လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

စကားပြေအရေးအသားဆိုတာ တခြားပညာရပ်နယ်ပယ်အသီးသီးလိုပါပဲ။ အစဉ်အမြဲထိတွေ့နေမှသာ တစ်စတစ် ပိုမိုတိုးတက်ကောင်းမွန်လာမှာဖြစ်ပြီး သိထားသမျှ ကျွမ်းကျင်ထားသမျှကိုလည်း ပိုမိုစွဲမြဲမှတ်သားမိနေမှာပါပဲ။

မနက်က မြို့ပြင်ဘက်လမ်းလျှောက်ရင်း ရေကြီးလို့ရေအောက်ရောက်ရတဲ့စပါးခင်းတွေ ရေအနည်းငယ်ပြန်ကျသွားတာလှမ်းကြည့်ရင်း ဒီစပါးတွေ ရှင်မှရှင်ပါအုန်းမလားလို့မေးတော့ ဘေးမှာရပ်နေတဲ့ လယ်သမားကြီးကပြောပါတယ်။ ဘယ်ရှင်ပါတော့မလည်းဗျာ စပါးအသက် ခုနှစ်ရက်ဆိုထားတာပဲ ရေကြီးတာ ဆယ်ရက်ကျော်ပြီလေတဲ့။ စကားပြေအရေးအသားကိစ္စကလည်း ဒီလိုပါပဲ။ စကားပြေရေးတဲ့အကျင့် မရှိတော့ပဲရပ်ထားလိုက်ရင် စာရေးတတ်တဲ့ပညာရပ်ဟာလည်း မေ့သွားတတ်တာ ဓမ္မတာပါပဲ။

မနေ့တုန်းကပဲ မီဒီယာနယ်ပယ်က လူငယ်နှစ်ယောက် စကားပြေအရေးအသား မှားပြီးရေးထားတာတွေ့လို့ အကြံပြုခဲ့ပါသေးတယ်။ တစ်ဦးကတော့ သူ့နောက်က တခြားလူတစ်ယောက်က တကောက်ကောက်လိုက်လာပြီး ထိကပါးရိကပါး ပြောဆိုနှောက်ယှက်တာကိုရေးတင်ထားတာပါ။ “သူ့အနောက်က တကောက်ကောက်လိုက်လာနေတယ်”လို့ရေးပါတယ်။ သူဟာ “နောက်” နဲ့ “အနောက်” ၊ “ရှေ့နဲ့အရှေ့” စကားလုံးမတူဘူးဆိုတာကို မသိဘူး။ “နောက်” နဲ့ “အနောက်” ကိုလည်း ကွဲကွဲပြားပြားနားမလည်ဘူး။ သူ့နောက်က တကောက်ကောက်လိုက်လာ ဆိုပြီးရေးရမယ့်အစား သူ့အနောက်က လို့ပဲရေးပါတယ်။ ဒါက သတိမမူမိလို့မှားတဲ့အမှားမဟုတ်ပါဘူး။ သူ့အနောက်က လို့ ရေးတာဟာ ။ အမှန်ဖြစ်တယ်လို့ကို အမှားကို အမှန်ထင်နေလို့ သူဒီလိုရေးတာပါ။ ဒါကတော့ စာများများမဖတ်တဲ့အားနည်းချက်၊ ဖတ်ပြန်ရင်လည်း အလေးအနက်ထားဖတ်တဲ့အကျင့်အားနည်းလို့ ဖြစ်ရတဲ့အမှားပါ။

နောက်တစ်ယောက်ကတော့ မနေ့တုန်းက ကျနော်တို့ဆွေးနွေးခဲ့ကြတဲ့ နာမဝိသေသနအထားမှားတဲ့ကိစ္စပါ။ ဒီိလိုအမှားမျိုးဟာ နေ့တိိုင်းမြင်နေ ဖတ်နေကြရတဲ့အမှားမျိုးတွေပါပဲ။

ခက်တာက အမှားကို အမှန်ဖြစ်တယ်လို့အသေမှတ်ထားရလောက်အောင် မှားနေတာမျိုးက ပြင်ရခက်မယ်ထင်ပါတယ်။ ပုဒ်ထားအမှားတွေကတော့ ပြောပြတဲ့သူရှိရင် ဒါမှမဟုတ် ရေးတဲ့သူကိုယ်တိုင်က မှားမှန်းသိရင် ပြင်လို့လွယ်ပါတယ်။

ကဲ ဒီကနေ့ ကျနော်တို့ “အလေးပေးဝါကျ” ဆိုတဲ့အကြောင်းအရာကို ကျနော်တို့သွားကြရအောင်ပါ။

စကားပြေရေးကြတဲ့အခါ စကားပြေထဲမှာပါတဲ့ ၀ါကျထဲမှာပါတဲ့ အကြောင်းအရာအရာအားလုံးဟာ အားလုံးအရေးပါနေကြတာချည်းပဲ မဖြစ်နိုင်ပါဘူး။ တချို့အကြောင်းအရာက အခြားအကြောင်းအရာထက်ပိုပြီထင်ရှားနေတာ ရှိနေရိုးထုံးစံပါပဲ။ ဆိုလိုတာက စာရေးသူတစ်ယောက်ဟာ သူရေးတဲ့ဝါကျထဲမှာ စာဖတ်သူ အလေးအနက်ထားရလေအောင် အလေးပေး ဦးစားပေးပြီးရေးတဲ့အကြောင်းအရာနဲ့ သိတ်ပြီး အလေးအနက်ထားဖတ်ဖို့မလိုတဲ့အကြောင်းအရာရယ်လို့ ကွဲပြားအောင်ရေးလေ့ရှိပါတယ်။ စာဖတ်သူကို သတိပြုမိသွားအောင် ၀ါကျထဲမှာပါတဲ့တခြားအကြောင်းအရာတွေထက် ပိုပြီးအထင်အရှားဖြစ်နေတဲ့အကြောင်းအရာဖြစ်လာရလေအောင် ရေးတတ်ကြပါတယ်။

စာရေးသူတွေဟာ အလေးပေးမှုထင်ရှားအောင် ရေးနည်းအမျိုးမျိုးကို အသုံးပြုလေ့ရှိပါတယ်။ ဒီအထဲမှာ ရေးနည်းရေးဟန် အမျိုးမျိုးအသုံးပြုတယ်ဆိုရာမှာ ၀ါကျဖွဲ့ထုံး စည်းမျဉ်းစည်းကမ်းနဲ့အညီ အသုံးပြုကြရပါတယ်။ ဒီလို စကားအကျယ်ပြောနေတော့ နားရှုပ်သလိုဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အောက်မှာ ဥပမာပေး ရှင်းပြတာကိုဆက်ဖတ်လိုက်ရင်တော့ အလေးပေးဝါကျဆိုတာ ဘာလဲဆိုတာ ရှင်းသွားပါလိမ့်မယ်။

ဒီနေရာမှာ ဆရာကြီးမောင်ခင်မင်ရဲ့ ရှင်းလင်းဖွင့်ဆိုချက်ကို ကိုးကားပါမယ်။

“ခွေးသည် ကလေးကိုကိုက်သည်…”ဆိုတဲ့စာကြောင်းဟာ ကတ္တား၊ ကံ၊ ကြိယာ ဖွဲ့ရိုးရေးရိုးထုံစံဖြစ်ပေမယ့်လည်း ခွေးအကိုက်ခံရတဲ့ကလေးကို ဦးစားပေးအလေးထားရေးချင်တဲ့့အခါ ကလေးကို ခွေးကိုက်သည်လို့ ကံ၊ ကတ္တား၊ ကြိယာ ပုံစံပြောင်းပြီးရေးလိုက်တာမျိုးဟာ စိတ်ဝင်စားဖို့ကောင်းတာတွေ့ကြရမှာပါ။ ဒီလိုပုံစံပြောင်းရေးတဲ့အခါ ၀ါကျဖွဲ့ထုံးနဲ့လည်း ညီအောင်ပြောင်းရေးတာဖြစ်ပါတယ်။

နောက်ထပ်ဥပမာ။ “ဆရာ မနေ့က လာသည်” ဆိုတဲ့ဝါကျမှာ ကတ္တား၊ အချိန်ပြ၊ ကြိယာ ဆိုတဲ့ပုံစံနဲ့ရေးထားတာကို ဆရာလာတဲ့အချိန်ကို ဦးစားပေးအလေးပေးသိစေလိုတဲ့အခါ “မနေ့က ဆရာလာသည်”လို့ အချိန်ပြ၊ ကတ္တား၊ ကြိယာပုံစံ ပြောင်းပြီးရေးတာမျိုးဟာ အလေးပေးဝါကျရေးနည်းတစ်ခုပါပဲ။

ကျနော်တို့ဟာ ကိုယ်အလေးပေးလိုတဲ့အကြောင်းအရာကို အဲသလိုပဲ နည်းမျိုးစုံအသုံးပြုပြီးရေးကြရတာပါပဲ။ ဒါပေမယ့် သတ်မှတ်ချက်က ၀ါကျဖွဲ့ထုံးနဲ့အညီ ရေးဖို့လိုတယ်ဆိုတဲ့အချက်ပါပဲ။ ကိုယ်ထင်သလိုပြောင်းလဲရေးလို့တော့မဖြစ်ပါဘူး။ ကိုယ်ထင်သလိုရေးရင် တနည်းအားဖြင့် ၀ါကျဖွဲ့ထုံးနဲ့ညီအောင်မရေးရင်တော့ ကိုယ်အလေးပေးလိုတဲ့အကြောင်းအရာဟာ ပိုမိုမထင်ရှားစေတဲ့အပြင် ၀ါကျရဲ့အဓိပ္ပါယ်ပါ ပျက်သွားစေမှာအမှန်ပါပဲ။

ကျနော်တို့ဟာ စကားပြေရေးတဲ့အခါ တကယ်ပဲ အလေးအပေါ့မတူတဲ့အကြောင်းအရာတွေကို ရေးကြရတာပါပဲ။ ဘယ်ဟာအဓိက ဘယ်ဟာသာမည ကွဲအောင်ရေးပြီးပြောကြရတာပါပဲ။ အခု ဆွေးနွေးခဲ့တဲ့ အလေးပေးဝါကျရေးနည်းတွေကို များများကျွမ်းကျင်လေလေ ကျနော်တို့ရေးတဲ့ဝါကျတွေကို စာဖတ်သူတွေက ပိုမိုနားလည်ခံစားနိုင်စေမှာပါ။

အောက်ပါ ၀ါကျလေးခုကို အလေးအနက်ထား ဖတ်စေချင်ပါတယ်။

၁။ သန်မာလွန်းသော အလုပ်သမားသည် ကားဘီးကိုမ၏။

၂။ ကားဘီးကိုမနေသော အလုပ်သမားသည် သန်မာလွန်း၏။

၃။ မကျက်တကျက်ကြော်ထားသော ကြက်ဥသည် အလွန်စားကောင်း၏။

၄။ အလွန်စားကောင်းသောကြက်ဥသည် မကျက်တကျက်ကြော်ထား၏။

ဒီစာကြောင်းလေးခုရဲ့ထူးခြားချက်တွေကို သတိပြုမိပါရဲ့လား။ ကိုယ်အလေးပေးလိုတဲ့အရာကိုရှေ့ကထားပြောရေးတဲ့နည်းကို အသုံးပြုထားတာတွေ့ကြရမှာပါ။

၀ါကျဖွဲ့ထုံးမှာ ဘယ်ဝါကျမဆို ကြိယာဖြင့်သာ အဆုံးသတ်လေ့ရှိပါတယ်။ စာဖတ်သူဟာ အဆုံးသတ်ကြိယာကိုဖတ်လို်က်ပြီးကာမှပဲ ပြီးပြည့်စုံအောင်နားလည်ရပြီး အဲဒီအဆုံးသတ်စကားလုံးကိုပဲ ၀ါကျထဲမှာပါရှိတဲ့ အခြားအကြောင်းအရာတွေထက်ပိုပြီး အလေးအနက်ထား ခံစားနားလည်သွားကြရတာပါပဲ။ ဒီတော့ အဖြေတစ်ခုထွက်လာပါတယ်။ ကျနော်တို့ဟာ အလေးပေးချင်တဲ့အရာကိုဝါကျရဲ့နောက်ဆုံးမှာထားပြီးရေးကြရမယ်ဆိုတဲ့အချက်နဲ့ ကြိယာပုဒ်စုအနေနဲ့သာ ၀ါကျအဆုံးသတ်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ အဲ ကိုယ်အလေးမထားစေချင်တဲ့ အကြောင်းရာကိုကြတော့ နာမဝိသေသနပုဒ်စုအနေနဲ့ ရေးကြရမယ်ဆိုတဲ့အချက်ပါပဲ။ အထက်မှာဖေါ်ပြထားတဲ့ ၀ါကျလေးခုကို ပြန်လည်ဖတ်ရှုဆင်ခြင်ကြည့်စေချင်ပါတယ်။

ကဲ ဒီနေရာမှာပဲ ဒီကနေ့ ခဏနားကြရပါမယ်။ မနက်ဖြန်ကြတော့မှ ဒီစာမျက်နှာမှာ ပြန်ဆုံကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly