တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကိုဖြတ်သန်းကြရတဲ့ စာပေပညာရှင်များ

ဒီကနေ့တော့ မူရင်း ဆွေးနွေးလက်စ စကားပြေအရေးအသားကိစ္စ ခဏထားပြီး လူငယ်တွေ စိတ်ဝင်စားကြမယ်ထင်ရတဲ့ လူထုဘဝသရုပ်ဖော် စာပေပညာရှင်များအကြောင်း ပြောပြချင်ပါတယ်။

ဒါကလည်း အခုတလော ကျနော်တို့တိုင်းပြည်မှာ ကိစ္စရပ်တစ်ခုဖြစ်ပြီဆိုတာနဲ့တပြိုင်နက် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် အင်မတန်ရှုပ်ထွေးတဲ့သဘောထားအမြင်တွေ တင်ကြပြောကြတဲ့ကိစ္စအပေါ် အခြေအနေပေးတုန်း စာပေနယ်ပယ်က လူပုဂ္ဂိုလ်တချို့အကြောင်း ပြောပြရရင်ကောင်းမယ်လို့တွေးမိပြီး ဒီကိစ္စ ပြောပြဖို့ဖြစ်လာတာပါ။

ဟိုတလောလေးတုန်းက သတင်းထောက်နှစ်ဦးကိုတရားရုံးက ထောင်ဒဏ်တွေချမှတ်တဲ့ကိစ္စ အားလုံးကြားလိုက်ကြမှာပါ။ ဒီသတင်းအပေါ်တုန့်ပြန် သဘောထားပေးကြတဲ့ အထဲမှာ ထောင်ဒဏ်တင်မက သေဒဏ်သာပေးသင့်တဲ့အကြောင်း၊ ထောင်ဒဏ်မပေးပဲ သေနတ်နဲ့အသေပစ်သတ်သင့်တဲ့အကြောင်း၊ ဒါ့အပြင် ပြစ်ပြစ်နှစ်နှစ်ဆဲရေးတိုင်းထွာပြီး သတင်းထောက်တွေကို ချိုးနှိမ်ရေးသားပြောဆိုကြတဲ့ အရေးအသားတွေကို တွေ့လိုက်ကြရပါတယ်။ ဒီအထဲမှာ ရဟန်းသံဃာဆိုသူတွေကပါ သည့်ထက်ကြီးလေးတဲ့ပြစ်ဒဏ် စီရင်သင့်တဲ့အကြောင်း၊ ဝင်ရောက်ပြောဆိုတာလည်း တွေ့လိုက်ရပါတယ်။

ကျနော်ဆိုလိုချင်တာက သတင်းထောက်နှစ်ဦးကို တရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်တဲ့ကိစ္စ တရားသည်မတရားသည် မှန်သည်မှားသည် ပြောဆိုလိုခြင်းမဟုတ်ပါဘူး။ ဒါက တရားရုံးရဲ့အလုပ်ပါ။ ကျနော်ရည်ညွှန်းလိုတဲ့အချက်က တရားရုုံးက ပြစ်ဒဏ်ချမှတ်ထားပြီးဖြစ်တဲ့ ကိစ္စမှာ ပြစ်ဒဏ်ချမှတ်ခံရသူတွေကို ဘာပြုလို့များ နင်နင့်သီးသီး ရိုင်းရိုင်းစိုင်းစိုင်း ဝင်ရောက်ပြောဆိုပြီး လူအချင်းချင်းကြားထားရှိအပ်တဲ့ ကိုယ်ချင်းစာတရားနဲ့ ယဉ်ကျေးမှုအနေအထားကို လုံးဝထည့်မစဉ်းစားနိုင်တော့ဘဲ ဘာ့ကြောင့်များ ပိုပြီးထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်သင့်ကြောင်း ဝင်ရောက်ပြောဆိုနေကြတာများလည်း။ ဒီလိုရင့်သီး ပြင်းထန်ရိုင်းစိုင်းတဲ့ အပြောအဆိုအရေးအသားတွေကို ဘာ့ကြောင့်များ လူသိထင်ရှား ပြောင်ပြောင်တင်းတင်း ရေးရဲပြောရဲလာကြတာဟာ ဘာ့ကြောင့်လည်း။

ဒါကို ကျနော်တို့ အဖြေရှာသင့်ပါတယ်။ ဒီလိုအပြုအမူ ဒီလိုအရေးသား ဒီလိုယဉ်ကျေးမှုမျိုုးက လူငယ်တချို့ဆီကူးစက်တော့မှာ အသေအချာပါပဲ။ တရားရုံးရဲ့အဆုံးအဖြတ်အပေါ် ကန့်ကွက်သည်ပဲဖြစ်ပစေ ထောက်ခံသည်ပဲဖြစ်ပစေ ကိုယ့်သဘောထားကို ပြောဆိုရေးသားကြတာဟာ တကယ်တော့ကောင်းပါတယ်။ ဒါပေမယ့် ပြောပုံပြောနည်းနဲ့ ယဉ်ကျေးမှု အမူအရာကတော့ အကြိီးအကျယ်မှားယွင်းနေပြီလို့တော့ ကျနော်ယူဆပါတယ်။ ကျနော်တို့တိုင်းပြည် လက်ရှိအခြေအနေဟာ လူသတ်ဖို့ကြိုးစားသူတွေ လူသတ်သူတွေကိုတောင်မှ ထောက်ခံပြောဆိုရဲလောက်အောင် လူသိထင်ရှားပြောင်ပြောင်တင်းတင်း အားပေးအားမြှောက်ပြောရဲလောက်အောင် လူတွေ ယဉ်ကျေးမှုနိမ့်ပါးတိ်မ်းစောင်းကုန်ကြပြီလား။ မေးစရာရှိလာပါတယ်။ ဝမ်းနည်းဖို့ကောင်းသလို စိတ်ပူဖို့လည်းကောင်းတဲ့အနေအထားပါ။

ကဲ ဒါကတော့ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုအပေါ်မူတည်ပြီး သဘောထားအမြင်မတူကြတာတွေနဲ့ ရင့်သီးပြင်းထန်ပြီး အမုန်းစိတ်နဲ့ တုန့်ပြန်ပြောဆိုလာကြတဲ့ကိစ္စ နိဒါန်းပျိုးတဲ့သဘော ပြောလိုက်တာပါ။

ဒီကမ္ဘာကြီးပေါ်မှာ ကိစ္စတစ်ခုရယ်လို့ဖြစ်လာရင် အနှစ်သာရအားဖြင့် သဘောထားအမြင် နှစ်ခု အမြဲတန်းရှိခဲ့တာပါပဲ။ တစ်ခုက ထောက်ခံတဲ့အမြင်ဖြစ်ပြီး နောက်တစ်ခုကတော့ဆန့်ကျင်တဲ့အမြင်ပါပဲ။ ဒီအဖြစ်အပျက်တွေထဲက တခြားကိစ္စရပ်တွေအသာထားပြီး စာပေနယ်ပယ်ထဲက အဖြစ်အပျက်တချို့ကို ကျနော်ပြောပြချင်ပါတယ်။ တရားရုံးတွေ အကျဉ်းထောင်တွေ လူသတ်ကုန်းတွေကို ဖြတ်သန်းခဲ့ကြရတဲ့ စာပေပညာရှင်တချို့အကြောင်း ကျနော်အထိုက်အလျောက်ပြောပြချင်ပါတယ်။

ကျနော့်ရည်ရွယ်ချက်က အဲဒီ စာပေပညာရှင်များအပေါ် ဘယ်သူတွေက ဘယ်လိုသဘောထားပေးခဲ့ကြတယ်၊ ဘာ့ကြောင့် အဲဒီသဘောထားကို ပေးခဲ့ကြတာလဲဆိုတဲ့အချက်ကို နိဂုံးချုပ်မှာသုံးသပ်ပြောဆိုချင်လို့ ဒိီခေါင်းစဉ်ကို ကျနော် ယူလိုက်တာပါပဲ။

မြန်မာနိုင်ငံရယ်လို့မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ စာပေပညာရှင်တချို့ဟာ သူတို့ရေးတဲ့စာတွေကြောင့် တရားရုံး၊ အကျဉ်းထောင်နဲ့ လူသတ်ကုန်းကို မျက်မှောက်ပြုကြရတဲ့အဖြစ်အပျက်တွေဟာ ဒုနဲ့ဒေးပါပဲ။

ကျနော်တို့နိုင်ငံမှာလည်း စာပေအရေးအသားကြောင့် တရားရုံးတက်ကြရ၊ အကျဉ်းထောင်ထဲရောက်ကြရတဲ့ စာပေပညာရှင်တွေ ရှိပါတယ်။ တခြားခေတ်တွေမပြောနဲ့ ကျနော်တို့ရဲ့ မျက်မှောက်ခေတ်အတွင်းမှာတင် အများကြီးရှိပါတယ်။ အထူးသဖြင့် နယ်ချဲ့လက်အောက်ကလွတ်မြောက်ပြီး ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်တဲ့ခေတ်ဦးကတည်းက အဲသလို တရားရုံးတွေ အကျဉ်ထောင်တွေနဲ့ရင်ဆိုင်ရတဲ့ စာပေပညာရှင်တွေ တော်တော်များများ ရှိပါတယ်။

စာရေးဆရာ လူထုဦးလှနဲ့ စာရေးဆရာ ဗန်းမော်တင်အောင်ဟာ လွတ်လပ်ရေးရပြီးခေတ်ရဲ့ တရ့ားရုံးနဲ့အကျဉ်းထောင်ကို ရင်ဆိုင်ကြရတဲ့ ဗွေဆော်ဦးစာရေးဆရာတွေဖြစ်ကြတယ်လို့ မှတ်သားဖူးပါတယ်။ ဒိနောက်ပိုင်းမှာလည်း တိုင်းပြည်ကသိရလောက်အောင် ကျော်ကြားတဲ့စာရေးဆရာတချို့ရှိခဲ့သလို လူမသိသူမသိ မထင်မရှားနဲ့ တရားရုံးတို့ အကျဉ်းထောင်တို့ကို ရင်ဆိုင်ကြရတဲ့စာရေးဆရာတွေ အများကြီးရှိပါတယ်။

ဒီလိုစာရေးဆရာတွေ သူတို့ရေးတဲ့စာအပေါ်မူတည်ပြီးတရားရုံးတို့ အကျဉ်းထောင်တို့ကို ရင်ဆိုင်ကြရတဲ့အချိန်တုန်းကလည်း အဲဒီစာရေးဆရာတွေအပေါ်လူတွေက မတူတဲ့အမြင်နဲ့ သဘောထားပေးခဲ့ကြတာပါပဲ။ တချို့ စာရေးဆရာတွေကို ထောက်ခံစာနာကြပြီး တချို့ကတော့ ဆန့်ကျင်ကြ ရှုတ်ချတဲအမြင်နဲ့ ပြောဆိုဝေဖန်ခဲ့ကြတာပါပဲ။ အဲသလိုဆရာဆရာတွေ တရားရုံးပေါ်ရောက်လာတဲ့အခါ ဒါမှမဟုတ် အကျဉ်းထောင်တွေထဲ ဝင်ကြရတဲ့အခါ အဲဒီစာရေးဆရာတွေကို သတင်းစာတချို့ ထောက်ခံရေးသားပြီး ဆန့်ကျင်ရှုတ်ချပြစ်တင်ရေးသားတဲ့ သတင်းစာတချို့လည်း ရှိခဲ့တာပါပဲ။ အခုခေတ်လို အင်မတန်မြန်ပြီး ထိရောက်ကျယ်ပြန့်လှတဲ့ အင်တာနက်ခေတ်မဟုတ်လို့သာ မသိသာဘူးလို့ဆိုနိုင်ပေမယ့် လူတွေ ဘာ့ကြောင့် အဲသလို မတူတဲ့အမြင်တွေရှိခဲ့ကြတာလည်းဆိုတဲ့ကိစ္စကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

လောကမှာ အကြောင်းမဲ့ ဖြစ်ပေါ်လာရတဲ့ အကျိုးတရားဆိုတာ မရှိပါဘူး။ ဒါကြောင့်မို့ ဘာ့ကြောင့် မတူတဲ့သဘောထားအမြင်တွေရှိလာရသလဲဲဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ အသေအချာရှိပါတယ်။ ဘာ့ကြောင့် မတူတဲ့သဘောထားအမြင်တွေရှိလာရသလဲ။

ဒါကိုတော့ မနက်ဖြန်ကြမှ ဆက်ပြီးဆွေးနွေးကြ စဉ်းစားကြတာပေ့ါ။ ဒီကနေ့တော့ ဒီလောက်နဲ့နားခွင့်ပြုပါ။ နောက်နေ့တွေကြမှ ပြန်ဆုံကြတာပေါ့။

လူငယ်များ စာပေနယ်ပယ်က အဖြစ်အပျက်အကြောင်းအရာများအပေါ် ထိတွေ့နိုင်ကြ လေ့လာနိုင်ကြပြီး ဗဟုသုတနဲ့ သမိုင်းသင်ခန်းစာ ယူနိုင်ကြပါစေ။

Mizzima Weekly