တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ
ကဗျာဆရာဝင်းလတ်အား တွေ့ရစဉ်။

ကဲ ဒီကနေ့တော့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်နဲ့ နေခဲ့ထိုင်ခဲ့ကြရစဉ် သမိုင်းတလျောက် စစ်အာဏာရှင်ထိပ်သီးကို တည့်တည့်ရည်ညွှန်း ကဗျာစပ်ဆိုခဲ့လို့ ထောင် နှစ်နှစ်ကျခံခဲ့ရတဲ့ ကဗျာဆရာ ဝင်းလတ် အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

ဒီအဖြစ်အပျက်ဟာ သာမာန်အဖြစ်အပျက်မဟုတ်ပါဘူး။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်တစ်စုက ဒီမိုကရေစီစံနစ်နဲ့ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို အဓမ္မဖြုတ်ချပြီး တိုင်းပြည်အာဏာ တနည်းအားဖြင့် လူအာဏာကို လူတစ်စုအာဏာအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးသမျှအချိိန်တွေအတွင်း အဲဒီစစ်အာဏာရှင်တို့ရဲ့ထိပ်သီးခေါင်းဆောင်ကိုပဲ ထိပ်တိုက်ဦးတည်ပြီး ဆန့်ကျင်ရှုတ်ချရေးသားတဲ့ အဖြစ်အပျက်ပါပဲ။ မြန်မာ့သမိုင်းမှာ  စစ်အာရှင်ဆန့်ကျင်ရေး သမိုင်းဝင်အဖြစ်အပျက်ပါပဲ။

ကဗျာဆရာ ဝင်းလတ်အကြောင်းမပြောခင် စကားပလ္လင်ခံရမယ့်အကြောင်းအရာတချို့ရှိပါတယ်။ ဒီအကြောင်းကိုစဉ်းစားရင် ကျနော့်ခေါင်းထဲ ပထမဆုံးဝင်လာတဲ့အရာက   ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့စကားပါပဲ။ ကဗျာဆရာတွေနဲ့ပတ်သက်ပြီး ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းပါပဲ။ “ ကဗျာဆရာတွေဟာ အုပ်စိုးသူအစိုးရတွေနဲ့ အမြဲတန်း ညာဏ်ချင်းယှဉ်ပြိုင်နေရတဲ့သဘာပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ ဘယ်အချိန်မှာပြောခဲ့တာလည်းဆိုတော့ သူ့အနေနဲ့ နောက်ဆုံးအကြိမ် အကျဉ်းကဘဝက ပြန်လည်လွတ်မြောက်လာကာစအချိန်မှာ သူက အဲသလိုပြောခဲ့တာပါ။ ဒီတုန်းက တိုင်းပြည်မှာ ဒီမိုကရေစီအရိပ်အယောင်မမြင်ရသေးတဲ့အချိန်မှာပါ။ သူက ရည်ညွှန်းချင်တဲ့အချက်က စစ်အာဏာရှင်လက်အောက်မှာ နေခဲ့ထိုင်ခဲ့စဉ်ကာလအတွင်း စစ်အာဏာရှင်အစိုးရကလည်း အမျိုးမျိုးဖိနှိပ် အမျိုးမျိုးကာကာဖေးကာ အမျိုးမျိုးမွှေနှောက် စောင့်ကြည့်နေတဲ့ကြားက ကဗျာဆရာတွေက ပြည်သူတွေခံစားနေရတဲ့ ဘဝအခြေအနေတွေနဲ့ စစ်အာရှင်တွေရဲ့ ညာဏ်နီညာဏ်နက်တွေ ဖေါက်ပြန်မှားယွင်းမှုတွေ စည်းစိမ်ယစ်မူးမှုတွေကို ကဗျာတွေရေးဖွဲ့ပြီး ဖွင့်ချကြတဲ့အခါ စစ်အာဏာရှင်တွေ ရုတ်တရက်မသိအောင် ကဗျာ့ပရိယာယ်အမျိုးမျိုးသုံးပြီး သူတို့ကဗျာတွေ စာဖတ်သူလက်ထဲရောက်အောင် ပို့နေခဲ့တဲ့အခြေအနေတွေကိုကြည့်ပြီး အဲဒီအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုလိုက်တဲ့စကားပါပဲ။

 

တကယ်လည်းမှန်ပါတယ်။ စစ်အာဏာသိမ်းအစိုးရတက်လာပြီးနောက်ပိုင်းမှာ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ မျက်လုံးမျက်ဆံများဖြစ်တဲ့ သတင်းစာလောက၊ စာနယ်ဇင်းလောကအပေါ် နည်းမျိုးစုံဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်တော့တာပါပဲ။ သတင်းစာဆရာတွေ စာရေးဆရာ ကဗျာဆရာတွေကို နည်းမျိုးစုံချုပ်ချယ် နည်းမျိုးစုံတရားရုံးတင် နည်းမျိုးစုံနဲ့ အကျဉ်းထောင်တွေထဲ ထည့်ကြတော့တာပါပဲ။ ကဗျာဆရာဝင်းလတ်ဟာ အဲသလိုအချိိန်ကာလဆိုးကြီးအောက်ရောက်နေတဲ့အချိန်မှာပဲ “ မျက်လှည့်ဆရာကြီးရဲ့မယား ”လို့ ခေါင်းစဉ်တပ်ထားတဲ့ကဗျာကို ရေးတာပါပဲ။

ကျနော်တို့ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ “ တရားရုုံး အကျဉ်းထောင်နဲ့ လူသတ်ကုန်းကို ဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ ” ဖြစ်ပါတယ်။ ဒီနေရာမှာ အဲဒီပညာရှင်တွေအကြောင်းပြောရင်းနဲ့ သူတို့ရေးခဲ့သားခဲ့တဲ့စာပေလက်ရာတချို့ကိုလည်း လိုအပ်သလောက်အနည်းငယ်စီ ထည့်သွင်း ရှင်းပြချင်တဲ့အတွက့် ကဗျာဆရာဝင်းလတ်အကြောင်းပြောရင်းနဲ့ သူရေးဖွဲ့ခဲ့တဲ့ အဲဒီ “မျက်လှည့်ဆရာကြီးရဲ့မယား” ကဗျာအကြောင်းလည်း နည်းနည်းရှင်းပြချင်ပါတယ်။

စစ်တပ်က တိုင်းပြည်အာဏာသိမ်းတဲ့အခါ လက်ရှိဒီမိုကရေစီအစိုးရအဖွဲ့တစ်ဖွဲ့လုံးကို ဖမ်းဆီးထောင်ချထားခဲ့ပါတယ်။ နောက်တော့မှ စစ်အစိုးရကိုယ်တိုင် ချုပ်ကိုထုတ်ဝေတဲ့ သတင်းစာ ဂျာနယ်နဲ့ စစ်အစိုးးရကိုထောက်ခံတဲ့ စာနယ်ဇင်းတချို့ကိုပဲချန်ထားပြီး ကျန်ပုဂ္ဂလိကစာနယ်ဇင်းအားလုံးကို ဖျက်သိမ်းပစ်လိုက်ပါတယ်။ နောက်တော့မှ မဂ္ဂဇင်းနဲ့ ဂျာနယ်တချို့ အသစ်ထုတ်ဝေခွင့်ပေးလာပါတယ်။ ဒါပေမယ့် အဲဒီကာလ လေးကလည်း မကြာလိုက်ပါဘူး။ နောက်တော့လည်း အရင်အတိုင်း ပြန်လည်ပိတ်ပင်ပြန်တာပါပဲ။

အဲဒီလို အထိုက်အလျောက်ဖြေလျော့ပေးတဲ့အခိုက်အတန့်လေးမှာ ပုဂ္ဂလိကဂျာနယ်တခိုု့ ထင်ရှားလာခဲ့ပါတယ်။ ဥပမာ ရွှေတူ၊ ရှုဒေါင့်၊ ပြည်သူ့ကြယ် အစရှိတဲ့ ဂျာနယ်တွေ ထင်ရှားလာပါတယ်။ အဲဒီအချိန်မှာပဲ ကဗျာဆရာဝင်းလတ်က ရှုဒေါင့်ဂျာနယ်မှာ အဲဒီ မျက်လှည့်ဆရာကြီးရဲ့မယား ကဗျာကိုရေးတာပါပဲ။ ၁၉၇၁ ခု၊ ဒီဇင်ဘာလထုတ် ရှုထောင့်ဂျာနယ်မှာပါ။ ၁၉၇၁ ခုနှစ်ဆိုတော့ စစ်အာဏာသိမ်းပြီး ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်တဲ့ စစ်အစိုးရသက်တမ်း ဆယ်နှစ်မပြည့်တပြည့်ကာလ ရှိလာတဲ့အချိိန်ပါပဲ။

ဗဟုသုတ ရစေသောငှါ ဝင်းလတ်ကို ထောင်နန်းစံစေခဲ့တဲ့ “မျက်လှည့်ဆရာကြီးရဲ့ဇနီး” ကဗျာကို အစအဆုံး ဖေါ်ပြပေးလိုက်ပါတယ်။

ဝင်းလတ် ရဲ့ မျက်လှည့်ဆရာကြီးရဲ့မယား

(၁)

ရကာစတော့

အိမ်ကပူရ၊ သူမျက်လှည့်ပြသွားတိုင်း

စိတ်က လုံးဝမချဘူး။

 

(၂)

လိမ်လည်ပြသ၊ လွဲချွတ်က

ပြရင်း အရှက်ကွဲခဲ့လေမလား။

ကြက်တူရွေး

မြွေပွေးနဲ့ မျောက်၊ စိတ်ရူးပေါက်ပြီး

ဖေါက်လာလေက

 မြွေကပဲ ကိုက်လိုက်လေမလား

မျောက်ကပဲ ဂျစ်လေမလား။

လက်ထောက်ကောင်လေး

နှစ်ယောက်မွေးထား၊ ကောင်လေးတွေက

ခတ်အအ ရယ်

 ဘာမှမပြောတတ်၊မပြတတ်သေး ၊
(ကျမစိတ်လေးရဲ့)
ပြေးပေါက်မှားခဲ့ကြလေမလား။
 

(၃)

၉-နှစ်၁၀-နှစ်

နှစ်တွေကြာလာ၊ စိုးရိ်မ်တာတွေ

ဘာမှမရှိတော့

ကျမယောကျင်္ား

အတော်သားတော့၊ ပြသွားတိုင်းမှာ

ပွဲတိုင်းပါပဲ

သေချာပိရိတဲ့ မျက်လှည့်ဆရာကြီးပါ။

(၄)

ကြက်တူရွေး

သင်ပေးတာပဲ၊ တဂဲဂဲနဲ့

တကတဲ သဘောကောင်းတဲ့ကောင်လေး။

မြွေပွေးမြွေပွေးနဲ့

ဟိတ်ပြေးလေသမျှ၊ မောင်နဲ့ကျတော့

မောင်အဆိပ်ထုတ်ထားတော့

အလကားကြိုးခွေပမာပါ။

မျောက်ဆိုတာဆော့တတ်တယ်

ဆော့လေသမျှ၊ မောင်ကြိုးကိုင်လှတော့

အကကောင်းတယ် ဖြစ်လာတယ်။

ခေတ်မီနည်းများနဲ့

ပြသားပြကွက်၊ အသစ်စက်စက်တွေ

မျက်လှည့်ဘက်မှာတော့ မောင်ကထိပ်။

(၅)

လက်ထောက်ကောင်လေး

အ,အလေးတွေ

မွေးထားတာက၊ ဟန်တောင်ကျသေး

ဘာမှ အာခံရဲမှာမဟုတ်

ဘယ်တော့မှ ဘဝင်ထောင်တတ်မှာမဟုတ်။

(၆)

မောင် မျက်လှည့်ပြ ထွက်သွားက

ကျမစိတ်မှာ၊ မပူပါ

ယုံလာပြီ ယုံပါပြီ။

မျက်လှည့်ကအပြန်မှ

အပန်းဖြေရန်စုံတွဲ

ကျမတို့နှစ်ယောက်ထဲလေ

ရုပ်ရှင်လည်းသွားလိုက်ဦးမယ်။

အိမ်လည်လည်း ထွက်လိုက်ဦးမယ်။

အိမ်မှာ ကြာကြာနေရတာ

ပျင်းစရာကောင်းတယ်ရှင့်။    

 

ဝင်းလတ်

ရှုဒေါင့်ဂျာနယ်၊ အမှတ် ၆၅

၁၊ ဒီဇင်ဘာ၊ ၁၉၇၁

ကဲ ဒီနေ့တော့ ဒီမှာတင်ရပ်နားထားလိုက်ပါတယ်။ နောက်နေ့တွေမှာ ဆက်ပြီး ဆွေးနွေးပါဦးမယ်။

လူငယ်များ စာပေဗဟုသုတ ပြည့်စုံကြပါစေ

Mizzima Weekly