တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

ဒီကနေ့မှာလည်း နိုင်ငံတကာက စာပေပညာရှင်တွေ သတင်းထောက်တွေ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်တချို့ကိုဘဲ ဆက်လိုက်ပါဦးမယ်။

ဒီအကြောင်းတွေကို ဘာ့ကြောင့် ကျနော်တို့ပြောနေရသလဲ။ အဓိကပြောချင်တဲ့ဦးတည်ချက်က ပြဿနာတစ်ခုရယ်လို့ဖြစ်လာရင် မတူတဲ့အမြင်တွေ ရှိလာတတ်တယ်ဆိုတဲ့အချက်နဲ့ ဘာ့ကြောင့် အမြင်တွေကွဲကြရသလဲဆိုတဲ့အချက်ကို သိစေချင် စဉ်းစားစေချင်လို့ ဒီအကြောင်းအရာတွေကို ကျနော်တို့ပြောနေတာပါ။

ကဲ ရုရှနိုင်ငံက အဖြစ်အပျက်တချို့ ကျနော်ပြောပြချင်ပါတယ်။ ရုရှဟာ တချိန်တုန်းက ဆိုဗီယက်ရုရှဆိုတဲ့ နာမည်နဲ့ ရပ်တည်ခဲ့တဲ့နိုင်ငံကြီး တနိုင်ငံပါ။ နိုင်ငံ ၁၅ ခုပေါင်းစုထားတဲ့ နိုင်ငံကြီးတနိုင်ငံပါ။ ၁၉၁၇ ခု လီနင်ခေါင်းဆောင်တဲ့ ကွန်မြူနစ်နို်င်ငံကြီးအဖြစ် ကမ္ဘာမှာ တဟုန်တိုး အရှိန်အဟုတ်ကြီးမားခဲ့တဲ့နိုင်ငံကြီးပါ။ နောက်တော့ နှစ် ၆၀ ကျော်လာတဲ့အခါ အဲဒီ ၁၅ နိုင်ငံပေါင်းစည်းမှုပြိုကွဲပြီး အခုတော့ ရုရှသမ္မတနိုင်ငံအဖြစ် ဆက်လက်ရပ်တည်တဲ့နိုင်ငံပါ။

ဒီနိုင်ငံမှာ အင်မတန်တိကျကြစ်လစ်တဲ့ ၀ါဒကြီးတစ်ခု ထွန်းကားခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒကြီးပါပဲ။ ဒီနိုင်ငံမှာလည်း စာရေးဆရာ ကဗျာဆရာတချို့ အဖမ်းခံရ၊ အင်မတန်ရာသီဥတုပြင်းထန်တဲ့ ဆိုက်ဗေးရီးယားမဲဇာတောက အလုပ်ကြမ်းစခန်းတွေ အပို့ခံရ၊ တချို့ကြတော့ သူတို့စာပေတွေ ၁၅ နှစ် အနှစ် ၂၀ အစရှိသဖြင့် ပိတ်ပင်ခံရ။ တိုင်းပြည်က နှင်ထုတ်ခံရ။ တချို့ကြတော့ ကိုယ်ကိုယ်ကို သတ်သေသွားတဲ့အထိ ဖိအားအပေးခံရ။ အဲသလိုတွေဖြစ်ခဲ့တာပါပဲ။

ဒီအထဲက စာပေပညာရှင် သုံးဦးလောက်ကို ကျနော်ပြောပြချင်ပါတယ်။ ရုရှနိုင်ငံသား ရဟူဒီလူမျိုး “အိုစစ် မင်ဒယ်လ်စတန်း”၊ “ဆိုဇင်နစ်ဇင်” နဲ့ “အက်ခ်မာတော်ဗါ” လို့ခေါ်ကြတဲ့ ကဗျာဆရာ စာရေးဆရာသုံးယောက်အကြောင်း ကျနော် နည်းနည်းစီပြောပြချင်ပါတယ်။

“အိုစစ် မင်ဒယ်လ်စတန်း”က ကဗျာဆရာပါ။ သူက ကွန်မြူနစ်ဝါဒကို မယုံကြည်ပါဘူး။ အထူးသဖြင့် ၁၉၁၇ ခု လီနင်ခေါင်းဆောင်ပြီးထူတဲ့ ကွန်မြူနစ်စနစ်ရဲ့ မှားယွင်းမှုတွေ အလွန်အကျွံဖြစ်မှုတွေကို ဆန့်ကျင်တဲ့သူပါ။ နောက်ဆုံး လီနင်ကွယ်လွန််ပြီးနောက် တက်လာတဲ့ အာဏာရှင်ကြီး စတာလင်ကို ပြောင်အတိအလင်း နာမည်တပ် ကဗျာရေးပြီး ပြစ်တင်ရှုတ်ချတဲ့အထိ လုပ်ပါတယ်။ ပထမတော့ ကံကောင်းပါသေးတယ်။ တကယ်တော့ အဲဒီအချိန်က စတာလင်က အင်မတန်ဓါးထက်တဲ့အချိန်ဖြစ်ပေမယ့် အသတ်မခံရဘဲ ဆိုက်ဗေးရီးယားမဲဇာတောက အလုပ်ကြမ်းစခန်းအပို့ခံရတာပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂ နှစ်နေပြီး ပြန်လွတ်လာတော့ ထပ်ပြီး အဖမ်းခံရပါတယ်။ ဆိုက်ဗေးရီးယားကို ထပ်ပြီးအပို့ခံရပါတယ်။ နောက်တော့ ဘယ်နေရာမှာ ဘာ့ကြောင့်ကွယ်လွန်ရတယ်ဆိုတာ ရေရေရာရာ ဘယ်သူမှမသိရဘဲ ကွယ်လွန်ပါတယ်။

ဒီတုန်းက “အိုစစ်မင်ဒယ်လ်စတန်း”ကို တကယ့်ကို အနုပညာသမားစစ်စစ်ဖြစ်တယ်။ လွတ်လပ်မှုကိုမြတ်နိုးသူဖြစ်တယ်။ ကွန်မြစ်နစ်စံနစ်ကြီးရဲ့ဆိုးကျိုးတွေကို ကြိုမြင်ခဲ့သူဖြစ်တယ်။ အာဏာရှင်ဆန့်ကျင်ရေးသမားဖြစ်တယ်ဆိိုတဲ့အမြင်နဲ့ သူ့ကိုထောက်ခံကြသူတွေရှိခဲ့ပါတယ်။ တခါ ဆန့်ကျင်တဲ့သူတွေကလည်း သူ့ကို အပြင်းအထန်ဆန့်ကျင်ခဲ့ကြတာပါပဲ။ သူဟာ တော်လှန်ရေးကြီးကိုဆန့်ကျင်တဲ့ အရင်းရှင်စနစ် အရင်းရှင်လူတန်းစားရဲ့ သူလျှိုတစ်ဦးဖြစ်တယ်။ ပစ္စည်းမဲ့တော်လှန်ရေးခေါင်းဆောင်ကြီးကို ဆန့်ကျင်တဲ့ အရင်းရှင်ဘက်တော်သားဖြစ်တယ်။ သူ့ကို အဲသလိုအပြစ်ပေးတာ မှန်ကန်တဲ့ပြစ်ဒဏ်ဖြစ်တယ်ဆိုပြီး ဆိုဗီယက်ရုရှသတင်းစာအများစုကြီးက ရေးခဲ့ပါတယ်။ သူ့ကိုဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။ ဒီတုန်းက သူ့အပေါ် အဲသလို မတူတဲ့အမြင်တွေ ရှိခဲ့တာပါပဲ။

ကဲ နောက်တစ်ယောက်အကြောင်းပြောပါဦးမယ်။ သူကတော့ ကမ္ဘာကျော် စာပေနိုဗယ်ဆုရှင် “ဆိုဇင်နစ်ဇင်” လို့ခေါ်တဲ့ စာရေးဆရာကြီးပါပဲ။ သူကတော့ ဆိုဗီယက်ယူနီယံနိုင်ငံကြီးထဲက အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ အလုပ်ကြမ်းစခန်းကြီးတစ်ခုအကြောင်း ဝတ္ထုကြီးတစ်ပုဒ်ရေးခဲ့သူပါ။ အဲဒီစာအုပ်ကြောင့်ပဲ သူလည်း စာပေနိုဗယ်ဆုရတာပါ။ သူ့ကြတော့ ပြည်ပကိုခရီးယာယီထွက်နေတုန်း ကွန်မြူနစ်အစိုးရက တိုင်းပြည်ပြန်ဝင်ခွင့်မပေးတော့ဘဲ နှစ် ၂၀ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ တကယ်လည်း ပြည်ပမှာ နှစ် ၂၀ နေထိုင်ပြီးမှပဲ တိုင်းပြည်ပြန်ဝင်ခွင့်ရခဲ့သူပါ။

“ဆိုဇင်နစ်ဇင်”ကိုကြတော့ တချို့က တိုင်းပြည်ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ချတဲ့ အမျိုးသားသစ္စာဖေါက်ဖြစ်တယ်။ အရင်ရှင်လတ်ဓါတ်ရှိပြီး နယ်ချဲ့အရင်းရှင်လူတန်းစားရဲ့ ဘက်တော်သားဖြစ်တယ်ဆိုပြီး ဆိုဗီယက်ရုရှားစာရေးဆရာအသင်းကြီးက ထုတ်ပယ်ကြောင်းကြေညာပါတယ်။ ဆိုဇင်နစ်ဇင်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေ ဖေါ်ထုတ်ရှုတ်ချကြပါတယ်။ အမျိုးသားသစ္စာဖေါက်အဖြစ် ၀ိုင်းဝန်းပြစ်တင်ကြပါတယ်။ ဒီကြားထဲကပဲ သူ့ကိုထောက်ခံတဲ့သူတွေ ထောက်ခံတဲ့အမြင်တွေလည်း ရှိခဲ့ပါတယ်။  “ဆိုဇင်နစ်ဇင်”ဟာ အမှန်တရားရဲ့ဘက်တော်သားဖြစ်တယ်။ မှားယွင်းတဲ့အစိုးရတစ်ရပ်တဲ့ အမှားတွေကို ရဲရဲရင့်ရင့် ထုတ်ဖေါ်ရေးသားသူဖြစ်တယ်။ သူ့ကြောင့်သာ ဆိုဗီယက်နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုကြီးတွေကို ကမ္ဘာကသိလာကြရတာဖြစ်တယ်။ အဲသလို ထောက်ခံတဲ့အမြင်ရှိသူတွေလည်း အများအပြားပါပဲ။

ကဲ နောက်တစ်ယောက်အကြောင်း ဆက်ကြရအောင်။ သူကတော့ ကဗျာဆရာမကြီး “အက်ခ်မာတော်ဗါ” ပါ။

အက်ခ်မာတော်ဗါ က ကွန်မြူနစ်စနစ်ကြောင့် ခံစားကြရတဲ့ ရုရှပြည်သူတွေအကြောင်း ကဗျာရေးတဲ့သူပါ။ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်ဝေဖန်ကြသူနဲ့လည်း ရင်းနီးသူဖြစ်ပါတယ်။ သူ့အဖြစ်ကလည်း တော်တော်ဆိုးပါတယ်။ လင်ဖြစ်သူက တော်လှန်ရေးဆန့်ကျင်သူအဖြစ် သတ်မှတ်ခံရပြီး သေနတ်နဲ့ပစ်သတ်ခံရသူ။ သားတစ်ယောက်က မိဘမဲ့ဂေဟာတစ်ခုမှာ အစာအဟာရပြတ်ပြီးသေဆုံး။ အဲသလိုတွေ ရင်ဆိုင်ဖြတ်သန်းရသူပါ။

သူ့ကို ဆိုဗီယက်တနိုင်ငံလုံးက ထုတ်သမျှသတင်းစာတိုင်းလိုလိုက သူ့ကဗျာစာအုပ်ကို ကြောက်စရာကောင်းတဲ့ ပိုးမွှားများကို သယ်ဆောင်လာတဲ့စာအုပ်အဖြစ်တင်စား ရှုတ်ချခဲ့ကြပါတယ်။ သူ့ကိုပြစ်တင်ရှုတ်ချတဲ့ လူထုအခမ်းအနားတွေကို အစိုးရကပဲဦးဆောင်ပြိီး နိုင်ငံအနှ့ံကျင်းပကြပါတယ်။ ဒီနေရာမှာလည်း သူ့ကိုဆန့်ကျင်သူတွေရှိသလို ထောက်ခံကြသူတွေလည်း ရှိတာပါပဲ။ သူဟာ လွတ်လပ်တဲ့ကမ္ဘာတစ်ခုအတွက် မီးရှူးတန်ဆောင်ဖြစ်တယ်။ လူတစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့်အတွက် ရဲဝံ့စွာတိုက်ပွဲဝင်သူဖြစ်တယ်။ အဲသလို ထောက်ခံပြောဆိုကြသူတွေလည်း ရှိခဲ့ပါတယ်။

ဒီနေရာမှာကျနော်တို့သတိပြုမိသင့်တဲ့အချက်တွေရှိလာပါတယ်။ သူ့တို့ကို ဘယ်သူတွေကထောက်ခံကြသလဲ။ သူတို့ကို ဘယ်သူတွေက ဘာ့ကြောင့်ဆန့်ကျင်ကြသလဲ။ ဘယ်လိုလူတွေက ဆန့်ကျင်ခဲ့ကြသလဲ။ ဘာ့ကြောင့် ဆန့်ကျင်ကြတာလဲ။

ကဲ ဒါကိုတော့ နောက်တနေ့ဆက်တဲ့အခါ ဆက်လက်ဆွေးနွေးကြတာပေါ့။ ဒီကနေ့တော့ ဒီမှာပဲ ခေတ္တနားခွင့်ပြပါ။

လူငယ်များ စာပေနယ်ပယ်ထဲက ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် လေ့့လာခွင့်ရနိုင်ကြပါစေ။

Mizzima Weekly