လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့ ဆွေးနွေးမယ့်အကြောင်းအရာက ၀ါကျတည်ဆောက်မှု အဆင့်ဆင့်အမျိုးမျိုးထဲက “ကြိယာနှစ်ခုရှိသော ၀ါကျ”အကြောင်းပြောမှာဖြစ်ပါတယ်။

မနေ့တုန်းကပြောခဲ့တာလေးတွေကို နည်းနည်းပြန်နွေးရပါဦးမယ်။ ၀ါကျတစ်ကြောင်းမှာ ကြိယာတစ်ခုတည်းပါရှိတဲ့ ၀ါကျအကြောင်းစပြောခဲ့ပါတယ်။ “ပြုမှု ရှိမှု ဖြစ်မှု” ဆိုတဲ့ကြိယာ တစ်ခုတည်းပါတဲ့ ၀ါကျပါ။ “မိုးရွာသည်” ဆိုတဲ့ဝါကျမျိုးကို ဥပမာပေးခဲ့ပါတယ်။ ဒီဝါကျထဲမှာ ပြုမှုကိုပြတဲ့ “ရွာ”ဆိုတဲ့ကြိယာတစ်လုံးတည်းနဲ့ စာကြောင်းတစ်ကြောင်း ၀ါကျတစ်ခုဖြစ််သွားတာတွေ့ကြရမှာပါ။ ခွေးစားသည်။ တောင်ပြိုသည်။ နေထွက်သည်။ အစရှိတဲ့ဝါကျမျိုးတွေပါပဲ။ ဒါက မနေ့တုန်းက ကျနော်တို့ပြောခဲ့ကြတဲ့ ကြိယာတစ်ခုတည်းပါတဲ့ဝါကျအမျိုးအစားပါ။

ဒီကနေ့ဆက်သွားမယ့်ဝါကျကတော့ ကြိယာနှစ်ခုပါတဲ့ ၀ါကျအမျိုးအစားပါ။ ပြုမှုဆောင်ရွက်မှု နှစ်ခုပါတဲ့ဝါကျအမျိုးအစားပါ။ ဒီနေရာမှာ ဆရာကြီးဦးဖေမောင်တင်က လေ့လာလို့ မှတ်သားလို့လွယ်ကူဖို့နဲ့ ၀ါကျတည်ဆောက်မှုနည်းနာတစ်ခုဖြစ်ရလေအောင် ကတ္တားတစ်ခု၊ ကြိယာတစ်ခုပဲပါတဲ့ စာစုကို “ပုဒ်စုတစ်ခု”လို့ ခေါ်ဝေါ်သတ်မှတ်တာတွေ့ရပါတယ်။ ဒီတော့ကာ အောက်ပါ၀ါကျကိုလေ့လာကြည့်ကြရအောင်ပါ။

….ဘကြီးတော်ပြေးလေသောကြောင့်သာ ဒလမြို့တွင်ငါနေသည်။

ဒီဝါကျမှာ “ပြေးနဲ့ နေ” ဆိုတဲ့ကြိယာနှစ်ခုပါတာတွေ့ကြရမှာပါ။ ကတ္တားကလည်း နှစ်ခုပါပါတယ်။ ဒီတော့ ပုဒ်စုနှစ်ခုပါရှိနေတဲ့ဝါကျလို့ပြောရမှာပါ။ “ဘကြီးတော်ပြေးလေသောကြောင့်သာ” ဆိုတဲ့ပုဒ်စုနဲ့ “ဒလမြို့တွင်ငါနေသည်” ဆိုတဲ့ပုဒ်စု နှစ်စုကိုတွေ့ရမှာပါ။ တစ်ခါ အဲဒီပုဒ်စုနှစ်ခုအနက်က “အခြေခံကျတဲ့ပုဒ်စု”နဲ့ “အမှီပုဒ်စု၊ ရှေ့ပြေးပုဒ်စု” ဆိုပြီး ပုဒ်စုနှစ်ခု ခွဲကြည့်လို့ရပြန်ပါတယ်။ ဒီလို ထပ်မံပုဒ်စုခွဲကြည့်တယ်ဆိုတာကလည်း ရှုပ်ထွေးအောင်တမင်လုပ်တဲ့သဘောမဟုတ်ပါဘူး။ ခွဲခြမ်းစိတ်ဖြာကြည့်ရင် ၀ါကျဖွဲ့တဲ့အခါ ပိုမိုရှင်းလင်းအောင် ပိုမိုကျွမ်းကျင်နားလည်အောင် ခွဲကြည့်တဲ့သဘောပါပဲ။

ဘယ်လိုပုဒ်စုနှစ်ခု ရလာနိုင်သလဲ။ “ဘကြီးတော်ပြေးလေသောကြောင့်သာ” ဆိုတဲ့ပုဒ်စုနဲ့ “ဒလမြို့တွင် ငါနေသည်” ဆိုတဲ့ပုဒ်စုနှစ်စု ခွဲကြည့်လို့ရနိုင်ပါတယ်။ ဒီပုဒ်စုနှစ်စုအနက်က ဒလမြို့တွင်ငါနေသည် ဆိုတဲ့ပုဒ်စုရဲ့ထူးခြားချက်က သူ့ဖါသာ သီးသန့်ရပ်တည်လို့ ရေးလို့ရတဲ့ သူ့ဖါသာသူ ရပ်တည်လို့ရတဲ့ ပုဒ်စုဖြစ်ပါတယ်။ ပုဒ်စုရဲ့အဆုံးမှာ အဆုံးသတ်ကြိယာပုဒ်ဖြစ်တဲ့ “နေသည်” ဆိုတာမျိုးကလည်း ပါရှိပါတယ်။ ဒါကြောင့်မို့ ဒီလိုပုဒ်စုကို “အခြေခံပုဒ်စု၊ အဆုံးသတ်ပုဒ်စု” လို့ခေါ်ဝေါ်သတ်မှတ်လို့ရပါတယ်။

နောက် ပုဒ်စုတစ်ခုဖြစ်တဲ့ “ဘကြီးတော်ပြေးလေသောကြောင့်သာ” ဆိုတဲ့ပုဒ်စုကိုကြည့်ရင် သူ့ဖါသာသူ မရပ်တည်နိုင်တဲ့ပုဒ်စုဖြစ်နေတာတွေ့ကြရမှာပါ။ သူ့နောက်ကလိုက်လာတဲ့ ဒုတိယပုဒ်စုကို အမှီပြုပြီးမှရပ်တည်ရတဲ့ပုဒ်စုဖြစ်နေတာတွေ့ကြရမှာပါ။ ဒါကြောင့်မို့ ရှေ့ကလည်းနေပြီး အခြားပုဒ်စုတစ်ခုကိုလည်း အမှီပြုနေရတဲ့ပုဒ်စုဖြစ်တာမို့ “အမှီပုဒ်စု၊ ရှေ့ပြေးပုဒ်စု”အဖြစ် သတ်မှတ် မှတ်သားလို့ရပါတယ်။

ကဲ နောက်ထပ်ဝါကျတည်ဆောက်မှု အဆင့် ၃ ကို ဆက်သွားကြရအောင်ပါ။

ဒါကတော့ “ကြိယာနှစ်ခုမက ပါရှိသော ၀ါကျ”အမျိုးအစားတည်ဆောက်မှုဖြစ်ပါတယ်။

ဒါကလည်း ရှုပ်ထွေးစရာအကြောင်းမရှိပါဘူး။ ၀ါကျတိုပဲဖြစ်ဖြစ် ၀ါကျရှည်ပဲဖြစ်ဖြစ် သင့်လျော်သလို အဆင်ပြေသလို ရောနှောရေးခြင်းဖြင့် ရရှိလာတဲ့ဝါကျကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကြိယာနှစ်ခုထက်ပိုပြီး လေးငါးခြောက်ခုအထိ ထည့်သွင်းပေါင်းစပ်ရေးသားထားတဲ့ဝါကျရှည်ကို ကြိယာနှစ်ခုထက်ပိုတဲ့ဝါကျလို့ဆိုလိုတာပါပဲ။

(က) ကျောင်းသားကျောင်းသူတို့သည်  ဆရာမကိိုခြံရံပြီး စာအုပ်ကိုယ်စီကိုင်၍ စာသင်ခန်းထဲ ဝင်ကြ၏။

ဒီဝါကျမှာ “ခြံရံပြီး” “ကိုင်၍” နဲ့ “ဝင်ကြ” ဆိုတဲ့ကြိယာသုံးခုပါရှိတာတွေ့ကြရမှာပါ။ ဒါကြောင့်မို့ ကြိယာသုံးခုပါတဲ့ဝါကျဖြစ်တယ်လို့ သတ်မှတ်တာပါ။

(ခ) မောင်ထွေးသည် မကျန်းမာသည်ဖြစ်၍ ချိနဲ့စွာ အိိမ်မှထွက်ကာ တုတ်ထောက်လျက် ဆေးရုံသို့ သွားလေသည်။

ဒီဝါကျမှာကြတော့ ကြိယာ ငါးခုအထိ ပါရှိတာ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။

ဒီနေရာမှာ သတိပြုစရာ မှတ်သားစရာအချက်တချို့ ရှိပါတယ်။ ၀ါကျတိုင်းရဲ့ရှေ့ပိုင်းမှာ ဘယ်လောက်ပဲ ပုဒ်စုတွေအများကြီးရှိနေပါစေ နောက်ဆုံးပုဒ်စုသာလျင် အခြေခံပုဒ်စုဖြစ်ပြီး ရှေ့က ပုဒ်စုအားလုံးကတော့ အမှီအုပ်စုများချည်းဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ရှေ့က ပုဒ်စုအားလုံးဟာ နောက်ဆုံးပုဒ်စုဖြစ်တဲ့ အခြေခံပုဒ်စုဆီသွားပြီးအမှီသဟဲပြုကြရတာချည်းပဲဖြစ်တယ်ဆိုတာတွေ့ကြရပါတယ်။

နောက်ထပ်တစ်ချက်ရှိပါသေးတယ်။ ပုဒ်စုအားလုံးကို ဆက်စပ်ပေးရတဲ့ ပုဒ်ဆက် သို့မဟုတ်နောက်ဆက်များဟာ ကြိယာများရင်များသလောက် သူလည်းလိုက်ပါ ပါရှိနေကြရတာတွေ့ကြရမှာပါ။ “၍၊ လျက်၊ ကာ၊ စွာ” အစရှိတဲ့ပုဒ်ဆက်တွေဟာ ပုဒ်စုတစ်စုနဲ့တစ်စုကြား ဆက်စပ်ပေးတဲ့ စကားဆက်တွေဖြစ်တယ်ဆိုတာ တွေ့ကြရမှာပါ။

ကဲ နောက်ထပ်ဆက်သွားချင်တဲ့အကြောင်းအရာကတော့ ၀ါကျတိုနဲ့ ၀ါကျရှည်အပေါ် ကျနော်တို့ စဉ်းစားကြည့်ကြရင် ကောင်းမယ်လို့ ယူဆမိပါတယ်။

ကျနော်တို့ဟာ စာရေးတဲ့အခါ ကြိယာတစ်ခုတည်းသာပါရှိတဲ့ဝါကျတိုမျိုးချည်းပဲရေးတာမျိုး မရှိကြပါဘူး။ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ကြိယာအရေအတွက်အတိုင်း ကြိယာငါးခု ဒါမှမဟုတ် ကြိယာလေးခု အစရှိသဖြင့် ပုံသေသတ်မှတ်ထားတဲ့အတိုင်း စာတွေရေးကြ ၀ါကျတွေတည်ဆောက်ကြတာမျိုးလည်း မလုပ်ကြပါဘူး။ ၀ါကျအတိုအရှည် လိုအပ်သလို အဆင်ပြေသလို ရေးကြရတာချည်းပါပဲ။

၀ါကျအတိုအရှည်ဟာ ဘယ်အပေါ်မှာ မူတည်ပြီးဖြစ်လာရတာလည်း။ ဘယ်လိုဝါကျမျိုးကို ဘယ်လိုအချက်အပေါ်မူတည်ပြီးရေးလေ့ရှိကြသလဲ။ ဒါကိုတော့ နောက်နေ့တွေမှာ ဆက်ပြီးသွားကြ ဆွေးနွေးကြတာပေါ့။

ဒီကနေ့တော့ ဒီလောက်နဲ့ခဏနားကြရအောင်ပါ။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ

Mizzima Weekly