တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကို ဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကို ဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

ပြဿနာတစ်ခုခုရယ်လို့ဖြစ်လာရင် အဲဒီပြဿနာအပေါ် အမြင်အမျိုးမျိုးကွဲပြီး မြင်တတ်ကြတာ ဓမ္မတာပါပဲ။ အမြင်တွေအားလုံးကို အနှစ်ချုပ်လိုက်ရင်လည်း အားပေးထောက်ခံခြင်းနဲ့ ဆန့်ကျင်ခြင်းဆိုတဲ့အမြင်နှစ်ခုပဲ ရှိတာပါပဲ။

အခု ကျနော်တို့ ဆွေးနွေးဖို့ရွေးချယ်ထားတဲ့ခေါင်းစဉ်က တကယ်တော့ ကြီးကျယ်လွန်းတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒီခေါင်းစဉ်နဲ့ ပတ်သက်တဲ့အဖြစ်အပျက်တွေ   ခေတ်တိုင်းခေတ်တိုင်းမှာ ဖြစ်နေတာမို့ ရိုးသလိုတောင် ဖြစ်နေပါပြီလို့တောင် ပြောရမှာပါ။

ဥပမာ လွန်ခဲ့တဲ့ နှစ်ကိုးရာကျော် ပုဂံခေတ်က ပေါ်ခဲ့ဖူးတဲ့အဖြစ်အပျက်အပျက်တစ်ခုအပေါ်မှာပင်လျင် အမြင်မတူတာတွေ ရှိပါတယ်။ အဲဒီအဖြစ်အပျက် ဖြစ်ခဲ့စဉ်တုန်းကလည်း မတူတဲ့အမြင်တွေ ရှိခဲ့မှာဖြစ်သလို လွန်ခဲ့တဲ့ နှစ်ကိုးရာကျော်တုန်းက ဖြစ်ခဲ့တဲ့ဒီအဖြစ်အပျက်အပေါ် အခုခေတ်အထိ မတူတဲ့အမြင်တွေက ရှိနေဆဲပါပဲ။

လွန်ခဲ့တဲ့ နှစ်ကိုးရာကျော်တုန်းက ဘုရင် “နရပတိစည်သူ”က အမတ်တစ်ဦးကို သေဒဏ်ပေးခဲဖူးပါတယ်။ သူ့ကိုမချေမငံ မလေးမစား နေပြထိုင်ပြရပါ့မလားဆိုတဲ့ အမျက်ဒေါသနဲ့ ကဗျာဆရာအမတ် “အနန္တသူရိယ”ကို သေဒဏ်ပေးတာပါ။ အနန္တသူရိယက လူသတ်ကုန်းမှာ အသတ်မခံရခင် သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ အစချီတဲ့ကဗျာရေးပြီး ဘုရင်ကိုဆက်သဖို့ ပေးထားခဲ့ပါတယ်။ ဘုရင်က နောင်တရလို့ အသက်မှ လွတ်စေအမိန့်ချတော့ ဟိုမှာက အသတ်ခံရပြီဖြစ်နေပြီလေ။

ဒီအဖြစ်အပျက်ဖြစ်ပွားစဉ်က အဲဒီခေတ်ကလူတွေ ဘယ်လိုသဘောထားပေးခဲ့ကြသလဲဆိုတာ အသေအချာမသိနိုင်ပေမယ့် မနေ့တနေ့ကပဲ မိတ်ဆွေတစ်ယောက်ရဲ့အမြင်က တချို့လူတွေနဲ့ မတူကွဲပြားနေတာ ကျနော် ကြားခဲ့ရပါတယ်။ အဲဒီသူက သေဒဏ်ပေးမှာပေါ့ သူက ဘုရင်ကို မချေမငံနေပြလိုက်တာကိုး သတ်တာတောင်နည်းသေးတယ် ဘုရင်တစ်ပါးအပေါ် အဲသလိုနေမပြသင့်ဘူး လို့ ပြောပါတယ်။ အဲဒီမှာ နရပတိစည်သူဟာ မဆင်မခြင် လက်လွတ်စပယ် အာဏာရှင်ဖြစ်တယ်။ သေဒဏ်ပေးရလောက်အောင် မဖြစ်သင့်ဘူး။ ခုတော့ ပညာရှင်တစ်ယောက်ဆုံးရှုံးရတာပေါ့ ဆိုတဲ့အမြင်ရှိတဲ့သူအများစုနဲ့ မတူတဲ့အမြင်ကို ကျနော်ကြားခဲ့ရတာပါပဲ။

ဆိုလိုတာကိုပြန်ကောက်ရရင် ပြဿနာတစ်ခုခုဖြစ်လာရင်မတူတဲ့အမြင်တွေ ရှိလာကြတာ သိပ်တော့ မဆန်းဘူးဆိုတဲ့သဘော ကျနော်ပြောချင်တာပါ။

မနေ့တုန်းက ကျနော်တို့ပြောခဲ့တာ ရှိပါတယ်။ လွတ်လပ်ရေးခေတ်ဦးမှာတင် စာရေးဆရာလူထုဦးလှနဲ့ ဆရာဗန်းမော်တင်အောင်တို့ တရားရုံးကိုရင်ဆိုင်ခဲ့ရ ထောင်သွင်အကျဉ်းချခံခဲ့ကြရတဲ့အကြောင်း ဒီအမှုတွေအပေါ် သတင်းစာတွေက မတူတဲ့အမြင်တွေရှိခဲ့ဖူးတဲ့အကြောင်း ကျနော်နိဒါန်းပျိုးခဲ့ပါတယ်။ ဒါက လွတ်လပ်ရေးရကာစအချိန်မှာဖြစ်ခဲ့တာပါ

မတူတဲ့့အမြင်တွေထဲမှာစိတ်ဝင်စားစားစရာကောင်းပြီး သင်ခန်းစာယူသင့်တဲ့အဖြစ်အပျက်တချို့ ထပ်ပြီး ပြောချင်ပါသေးတယ်။

လွတ်လပ်ရေးမရခင်တုန်းက ကျနော်တို့လူမျိုးတွေ လူမျိုးခြားလက်အောက် အဖိနှိပ်ခံနေကြရတဲ့အချိန် တိုင်းပြည်ရဲ့ အကျိုးအမြတ်အားလုံးကို နယ်ချဲ့အုပ်စိုးသူက မတရားရယူနေတဲ့အချိန်မှာ ဆရာစံခေါင်းဆောင်တဲ့ မျိုးချစ်တချို့က နယ်ချဲ့အစိုးရကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒီလိုဖြစ်လာတော့ ဆရာစံအရေးအခင်းအပေါ် မတူတဲ့အမြင်တွေ ရှိခဲ့ပြန်တာပါပဲ။ တချို့ကတော့ နယ်ချဲ့အစိုးရကို အခုလိုဆန့်ကျင်တော်လှန်တာဟာ မှန်တယ်လို့မြင်ပြီး မှားတယ်လို့မြင်ပါတယ်။ မှားတယ်လို့မြင်တဲ့သူတွေက ဘာတွေပြောခဲ့ကြသလဲ။

နယ်ချဲ့အစိုးရဟာ အင်အားကြီးတယ်။ ငါတို့က ဘာလက်နက်မှမရှိဘူး။ အင်အားကြီးတဲ့ နယ်ချဲ့အစိုးရကိုပြန်တိုက်ရင် ကိုယ်ပဲရှုံးမှာသေချာနေတာ အခုလိုထတိုက်တာ မှားတယ်။ တကယ်တော့ နယ်ချဲ့အစိုးရရဲ့ကျေးဇူးတွေကို မြင်တတ်ကြရမယ်။ အင်္ဂလိပ်နယ်ချဲ့ဆိုပေမယ့် သူတို့ကျေးဇူးကြောင့် ဒီနိုင်ငံမှာ သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ် ကွယ်ပျောက်သွားရတာ ဗဟုသုတနည်းပြီးမယဉ်ကျေးတဲ့ဒီနိုင်ငံဟာ အင်္ဂလိပ်နယ်ချဲ့အစိုးရကြောင့် ယဉ်ကျေးလာရတာ၊ နယ်ချဲ့အစိုးရရဲ့ကျေးဇူးကြောင့် ဒီနိုင်ငံမှာ ရထားလမ်းနဲ့ကားလမ်းတွေ ရှိလာရတာ နယ်ချဲ့အစိုးရကို ကျေးဇူးတောင်တင်ရဦးမှာ ဒါကြောင့်မို့ အင်အားကြီး ကျေးဇူးရှိတဲ့ နယ်ချဲ့အင်္ဂလိပ်အစိုးရကို အခုလိုပြန်လည်တိုက်ခိုက်တာဟာ မှားတယ်။ နောက်ဆုံး ကိုယ်သာအရှုံးနဲ့ရင်ဆိုင်ကြရတာပဲမဟုတ်လား…။ အဲသလို အမြင်ရှိသူတွေကလည်း ရှိခဲ့ကြဖူးတာပါပဲ။

ဒီနေရာမှာ ကျနော်ထပ်ပြီး ဝန်ခံထားချင်တဲ့အချက်က အခုပြောပြခဲ့တဲ့အဖြစ်အပျက်တွေအပေါ် ဘယ်အမြင်ကဖြင့်မှားတယ် ဘယ်အမြင်ကဖြင့်မှန်တယ်ဆိုတဲ့ကောက်ချက်ဆွဲတဲ့အချက်ကို ဦးတည်ဆွေးနွေးနေတာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ ကျနော့်ရဲ့အဓိကဦးတည်ချက်က ပြဿနာရဲ့အမှားအမှန်ကို ပြောဆိုလိုခြင်းမဟုတ်ဘဲ ပြဿနာဖြစ်တိုင်းဖြစ်တိုင်း မတူတဲ့အမြင်တွေဟာ ခေတ်တိုင်းခေတ်တိုင်းမှာ ရှိကိုရိခဲ့ကြတာပဲဖြစ်တယ်ဆိုတဲ့အချက် အဓိကထားမီးမောင်းထိုးချင်တဲ့ အချက်ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်ထဲတုန်းက နိုက်ဂျီးရီးယားနိုင်ငံမှာ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ “ဆန်နီအဘာချာ”ဆိုတဲ့သူက အုပ်ချုပ်ခဲ့ပါတယ်။ စစ်တပ်ကအုပ်ချုပ်တာဆိုတော့ တိုင်းပြည်ကို ဒိီမိုကရေစီစနစ်နဲ့မအုပ်ချုပ်ဘဲ အမိန့်အာဏာနဲ့ အုပ်ချုပ်ခဲ့တာပါ။ အဲဒီမှာ သတင်းစာဆရာ စာရေးဆရာတစ်ဦးဖြစ်တဲ့ “ကင်ဆာရို ၀ိီဝါ” က စစ်အစိုးရကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေကို ခေါင်းဆောင်ပါတယ်။ သူက အိုဂိုနီလူမျိုးစုဝင်တစ်ဦးဖြစ်တာမို့ အိုဂိုနီပြည်နယ်မှာ စစ်အစိုးရက ရေနံကုမ္ပဏီတွေနဲ့ပေါင်းပြီး ရေနံတွင်းတွေ စည်းမဲ့ကမ်းမဲ့ထုတ်လုပ်လို့ သစ်ပင်တွေပြုန်းတီး သဘာဝပတ်ဝန်းကျင်ပျက်စိီးရတဲ့အကြောင်း၊ တခါ ဒီရေနံတွင်းတွေကရတဲ့အကျိုးအမြတ်ကြပြန်တော့ စစ်အစိုးရကသာ လက်ဝါးကြီးအုပ်ရယူထားပြီး ဒေသခံအိုဂိုနီလူမျိုးစုတွေက ဆင်းရဲတွင်းနက်ကြရတဲ့ အကြောင်းပြောပြီး ကန့်ကွက်ပါတယ်။ ဒီတော့ ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာက သူ့ကိုဖမ်းပြီး သေဒဏ်ပေးလိုက်ပါတယ်။

ဒီတုန်းကလည်း လူတချို့က စစ်အစိုးရလုပ်တာကို ထောက်ခံပြီး တချို့ကတော့ အသတ်ခံရတဲ့ ကင်ဆာရိုဝီဝါကို ထောက်ခံခဲ့ကြပါတယ်။ ဒီပြဿနာအပေါ်မှာလည်း အဲသလို သဘောထားအမြင် မတူတာတွေရှိခဲ့တာပါပဲ။

ကဲ နောက်ထပ်အဖြစ်အပျက်တချို့ကိုတော့ နောက်နေ့တွေမှာ ဆက်ပြီးပြောကြဆွေးနွေးကြသေးတာပေါ့။ ဒီကနေ့တော့ ဒီမှာတွင် ခဏနားကြရအောင်ပါ။

လူငယ်များ ပြဿနာရပ်တိုင်းအပေါ် မှန်ကန်သင့်တင့်တဲ့အမြင် ရှိနိုင်ကြပါစေဗျား။

Mizzima Weekly