တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

မနေ့တုန်းက နိုက်ဂျီးရီးယားနိုင်ငံမှာ စစ်အစိုးရဲ့ ကြိုးပေးအသတ်ခံခဲ့ရတဲ့ သတင်းစာဆရာ စာရေးဆရာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ကင်ဆာရို ဝီဝါအကြောင်း ကျနော်ပြောခဲ့ပါတယ်။

ဗဟုသုတရဖွယ် အချက်အလက်တချို့နည်းနည်းတော့ထည့်ပြောချင်ပါသေးတယ်။ ကင်ဆာရိုဝီဝါက တစ်ယောက်တည်း ကြိုးပေးခံရတာမဟုတ်ပါဘူး။ တခြား အိုဂိုနီလူမျိုးစုခေါင်းဆောင် သုံးဦးလည်း သူနဲ့အတူ ကြိုးပေးအသတ်ခံရတာပါ။ ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာ စစ်အစိုးရကတော့ ကင်ဆာရိုဝီဝါနဲ့ အပေါင်းပါသုံးဦးဟာ အိုဂိုနီလူမျိုးစုဝင်တစ်ဦး အသတ်ခံရတဲ့အမှုမှာ ပါဝင်ပတ်သက်နေကြတယ််ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးမှာ အလျင်အမြန်စစ်ဆေး အမြန်ဆုံးပစ်ဒဏ်ချလိုက်တာပါ။

ကင်ဆာရိုဝီဝါက သူ့ဆေးတံအိုးလေးကို သူ့ဖခင်ဆီပို့ပေးဖို့နောက်ဆုံးအခွင့်အရေးတောင်းတာကိုတောင် စစ်အစိုးရက ခွင့်မပြုခဲ့ပါဘူး။ ကြိုးပေးအသတ်မခံရခင်အချိန်ကလေးမှာ ကင်ဆာရိုဝီဝါက ငါ့ခန္ဓာကိုယ်ရဲ့အသက်ဝိညာဉ်ကို ဘုရားသခင်က ယူဆောင်သွားမှာအမှန်ဖြစ်ပေမယ့် အမှန်တရားကတော့ ကမ္ဘာပါတ်နေလိမ့်မယ်လို့ ပြောခဲ့ပါသေးတယ်။ သူ့ကို ကြိုးဆွဲချသတ်တဲ့အခါ သူ့ခန္ဓာကိုယ်ဟာ ကြိုးတွဲလောင်းနဲ့မိနစ်အတန်ကြာ တဆတ်ဆတ်လှုပ်နေခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါကလည်း စစ်အစိုးရက ကြိုးပေးသတ်တဲ့အချိန်ဗီဒီယိုမှတ်တမ်းရိုက်ယူထားတာကို ဘယ်လိုကဘယ်လို အပြင်ကိုပေါက်ထွက်လာတယ် မသိပါဘူး။ ကံအားလျော်စွာ ကင်ဆာရိုဝီဝါ ကြိုးပေးအသတ်ခံရတဲ့မြင်ကွင်းကို နိုက်ဂျီးရီယားပြည်သူတချို့နဲ့ ကမ္ဘာကြီးက ကြည့်ခွင့်ရလိုက်ကြတာပါ။

ကင်ဆာရိုဝီဝါ ကို စစ်အစိုးရက ဘယ်လိုစွပ်စွဲချက်နဲ့ဖမ်းတယ်။ သေသေချာချာစစ်ဆေးခြင်းမရှိဘဲ ကြိုးပေးလိုက်တယ်။ ဒီအကြောင်းတွေကို အားလုံးအသိဖြစ်ပေမယ့် နိုက်ဂျီးရီးယားစစ်အစိုးရကတော့ ကင်ဆာရိုဝီဝါဟာ တည်ဆွဲဥပဒေတွေကို ချိုးဖေါက်သူဖြစ်တယ်၊ နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်သူဖြစ်တယ်၊ လူထုကို ဆူပူအုံကြွအောင် စည်းရုံးလှုံှု့ဆော်သူဖြစ်တယ်လို့ပဲ ကြေညာခဲ့ပါတယ်။

ဒီတုန်းက နိုက်ဂျီးရီးယားစစ်အစိုးရလိုလားသူ သတင်းစာတွေက ကင်ဆာရိုဝီဝါကို လူသတ်သမား ဆူပူလှုံ့ဆော်ရေးသမား တိုင်းပြည်သစ္စာဖေါက်ဖြစ်တယ်ဆိုပြီး ရေးခဲ့ကြတာပါပဲ။

နောက်ထပ်တစ်ယောက် ပြောပြချင်ပါသေးတယ်။ သူကတော့ ဂျာမဏီနိုင်ငံက ဒီမီထရော့ ဆိုတဲ့ သတင်းစာဆရာတစ်ဦးပါ။ သူ့ကိုလည်း ဂျာမဏီနိုင်ငံခေါင်းဆောင်ကြီးလို့ ၀ိုင်းဝန်းအမွှန်းတင်နေရတဲ့ အာဏာရှင်ကြီး ဟစ်တလာက လွှတ်တော်ကြီးကို မီးရှို့ဖို့ကြိုးစားသူဆိုတဲ့စွပ်စွဲချက်နဲ့ ရုံးတင်တရားစွဲခဲ့ပါတယ်။

ဒီတုန်းက ဒီမီထရော့ဟာ ကွန်မြူနစ်ဖြစ်တယ်၊ အလုပ်သမားတွေကို ဆူပူဖို့လှုံ့ဆော်သေးထိုးပေးနေသူဖြစ်တယ်ဆိုပြီး ဟစ်တလာရဲ့နောက်တော်ပါ လိုလားသူတွေက ၀ိုင်းဝန်းပြစ်တင်ရှုတ်ချခဲ့ကြတာပါပဲ။ သူ့ကို ဟစ်တာလိုလားသူတွေက လူအုပ်နဲ့ ဝင်းဝန်းအကြမ်းဖက်တိုက်ခိုက်ကြပါတယ်။ ဒါပေမယ့် ဒီမီထရော့ဟာ တရားရုံးတော်ကြီး မီးရှို့မှုမှာ သူနဲ့မသက်ဆိုင်ကြောင်း၊ ဟစ်တလာအစိုးရရဲ့ ဖေါက်ပြန်မှားယွင်းမှုတွေနဲ့ မတရားတဲ့အုပ်ချုပ်မှုတွေကို တရားရုံးတော်မှာပဲ ရဲရဲဝန့်ဝန့် ဖွင့်ချလို့ ဟစ်တလာအစိုးရ အရှက်ကွဲခဲ့ရပါတယ်။

ဒီမီထရော့နဲ့ ကင်ဆာရိုဝီဝါအပြင် တခြား စာရေးဆရာ သတင်းစာဆရာတွေ အစိုးရအသီးသီးက အရေးယူအပြစ်ပေးခံရသလို သူတို့လိုပဲ အပြစ်ပေးခံရတဲ့ တခြားစာပေပညာရှင်တွေဆိုတာ  ကမ္ဘာတလွှားမှာ ဒုနဲ့ဒေးပါပဲ။ သူတို့နဲ့ပတ်သက်ပြီး မတူတဲ့အမြင်တွေ မတူတဲ့ တုန့်ပြန်မှုတွေ ရှိခဲ့တာပါပဲ။

ကဲ ကျနော်တို့နိုင်ငံဘက် ခဏပြန်ကြည့်ကြရအောင်။

ဟိုတနေ့က အစပျိုးပြောခဲ့တာတချို့ရှိပါတယ်။ အနန္တသူရိယအမတ်တို့ လူထုဦးလှနဲ့ ဆရာဗန်းမော်တင်အောင်တို့ဟာ မင်းပြစ်မင်းဒဏ်၊ အစိုးရပြစ်ဒဏ်တွေခံခဲ့ကြရတဲ့အကြောင်း အစပျိုးခဲ့ပါတယ်။

ဒီနေရာမှာ လက်သည်မပေါ်တဲ့ဗုံးခွဲမှုကိုလည်း လူထုဦးလှ ခံရပါသေးတယ်။ လူထုဦးလှရဲ့ လူထုသတင်းစာတိုက်ကို အမည်မသိလက်နက်ကိုင်တစ်စုက ဗုံးထောင်ပြီး ဖေါက်ခွဲဖျက်ဆီးပစ်ခဲ့ပါသေးတယ်။ ဒီကြားထဲကပဲ တရားရုံးတင်ပြီး ထောင်ဒဏ်အပြစ်ပေးခံရတာပါ။ လူထုဦးလှတင်မကပါဘူး။ လူထုဦးလှရဲ့ ဇနီးဖြစ်သူ နိုင်ငံကျော်စာရေးဆရာမကြီး လူထုဒေါ်အမာလည်းပဲ အစိုးရရဲ့ တရားရုံးတင်စစ်ဆေးပြီး ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပါသေးတယ်။

ဒီတုန်းက လူထုဦးလှကိုဆန့်ကျင်ရှုတ်ချပြီး အစိုးရကိုအားပေးထောက်ခံတဲ့သူတွေ ရှိခဲ့တာပါပဲ။ လူထုဦးလှဟာ အစိုးရကို အကြည်ညိုပျက်အောင်လုပ်သူဖြစ်တယ်လို့ ၀ိုင်းပြောခဲ့ကြတာပါပဲ။

ဆရာဗန်းမော်တင်အောင်ကြတော့ ပြည်တော်သာခင်ခင်ကြီးဝတ္ထုရေးလို့ ထောင်ဒဏ်အပြစ်ပေးခဲ့တာပါ။ အဲဒီတုန်းက အစိုးရအဖွဲ့ခေါင်းဆောင်က ဝန်ကြီးချုပ်ဦးနုပါ။ ပြည်ထဲရေးဝန်ကြီးက သခင်သာခင်ပါ။ ဦးနုက ပြည်တော်သာစီမံကိန်းဆိုတာ ကြေညာပါတယ်။ လူတကိုယ် တိုက်တစ်လုံးကားတစ်စီးဖြစ်အောင်လုပ်မယ်ဆိုပြီး ကြွေးကြော်ပါတယ်။ ဆရာဗန်းမော်တင်အောင်က အဲဒီ ဦးနုရဲ့ပြည်တော်သာစီမံကိန်းဆိုတာကြီးဟာ မှားနေတယ်။ အခြေခံ လူများစုပြည်သူတွေကို အကျိုးမပြုပဲ ပိုက်ဆံချမ်းသာသူတွေ အဂတိလိုက်စားသူ အစိုးရဝန်ထမ်းတွေသာ ကြီးပွားချမ်းသာစေတယ်။ လူထုကဆင်းရဲသထက်ဆင်းရဲပြီး လူတစ်စုက ချမ်းသာသထက် ချမ်းသောစေတဲ့စီမံကိန်းဖြစ်တယ်ဆိုတာကို ပြည်တော်သာခင်ခင်ကြီးဝတ္ထုရေးပြီး ဝေဖန်ထောကပြခဲ့တာပါ။ ဒါကို ဦးနုအစိုးရက ဒေါသဖြစ်ပြီး ဆရာဗန်းမော်တင်အောင်ကို ထောင်ချခဲ့တာပါ။

ဒီတုန်းကလည်း ဗန်းမော်တင်အောင်ဆိုတာ ကွန်မြူနစ်ဖြစ်တယ်၊ သူပုန်အားပေးလုပ်သူဖြစ်တယ်၊ လူတွေကို တမင်ဆူပူအောင်လုပ်သူဖြစ်တယ်၊ ကွန်မြူနစ်ဝါဒဖြန့်ချိဖို့ကြိုးစားသူဖြစ်တယ်ဆိုပြီး အစိုးရလိုလားသူ    သတင်းစာတချို့က ၀ိုင်းဝန်းပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဗန်းမော်တင်အောင် ဆန့်ကျင်ရှုတ်ချပွဲတွေ လုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ စစ်အစိုးရ တစ်ပါတီအာဏာရှင်အစိုးရလက်ထက်ကြတော့ ဆရာဗန်းမော်တင်အောင်ဟာ အင်းစိန်ထောင်အပြင် ကိုကိုးကျွန်းအကျဉ်းထောင်အထိ အပို့ခံရတော့တာပဲ။

ကဲ.. ဒီကနေ့လည်း ဒီနေရာမှာ ခဏရပ်နားခွင့်ပြုပါ။ နောက်နေ့တွေကြရင် ကမ္ဘာတလွှားက စာပေပညာရှင်တွေနဲ့ မြန်မာစာပေပညာရှင်တွေ မင်းဘေးမင်းဒဏ်သင့်တဲ့အခါ မတူတဲ့အမြင်တွေ ဘယ်လိုရှိခဲ့သလဲဆိုတာ ဆက်ပါဦးမယ်။

လူငယ်များ မှန်ကန်တဲ့ဗဟုသုတ ရနိုင်ကြပါစေ။

Mizzima Weekly