လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့တော့ ဟိုနေ့ကရပ်ထားခဲ့တဲ့နေရာကနေ ဆက်မသွားသေးဘဲ စိတ်အညောင်းပြေရလေအောင် အဓိပ္ပါယ်မသဲကွဲစေတဲ့ ၀ါကျများအကြောင်း ပြောချင်ပါတယ်။ ဒါကလည်း ဒီကနေ့ သတင်းမီဒီယာနယ်ပယ်မှာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နေ့စဉ်လိုပဲ တွေ့ရလေ့ရှိတဲ့ စကားပြေတချို့အပေါ်မူတည်ပြီးမှ ပြောဖို့စဉ်းစားမိတာပါ။

အောက်က ၀ါကျလေးကို ဖတ်ကြည့်ပါ။

အရုပ်ဆိုးသော ဒေါ်မြခင်၏သမီးသည် ငါတို့ရပ်ကွက်တွင်နေသည်။

ဒီဝါကျမှာ ပြဆိုလိုတဲ့နာမ်နဲ့ အဲဒီနာမ်နဲ့သက်ဆိုင်တဲ့ နာမဝိသေသနပုဒ် နီးနီးကပ်ကပ်ထားပြီးမရေးလို့ ၀ိ၀ါဒမကွဲဖြစ်စေတဲ့ဝါကျသက်ရောက်နေတာ တွေ့ကြရမှာပါ။ အရုပ်ဆိုးသော ဆိုတဲ့နာမဝိသေသနစကားလုံးဟာ သမီးရဲ့ရှေ့မှာထားရေးမှအဆင်ပြ သဲကွဲသွားစေမှာပါ။

နောက်တခါ “ရင့်ရော်လှသည့် အဖိုးအိုတစ်ဦး၏သမီး” ဆိုတဲ့ဝါကျမှာလည်း စဉ်းစားရခက်စေတဲ့အရေးအသားဖြစ်တတ်ပါတယ်။ စာရေးသူ ပြဆိုလိုတဲ့သူက အဖိုးအိုရဲ့သမီးဖြစ်တယ်ဆိုရင် ပြဆိုလိုတဲ့သမီးရဲ့ရှေ့မှာ ရင့်ရော်လှသည့် ဆိုတဲ့စကားလုံးကိုကပ်ထားပြီးရေးမှဖြစ်မှာပါ။ အဖိုးအိုဆိုကတည်းက ရင့်ရော်နေမှာအမှန်ဖြစ်တော့ အခုရေးသလို ရင့်ရော်နေသောကို အဖိုးအိုရဲ့ရှေ့မှာသွားထားလိုက်တော့ စာဖတ်သူက ရင့်ရော်နေသောဆိုတဲ့နာမဝိသေသနဟာ အဖိုးအိုကိုပဲရည်ညွန်းတာဖြစ်တယ်လို့ အလွယ်တကူကောက်ယူသွားစေတော့မှာပါ။

တခါတုန်းက ကျနော် ဥပမာပေးခဲ့တာရှိပါတယ်။ “ရုတ်မာရက်စက်သော ဒေါ်အောင်ဆန်းစုကြည်အားဆန့်ကျင်သည့် စစ်ဏာရှင်တို့သည်” ဆိုတဲ့နာမဝိသေသပုဒ်အထားအသိုမှားတဲ့ဝါကျမျိုးပါပဲ။ ဒီနေရာမှာ လှပသောအဖိုးအို၏သမီး လို့ရေးရင်လည်း အဆင်မပြေလှသည်ကိုတွေ့ရဦးမှာဖြစ်သည်။ လှပသောဆိုတဲ့နာမဝိသေသနစကားလုံးဟာ သမီးကိုရည်ညွှန်းတာဖြစ်ပေမယ့် လှပသောဆိုတဲ့နာမဝိသေသနစကားလုံးကို အဖိုးအိုရဲ့ရှေ့မှာကပ်ထားသောလိုက်တာမို့ ဒီအတိုင်း ၀ါကျဖွဲ့ထုံးအရဆိုပါက အရုပ်ဆိုးသူဟာ အဖိုးအိုသာလျင်ဖြစ်နေတော့မှာပါပဲ။ ဒီလိုနာမဝိသေသနအထားအသိုအမှားတွေဟာ လွယ်သလိုလိုနဲ့ အမှားများလှတဲ့ အရေးအသားတွေပါပဲ။

အဲသလို နာမဝိသေသနပုဒ် အထားအသိုမှားပြီးရေးတတ်တဲ့ဝါကျမျိုးက “နာမ်တစ်ခုထက်ပိုပြီးရေးရတဲ့ ၀ါကျမျိုးတွေ”မှာကြုံရတတ်တဲ့အမှားမျိုးပါပဲ။ နာမ်နှစ်ခုပါတဲ့ဝါကျဖြစ်တော့ကာ နာမဝိသေသနပုဒ်ကို သူ့သက်ဆိုင်နာမ်ရဲ့ရှေ့မှာကပ်မထားမိလို့ နာမဝိသေသနပုဒ် အထားအသိုမှားလို့ အဓိပ္ပါယ်ရှုပ်ထွေးစေတဲ့ ၀ါကျတွေဖြစ်လာတဲ့သဘောပါပဲ။ ဒါက နာမဝိသေသနပုဒ် ပုဒ်ထားအမှားပေါ့။

နောက်ထပ်ဥပမာတစ်ခု ဆက်သွားကြည့်ကြရအောင်ပါ။

“ကိုးတန်းအခန်းထဲက အသက် အသက် ၁၅ နှစ်အောက်ကျောင်းသားများနှင့် ကျောင်းသူများ အတန်းထဲက ခဏထွက်ပါ”ဆိုတဲ့ ၀ါကျကို ဖတ်ကြည့်ပါ။

အသက် ၁၅ နှစ်အောက်ကျောင်းသားများရဲ့နောက်မှာ ကျောင်းသားများဆိုတဲ့စကားလုံး ကပ်ပါလာတဲု့အပြင် နှင့် ဆိုတဲ့စကားဆက်ပါထည့်ရေးလိုက်တော့ အတန်းခန်းထဲက ထွက်ဖို့အပြောခံရသူတွေထဲ အသက် ၁၅ နှစ်အောက် ကျောင်းသားများနှင့်နည်းတူ အသက်အရွယ်အကန့်အသတ်မထားဘဲ ကျောင်းသူများအားလုံးလည်းပဲ အတန်းထဲက ခဏထွက်ပေးရမယ်ဆိုတဲ့သဘော သက်ရောက်စေတာတွေ့ကြရမှာပါ။ ဒါလည်း အဲဒီ နာမဝိသေသနပုဒ် အထားအသိုအမှားကြောင့် အဓိပ္ပါယ်မရှင်းဖြစ်ရတဲ့ ၀ါကျပါပဲ။

ကဲနောက်ထပ် ၀ါကျတစ်ခုဆက်ကြရအောင်ပါ။

ဆရာမသည် ကျောင်းသားများကို အတန််းခန်းထဲတွင် ရန်မဖြစ်ရန် ဆုံးမ၏။

ဒီဝါကျက ဘာကိုဆိုလိုပါသလဲ။ ရေးထားတဲ့အနေအထားအရဆိုလျင်တော့ ကျောင်းသားများ ရန်ဖြစ်ချင်လျင် အတန်းခန်းထဲတွင်ရန်မဖြစ်ကြဘဲ အတန်းခန်းအပြင်ဘက်တွင်တော့ ရန်ဖြစ်လို့ရသည်လို့ ဆိုလိုနေတဲ့သဘော သက်ရောက်နေတာတွေ့ကြရမှာပါ။ ဒါလည်း အဓိပ္ပါယ်ရှုပ်ထွေးစေတဲ့ ၀ါကျအမျိုးအစားပါပဲ။ ဒါကတော့ သက်ဆိုင်ရာ ကြိယာပုဒ်ရှေ့မှာ ကြိယာဝိသေသနပုဒ်ကိုကပ်မထားဘဲရေးလို့ အခုလို အဓိပ္ပါယ်ရှုပ်ထွေးသွားစေတဲ့ ၀ါကျဖြစ်သွားရတာပါပဲ။ အမှန်အားဖြင့် ဆရာမသည် ကျောင်းသားများကို ရန်မဖြစ်ရန် အတန်းခန်းထဲတွင် ဆုံးမသည် လို့ရေးရမှာပါ။ အထူးပြုလိုတဲ့ဆရာမရှေ့မှာ သက်ဆိုင်ရာနေရာပြပုဒ်ကို ကပ်မထားလို့ အဓိပ္ပါယ်ရှုပ်ထွေးသွားရတဲ့ ၀ါကျပါပဲ။

နောက်ထပ် ၀ါကျတစ်ခု။

မိခင်သည် နေမကောင်းသောကြောင့် ငိုကျွေးနေသော သားငယ်ကို မချီနိုင်သေးပါ။

ဒီစာကြောင်းမှာ သက်ဆိုင်ရာနာမ်နဲ့ သက်ဆိုင်ရာကြိယာ ကပ်မထားလို့ အဓိပ္ပါယ်ရှုပ်ထွေးစေတဲ့ဝါကျပါပဲ။ ဒီနေရာမှာ မိခင်က နေမကောင်းသောကြောင့် သားငယ်ကိုမချီနိုင်ခြင်းလော၊ နေမကောင်းသူမှာ မိခင်လော သားငယ်လော၊ တွေးရခက်စေတဲ့ ၀ါကျပါပဲ။

နောက်ထပ် အဓိပ္ပါယ်ရှုပ်ထွေးစေတဲ့ ၀ါကျ ရှိပါသေးတယ်။

ကား နှင့် လူကို ခေါ်ပါ။

ဒီဝါကျမှာ အဓိပ္ပါယ် တမျိုးမက ကောက်ယူလို့ရနေတာ တွေ့ကြရမှာပါ။ “နှင့်” ဆိုတဲ့စကားလုံးက ကားကော လူပါ ခေါ်ဖို့ပြောဆိုတဲ့သဘော သက်ရောက်စေတာလည်း ရှိပါတယ်။ ဥပမာ မောင်မြ နှင့် မောင်လှ လို့ပြောလျင် မောင်မြကော မောင်လှကော နှစ်ဦးစလုံးကိုရည်ညွှန်းလိုတဲ့သဘောပါပဲ။ ဒါပေမယ့် အဲဒီ နှင့် ဆိုတဲ့စကားလုံးက ပိုင်ဆိုင်ခြင်းကိုပြတဲ့သဘောနေရာမှာလည်း အသုံးပြုလို့ရတာဖြစ်လို့ ခေါ်ခိုင်းတာဟာ ကားပိုင်တဲ့ ကားရှိတဲ့လူကိုပဲ ရွှေးခေါ်ခိုင်းတဲ့သဘောလည်း သက်ရောက်နေစေပြန််ပါတယ်။လူကောကားကော ခေါ်ခိုင်းတဲ့သဘော ဖြစ်နေစေပြန်ပါတယ်။

ကဲ ဒီကနေ့လည်း ဒီနေရာမှာခဏနားရပါဦးမယ်။

မနက်ဖြန်ကြမှ ဆက်လက်ဆွေးနွေးကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly