တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

မနေ့တုန်းက ကဗျာဆရာဝင်းလတ်ရဲ့ “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာကို တင်ပေးရင်းက ခဏနားခဲ့ပါတယ်။ ဒီကနေ့ အဲဒီကဗျာကို အနည်းငယ်ခွဲခြမ်းစိပ်ဖြာကြည့်ချင်ပါတယ်။ စာဖတ်သူတွေ ကဗျာနဲ့ ရှင်းလင်းချက် တခါတည်းတွဲပြီး ဆင်ခြင်လို့လွယ်ကူအောင် အဲဒီကဗျာကို ဒီစာမျက်နှာလည်း ထပ်တင်ပေးချင်ပါတယ်။

မျက်လှည့်ဆရာကြီးရဲ့မယား

(၁)

ရကာစတော့

အိမ်ကပူရ၊ သူမျက်လှည့်ပြသွားတိုင်း

စိတ်က လုံးဝမချဘူး။

(၂)

လိမ်လည်ပြသ၊ လွဲချွတ်က

ပြရင်း အရှက်ကွဲခဲ့လေမလား။

ကြက်တူရွေး

မြွေပွေးနဲ့ မျောက်၊ စိတ်ရူးပေါက်ပြီး

ဖေါက်လာလေက

 မြွေကပဲ ကိုက်လိုက်လေမလား

မျောက်ကပဲ ဂျစ်လေမလား။

လက်ထောက်ကောင်လေး

နှစ်ယောက်မွေးထား၊ ကောင်လေးတွေက

ခတ်အအ ရယ်

 ဘာမှမပြောတတ်၊မပြတတ်သေး ၊
(ကျမစိတ်လေးရဲ့)
ပြေးပေါက်မှားခဲ့ကြလေမလား။
 

(၃)

၉-နှစ်၁၀-နှစ်

နှစ်တွေကြာလာ၊ စိုးရိ်မ်တာတွေ

ဘာမှမရှိတော့

ကျမယောကျင်္ား

အတော်သားတော့၊ ပြသွားတိုင်းမှာ

ပွဲတိုင်းပါပဲ

သေချာပိရိတဲ့ မျက်လှည့်ဆရာကြီးပါ။

(၄)

ကြက်တူရွေး

သင်ပေးတာပဲ၊ တဂဲဂဲနဲ့

တကတဲ သဘောကောင်းတဲ့ကောင်လေး။

မြွေပွေးမြွေပွေးနဲ့

ဟိတ်ပြေးလေသမျှ၊ မောင်နဲ့ကျတော့

မောင်အဆိပ်ထုတ်ထားတော့

အလကားကြိုးခွေပမာပါ။

မျောက်ဆိုတာဆော့တတ်တယ်

ဆော့လေသမျှ၊ မောင်ကြိုးကိုင်လှတော့

အကကောင်းတယ် ဖြစ်လာတယ်။

ခေတ်မီနည်းများနဲ့

ပြသားပြကွက်၊ အသစ်စက်စက်တွေ

မျက်လှည့်ဘက်မှာတော့ မောင်ကထိပ်။

(၅)

လက်ထောက်ကောင်လေး

အ,အလေးတွေ

မွေးထားတာက၊ ဟန်တောင်ကျသေး

ဘာမှ အာခံရဲမှာမဟုတ်

ဘယ်တော့မှ ဘဝင်ထောင်တတ်မှာမဟုတ်။

(၆)

မောင် မျက်လှည့်ပြ ထွက်သွားက

ကျမစိတ်မှာ၊ မပူပါ

ယုံလာပြီ ယုံပါပြီ။

မျက်လှည့်ကအပြန်မှ

အပန်းဖြေရန်စုံတွဲ

ကျမတို့နှစ်ယောက်ထဲလေ

ရုပ်ရှင်လည်းသွားလိုက်ဦးမယ်။

အိမ်လည်လည်း ထွက်လိုက်ဦးမယ်။

အိမ်မှာ ကြာကြာနေရတာ

ပျင်းစရာကောင်းတယ်ရှင့်။    

 

ဝင်းလတ်

ရှုဒေါင့်ဂျာနယ်၊ အမှတ် ၆၅

၁၊ ဒီဇင်ဘာ၊ ၁၉၇၁

ဒီကဗျာဟာ အာဏာရှင်ဆန့်ကျင်ရှုတ်ချရေး၊ အာဏာရှင်ကိုလှောင်ပြောင်တဲ့ကဗျာလို့ ဘာ့ကြောင့်ပြောနိုင်ခဲ့တာလဲ။ စစ်အာဏာရှင်တွေက ကဗျာဆရာဝင်းလတ်ကို ထောင်သွင်းအကျဉ်းချ ရလောက်အောင် ဒီကဗျာက ဘာတွေရေးထားလို့လဲ။

ဖြတ်ပြီးပြောချင်ပါသေးတယ်။ ကဗျာဆရာတွေဟာ အစိုးရတွေနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်နေကြရတာဖြစ်တယ်လို့ ပြောခဲ့တာဟာ ဝင်းလတ်ရဲ့အဲဒီကဗျာတစ်ပုဒ်ထဲနဲ့တင် သက်သေပြလို့အခိုင်အမာရနိုင်ပါတယ်။

ကဲ ကဗျာခေါင်းစဉ်ကစပြီး လေ့လာကြည့်ကြရအောင်။

ခေါင်းစဉ်က “မျက်လှည့်ဆရာကြီးရဲ့မယား” တဲ့။ ဒီခေါင်းစဉ်အရဆိုရင် ဒီကဗျာဟာ နိုင်ငံရေးကဗျာဖြစ်တယ် စစ်အာဏာရှင်ထိပ်သီးကို တိုက်ရိုက်ရည်ညွန်းတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဒီမှာတွင် ဒီခေါင်းစဉ်မှာတွင်ပဲ စစ်အာဏာရှင်ရဲ့စာပေကင်ပေတိုင်တွေ စတင်ပြီးနားရွက်တံတွေးအဆွတ်ခံရတော့တာပဲ။ ပြီးတော့ ခေါင်းစဉ်အရဆိုရင် ခေါင်းစဉ်ရဲ့ နှပ်ကြောင်းပေးထားတာက မျက်လှည့်ဆရာကြီးကိုမဟုတ်ဘဲ သူ့ရဲ့ဇနီး ဆိုပြီး ဇနိီးကို နှပ်ကြောင်းပေးထား မီးမောင်းထိုးပြထားလိုက်တာ။ ဒီတော့ ပိုပြီး ပညာဆန်နေတော့တာပေါ့။ ကဗျာဆရာက ကဗျာဆရာတွေရဲ့လုပ်ပိုင်ခွင့်နဲ့ ဝင်္ကဝုတ္တိအလင်္ကာနည်းကို ခေါင်းစဉ်မှာတင် အပြည့်အဝအသုံးပြုလိုက်တာ။ ဒီတော့ စစ်အာဏာရှင်ရဲ့စာပေကင်ပေတိုင်လို့ခေါ်တဲ့ စာပေစစ်ဆေးရေးတွေက ဒီကဗျာဟာ “မိန်းမတစ်ယောက်အကြောင်းကို ရေးတဲ့ကဗျာ”၊ “မျက်လှည့်ဆရာတစ်ယောက်ရဲ့ မိန်းမအကြောင်း”ရေးတဲ့ကဗျာပဲလေ ဆိုတဲ့အသိနဲ့ အဲဒီမှာတင် ဒီကဗျာကို နိုင်ငံရေးကဗျာ ဒါမှမဟုတ် သူတို့စစ်ခေါင်းဆောင်ကြီးကိုရေးတဲ့ကဗျာဖြစ်တယ်လို့ ဘယ်လိုမှမထင်နိုင်ကြတော့ဘူးပေါ့။ ဒီတော့ ခေါင်းစဉ်ဖတ်ပြီးကတည်းက သူတို့လည်း ကဗျာကိုယ်ထည်ကို ခတ်ပေါ့ပေါ့ပဲဆက်ဖတ်ကြပြီပေါ့။

ကဗျာထဲမှာပါတဲ့ ဇာတ်ကောင်တွေက “မျက်လှည့်ဆရာကြီး၊ သူ့မိန်းမ၊ တောက်တိုမယ်ရခိုင်းတဲ့ ခတ်အအကောင်လေးနှစ်ယောက်၊ ကြက်တူရွေး၊ မျောက်၊ မြွေပွေး” ဆိုပြီး ဇာတ်ကောင် (၇) ကောင်ပေါ့။ မျက်လှည့်ဆရာကြီးရဲ့မယားက သူ့ယောကျင်္ားနဲ့ သူ့ယောကျင်္ားရဲ့ တပည့်တွေဖြစ်တဲ့ ခတ်အအကောင်လေး နှစ်ယောက်၊ ကြက်တူရွေး၊ မြွေပွေးနဲ့ မျောက်တို့ရဲ့အခြေအနေကို တစ်ပိုဒ်ချင်းစီရေးသွား၊ အစတုန်းက စိတ်ပူနေတာတွေရှိခဲ့ပေမယ့် သူ့ယောကျင်္ားမျက်လှည့်ဆရာကြီးက သူ့တပည့်တွေကို အကိုင်အတွယ် အထိန်းအကျောင်းပိုင်တော့ ကိုးနှစ်ကျော်ဆယ်နှစ်ထဲရောက်လာတဲ့အခါ သူ စိတ်ချသွားရပါပြီဆိုတဲ့အကြောင်း ရေးထားတဲ့ကဗျာပါပဲ။

ကိုင်း ဒီကဗျာကို ဘယ်လိုလုပ်ပြီး နိုင်ငံရေးကဗျာ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးကဗျာလို့ ရုတ်တရက်သိနိုင်မှာလည်း။ အဲဒီမှာတွင် ကဗျာဆရာက စာပေကင်ပေတိုင်တွေကို(ဟိုတုန်းက စာပေစီစစ်သမားတွေကို စာပေကင်ပေတိုင်တွေအဖြစ် တင်စားပြောဆိုခဲ့ကြပါတယ်။) နားလှည့်ပါးရိုက်လုပ်တော့တာပါပဲ။

နောက်တော့ ရှုဒေါင့်ဂျာနယ်မှာ ဒီကဗျာပါလာတာပါပဲ။ ပါလာပြီးနောက်ကြမှ နို်င်ငံရေးနားလည်သူစာဖတ်ပရိတ်သတ်က စပြီး သိလာခဲ့တာပါ။ မျက်လှည့်ဆရာကြီးဆိုတာက အာဏာရှင်ကြီးဗိုလ်ချုပ်ကြီးနေဝင်းကို ရည်ညွှန်းတာ၊ သူ့ရဲ့နောက်တော်ပါ ဗိုလ်ချုပ်တွေဆိုတာက ခတ်အအ ကောင်လေးနှစ်ယောက်၊ မျောက်၊ မြွေပွေးနဲ့ ကြက်တူရွေး။ ဟာ ဒါဟာ တကယ့်ကို အာဏာရှင်ကိုရည်ညွှန်းလှောင်ပြောင်ထားတဲ့ကဗျာပဲ။ အာဏာရှင်ကြီးရဲ့ အကျင့်စရိုက်နဲ့ အာဏာကိုင်တွယ်မှု ကျွမ်းကျင်မှုကိုရေးတာပဲ။ ဟာ ဟုတ်တာပေါ့။ မှန်လိုက်တာ။ ဒီကြားထဲ ကိုးနှစ်ကျော်ဆယ်နှစ်ရှိလာပြိီလို့လည်း ထည့်ရေးတာက စစ်အာဏာသိမ်းတာကလည်း ကိုးနှစ်ကျော်ဆယ်နှစ်ရှိလာပြီဆိုတာကိုပြောတာပဲကိုးဆိုပြီး စာဖတ်သူတွေ သတင်းပျံ့ပြီး အလုအယက် လိုက်ရှာဖတ်ကြ ချီးကျူးကြ၊ စစ်အာဏာရှင်ရဲ့ ဉာဏ်နီဉာဏ်နက်ကိုပိုပြီး သဘောပေါက်လာကြပါတယ်။ စာပေနယ်ပယ်မှာ ဒီကဗျာဟာ ရုတ်တရက်ဂယက်ရိုက်ပါတော့တယ်။ ဒီတော့မှပဲ စစ်အာဏာရှင်တွေက နောက်ကျပြီးမှသိလာကြရပါတယ်။ ဒီတော့မှ ရှုဒေါင့်ဂျာနယ်ကို ဆိုင်တွေမှာလိုက်သိမ်းတာမျိုးလုပ်ရပါတယ်။ ကဗျာဆရာဝင်းလတ်နဲ့ ကဗျာထည့်ပေးတဲ့ အယ်ဒီတာဝင်းခက်(ယခုကွယ်လွန်)ကို ဖမ်းဆီးထောင်ချ၊ ဂျာနယ်ကိုလည်း ပိတ်ပစ်လိုက်ကြပါတယ်။

ကဲ ဒီလောက်ဆိုရင်ပဲ ကဗျာဆရာဝင်းလတ်ဟာ သူ့ကဗျာကို စာဖတ်သူတွေလက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားဖို့ ဘယ်လိုနည်းတွေအသုံးပြုပြီးမှ စစ်အာဏာရှင်တွေကို လှည့်စားသွားတယ်ဆိုတာ တွေ့ကြရမှာပါ။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ကဗျာဆရာတွေဟာ အစိုးရတွေနဲ့ ဉာဏ်ချင်း ယှဉ်ပြိုင်နေရတာဖြစ်တယ် ဆိုတဲ့စကား မှန်မနေပေဘူးလား။

ဒီကနေ့တော့ ဒီလောက်နဲ့နားခွင့်ပြုစေချင်ပါတယ်။ နောက်နေ့တွေကြရင် ဒီအကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးသွားပါဦးမယ်။

လူငယ်များ စာပေဗဟုသုတ ပြည့်စုံနိုင်ကြပါစေဗျား။

Mizzima Weekly