငွေ အရင်းအမြစ်များသော အဓိကအခွန်အခြေခံ (၃) ခု (ဝင်ငွေခွန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုခွန်၊ အကောက်ခွန်) ကိုဖက်ဒရယ်အစိုးရက လက်ဝါးကြီးအုပ်ထားသည်။ ပြည်နယ်များက ကောက်ခံသောအ ခွန်များသည် ဝင်ငွေအရင်းအမြစ်နည်းပါးသဖြင့် ပြည်နယ်များသည် ၎င်းတို့၏ အသုံးစရိတ်တာဝန် အချို့အတွက် ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ငွေများအပေါ် မှီခိုအားထားနေရသည် ။ သို့ရာတွင် ဒေသန္တရအစိုးရအများစုသည် ၎င်းတို့၏ အသုံးစရိတ်အများစု (ယေဘုယျအားဖြင့် ၈၃ ရာခိုင်နှုန်း) ကို ၎င်းတို့ ကိုယ်ပိုင်ဝင်ငွေများဖြင့် ဆောင်ရွက်ကြသဖြင့် ဘဏ္ဍာရေးကွာဟချက်အများစုမှာ ပြည်နယ် အစိုးရနှင့်သာ သက်ဆိုင်သည်။

ထို့အပြင်သြစတေးလျနိုင်ငံ၏ ပြည်နယ်များသည် လူဦးရေ၊ ပထဝီအနေအထားနှင့် သယံဇာတ ကြွယ်ဝမှုမတူညီသဖြင့် ပြည်နယ်များ၏ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းမှာလည်း မတူကွဲပြားကြပြီး ပြည်နယ်များအကြားအလျားလိုက် ဘဏ္ဍာရေးမညီမျှမှုများကို ဖြစ်ပေါ်စေသည်။ ယေဘုယျအားဖြင့် လူဦးရေနည်းပြီးစိုက်ပျိုးရေး အခြေခံသော ပြည်နယ်များသည် ပြည်နယ်အတွင်း အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုလိုအပ်ချက်များအတွက် လုံလောက်သောဘဏ္ဍာငွေကို ရှာဖွေပေးနိုင်ခြင်းမရှိပါ။ ယင်းအလျားလိုက် ဘဏ္ဍာရေးမညီမျှမှုများကို အစပိုင်းတွင် ဖက်ဒရယ်အစိုးရက ငွေကြေးအခက်အခဲရှိသော ပြည်နယ်များနှင့် ဒေသန္တရအစိုးရများအတွက် အထူးထောက်ပံ့ငွေများချပေးကာ ကုစားခဲ့ရာမှ ၁၉၃၃ခုနှစ်မှစ၍ ဖက်ဒရယ်အစိုးရသည် ၎င်း၏ ညီမျှတူမျှတူအစီအစဉ်များမှ တစ်ဆင့် ပြည်နယ်များအတွက် ဘဏ္ဍာရေးသာ တူညီမျှရေးထောက်ပံ့ငွေများ (fiscal equalization grants) ချပေးသည်။

ဘဏ္ဍာငွေ လွှဲပြောင်းမှုများ

သြစတြေးလျဘဏ္ဍာရေးစနစ်၏ ဘဏ္ဍာရေးညီမျှရေးအခြေခံမူမှာ“သြစတေးလျနိုင်ငံ၏ ပြည်နယ်တစ်ခုစီသည် အထွေထွေ မူဝါဒများအောက်တွင် အခြေခံအဆောက်အုံနှင့် အထွေထွေဝန်ဆောင်မှု အသုံးစရိတ်များအတွက် တူညီသော ဘဏ္ဍာရေး စွမ်းဆောင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။” ထိုအခြေခံမူသည် ပြည်နယ်များ၏ ကိုယ်ပိုင်ဘဏ္ဍာငွေ ရှာဖွေနိုင်စွမ်းမတူညီမှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ ကုန်ကျစရိတ်မတူညီမှုတို့ကို အသိအမှတ်ပြုထားပြီး ပြည်နယ်များအကြား ဘဏ္ဍာရေးမျှတမှု (fiscal equity) ရှိရေးကို ရှေးရှုထားသည်။ ဖက်ဒရယ်အစိုးရသည်  ဝင်ငွေအရင်းအမြစ် ကြီးမားသောအခွန်အခြေခံများကို လက်ဝါးကြီးအုပ်ထားသဖြင့် နှစ်တိုင်းလိုလိုတွင် ပြည်နယ်ဝင်ငွေသည် ပြည်နယ် အသုံးစရိတ် တစ်ဝက်ခန့်ကိုသာ ကာမိသည်။ ကျန်ရှိသော ပြည်နယ်အသုံးစရိတ်များကို ဖက်ဒရယ်အစိုးရ၏ လွှဲပြောင်းငွေများဖြင့် ဆောင်ရွက်ရသည်။

ပြည်နယ်များအားချပေးသည့် ဖက်ဒရယ်ထောက်ပံ့ငွေ (၂) မျိုးရှိသည်။ ၎င်းတို့မှာ

(၁) သတ်မှတ်ချက်ပါသော ထောက်ပ့ံငွေ (Tied grants) နှင့် (၂) သတ်မှတ်ချက် မပါသော ထောက်ပံ့ငွေ (untied grants) တို့ ဖြစ်သည်။ ပြည်နယ်များသည် သတ်မှတ်ချက်ပါသော ဖက်ဒရယ်ထောက်ပံငွေများကို ဖက်ဒရယ်အစိုးရ သတ်မှတ်ထားသည့် လုပ်ငန်းနှင့် စီမံကိန်းများအတွက်သာအသုံးပြုရမည် ဖြစ်ပြီးသတ်မှတ်ချက်မပါသော ဖက်ဒရယ်ထောက်ပံ့ငွေများကို ပြည်နယ်များ၏ ဦးစားပေးလုပ်ငန်းများနှင့်အညီ လွတ်လပ်စွာ အသုံးပြုသွားနိုင်သည်။ ယေဘုယျအားဖြင့် သတ်မှတ် ချက်ပါသောထောက်ပံ့ငွေများ (သို့မဟုတ်) အထူးရည်ရွယ်ချက်အတွက် ထုတ်ပေးသော ဘဏ္ဍာငွေများ (specific purpose payments-SPPs) ကို နိုင်ငံတော်၏ အထူးဦးစားပေးလုပ်ငန်းအချို့ကို အကောင်အထည်ဖော်ရန်အတွက် ရည်ရွယ်သည်။ SPPs အများစုကို ကျန်းမာရေး (၃၂%) ၊ ပညာရေး (၂၈%)၊ ပို့ဆောင်ရေး (၁၅%) နှင့် အခြားကဏ္ဍများ (၂၅%) တွင် အသုံးပြုစေသည်။ အဓိကအားဖြင့် သတ်မှတ်ချက် မပါသော ထောက်ပံ့ငွေများ (အထွေထွေထောက်ပံ့ ငွေများ) ကိုဖက်ဒရယ်အစိုးရသာ စည်းကြပ်ကောက်ခံသည့် ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (GST) တို့မှ ရသောအခွန်ဝင်ငွေများဖြင့် ပြည်နယ်များအတွက် ထောက်ပံ့ငွေများထုတ်ပေးသည်။

ပြည်နယ်များ၏ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်း (တစ်နည်းအားဖြင့် ၎င်းတို့၏ ဝန်ဆောင်မှု ကုန်ကျစရိတ်များ အတွက် ဝင်ငွေရှာဖွေနိုင်စွမ်း) သည် ကွဲပြားလျက်ရှိရာ ဖက်ဒရယ်အစိုးရထောက်ပံ့ငွေမပေးလျှင် ပြည်သူ့ဝန်ဆောင်မှု အရည် အသွေးများသည် ပြည်နယ်အလိုက် ကွဲပြားသွားနိုင်သည်။ ထို့ကြောင့် ၁၉၃၃ ခုနှစ်တွင် ဖက်ဒရယ်အစိုးရသည် အလျားလိုက် ဘဏ္ဍာရေးညီမျှရေးအစီအစဉ် (horizontal fiscal equalization) တစ်ခုချမှတ်ခဲ့ပြီး ဖက်ဒရယ် ထောက်ပံ့ငွေကော်မရှင် (the Commonweath Grants Commission - CGC) တစ်ရပ် ဖွဲ့စည်းပြီး ထိုအစီအစဉ်ကို ကြီးကြပ်စေခဲ့သည်။ ဖက်ဒရယ်အစိုးရသည် ပြည်နယ်များ၏ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်း ခြားနားမှုကိုဖြေလျော့ရန် ကုန်စည်နှင့် ဝန်ဆောင်မှု အခွန်ဝင်ငွေကိုအလျားလိုက် ဘဏ္ဍာရေးညီမျှရေးမူနှင့်အညီ ပြည်နယ်များအား ခွဲဝေပေးသည်။ CGC ၏ အကြံပြုချက်နှင့် အညီဖက်ဒရယ်အစိုးရသည် ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်ဝင်ငွေများကို ပြည်နယ် အားလုံးအတွက် ခွဲဝေရာတွင် ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းနိမ့်သော ပြည်နယ်များကဘဏ္ဍာရေး စွမ်းဆောင်နိုင် စွမ်းမြင့်သော ပြည်နယ်များထက် ပို၍ ရရှိကြသည်။

ပြည်နယ်အလိုက် အသုံးစရိတ် လိုအပ်ချက် မတူညီသဖြင့် ပြည်နယ်အလိုက် လက်ခံရရှိသော GST ပမာဏများလည်း မတူညီကြပါ။ ဖက်ဒရယ်ထောက်ပံ့ငွေနှင့် GST ခွဲဝေမှုများသည် ပြည်နယ်၏ အသုံးစရိတ် လိုအပ်ချက်များကို ဖြေရှင်းပေးသော်လည်း အခြားတစ်ဖက်တွင် ပြည်နယ်များ၏ ဖက်ဒရယ်အစိုးရအပေါ် ဘဏ္ဍာရေးမှီခိုနေရမှုမှာ နာတာရှည်ရောဂါပမာ ဖြစ်နေသည်။ ဖက်ဒရယ် အကူအညီများသည် ပြည်နယ်အစိုးရ၏ အသုံးစရိတ်များအပေါ် တာဝန်ခံမှုကို အားနည်းစေနိုင်သည့်အပြင် ပြည်နယ်များသည် ဖက်ဒရယ်အစိုးရ၏ သြဇာခံများသဖွယ် ဖြစ်သွားနိုင်သည်ဟုပညာရှင် အချို့ကသုံးသပ်ကြသည်။

ခြုံငုံသုံးသပ်ရသော် သြစတြေးလျနိုင်ငံ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည် ဗဟိုချုပ်ကိုင်မှုဘက်သို့ ယိမ်းနေသည်။ ဖက်ဒရယ်နှင့်ပြည်နယ်တို့သည် သီးခြားအခွန်အာဏာများအပြင် ပူးတွဲအခွန်အာဏာများကိုရရှိထားကြသော်လည်း ဖက်ဒရယ်အစိုးရ၏ အခွန်များသည် ပြည်နယ်အစိုးရ၏ အခွန်များထက် ဝင်ငွေအရင်းအမြစ်အားဖြင့် ပိုကြီးမားနေသည။် ထို့အပြင် ဖက်ဒရယ်အစိုးရသည် ပူးတွဲအခွန်အာဏာများကိုလည်း ပြည်နယ်အစိုးရထက်  ပိုကျင့်သုံပြီး ပြည်နယ် အစိုးရကထိုအာဏာအချို့ (ဥပမာ - ပြည်နယ်ဝင်ငွေခွန်နှင့် ပြည်နယ် ရောင်းဝယ်ခွန်) ကို လက်လွှတ်ပေးရသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ဖက်ဒရယ်အစိုးရသည် ဖွဲ့စည်းပုံမှ ပေးထားသော ဖက်ဒရယ်အသုံးစရိတ်အာဏာများ (ဥပမာ- ပြည်နယ်နှင့် ဒေသန္တရအစိုးရအတွက် ဖက်ဒရယ်ထောက်ပံ့ငွေနှင့် ချေးငွေများချပေးခြင်း) ဖြင့် ဖက်ဒရယ်၏ ဥပဒေပြု ခွင့်စာရင်းတွင် မပါသော ပြည်နယ်အစိုးရများ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ (ဥပမာ - ပညာရေး၊ ကျန်းမာရေးစသည်တို့) ကိုကူညီပံ့ပိုးပေးလျက်ရှိရာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်တာဝန်များအပေါ် လွှမ်းမိုးနိုင်သည်။

သြစတြေးလျဘဏ္ဍာရေးစနစ်သည် ဗဟိုချုပ်ကိုင်မှုဘက်ယိမ်းနေသော်လည်း အားသာချက်များရှိသည်။ အခွန်အချို့ ကိုဖက်ဒရယ်အစိုးရကသာ ကောက်ခံခြင်းဖြင့် အခွန်စနစ်ကို တစ်ပြေးညီဖြစ်စေခြင်း (uniformity) နှင့် အခွန်စီမံခန့်ခွဲရန် ရိုးရှင်းလွယ်ကူခြင်း (simplicity) စသည့် အားသားချက်များ ရရှိစေသည်။ ထို့အပြင် သြစတြေးလျနိုင်ငံ၏ အလျားလိုက် ဘဏ္ဍာရေးညီမျှရေး အစီအစဉ် (Horizontal fiscal equalization) သည် ပြည်နယ်များအကြား ဘဏ္ဍာရေးညီမျှမှုအဆင့် ရာနှုန်းပြည့်နီးပါးအထိ ဆောင်ရွက်ပေးနိုင်ခြင်း၊ သီးခြားလွတ်လပ် သော ကျွမ်းကျင်ပညာရှင်များ ဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ထောက်ပံ့ငွေကော်မရှင် (FGC) က ဖက်ဒရယ် အစိုးရကသာကောက်ခံသော GST အခွန်များကို ပြည်နယ်များအကြား စနစ်တကျနှင့် မျှမျှတတခွဲဝေနိုင်ရန် အကြံပြုပေးခြင်း စသည်တို့ကြောင့် ပြည်နယ်များ၏ ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်ရေးကို ကူညီပေးသည်။  ။

{ ရှေ့အပတ် - - အိန္ဒိယနိုင်ငံ }

Mizzima Weekly