လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ကဲ ဒီကနေ့တော့ ပြီးခဲ့တဲ့လေးငါးရက်က ရပ်ထားခဲ့ရတဲ့ စကားပြေအရေးအသားအကြောင်း ဆက်ကြရပါလိမ့်မယ်။

ဒီကနေ့ စတင်ဆွေးနွေးမယ့်အကြောင်းအရာကတော့ ၀ါကျတည်ဆောက်မှုကိစ္စပါပဲ။ အရင်ရက်တွေတုန်းက နိဒါန်းပျိုးခဲ့တာကိုကော မှတ်မိကြသေးရဲ့လား။ ၀ါကျဆိုတာ လူတွေအချင်းချင်း ဆက်ဆံပြောဆိုကြတဲ့နေရာမှာ ကြားခံကြိယာတစ်ခုဖြစ်တယ် ဆိုတာရယ်၊ ၀ါကျကို စကားလုံးတွေနဲ့တည်ဆောက်ရမယ်၊ ဒီလိုတည်ဆောက်တဲ့ဆောက်တဲ့   နေရာမှာလည်း ရေးထုံးရေးနည်း   ပြောထုံးပြောနည်းနဲ့အညီသာ ပြောမှရေးမှဖြစ်တဲ့အကြောင်း နိဒါန်းပျိုးခဲ့ပါတယ်။

ဒီကနေ့ စတင်ဆွေးနွေးမယ့်အကြောင်းအရာက ၀ါကျမှာ ကြိယာဟာ အင်မတန်အရေးကြီး အရေးပါတဲ့့အကြောင်းပါပဲ။ ဆရာကြီးဦးဖေမောင်တင်က ၀ါကျမှာ ကြိယာဟာ အချုပ်အချာဖြစ်တယ်လို့တောင်မှ ပြောခဲ့တာရှိပါတယ်။ ဟုတ်ပါတယ်။ ၀ါကျတည်ဆောက်ရင် အဲဒီကြိယာကို အဓိကအားပြုရပါတယ်။

ကဲ ပထမဆုံးသွားကြရမယ့်အကြောင်းအရာက ကြိယာတစ်ခုသာပါတဲ့ ၀ါကျအကြောင်းအရာပါပဲ။ ဒါကတော့ ပြုမှု၊ ဖြစ်မှု၊ ရှိမှု ဆိုတဲ့ ကြိယာအမျိုးမျိုးရှိတဲ့အနက်က ကြိယာတစ်ခုတည်းကိုသာ အသုံးပြုထားတဲ့ဝါကျကို ဆိုလိုတာပါပဲ။ တနည်းအားဖြင့်ပြောရရင် ၀ါကျတိုသဘောပါပဲ။

၀ါကျဆိုတာက ကြိယာအမျိုးမျိုးကို လိုအပ်သလို အမျိုးမျိုး သုံးစွဲတည်ဆောက်ထားမှုအပေါ်မူတည်ပြီးမှ ၀ါကျအမျိုးအစားအမျိုးမျိုး ခွဲခြမ်းသတ်မှတ်ရတာမျိုးဖြစ်တာမို့ အခုစတင်ဆွေးနွေးတဲ့ဝါကျကတော့ ၀ါကျတို သို့မဟုတ် ကြိယာတစ်ခုတည်း တမျိုးတည်းသာပါရှိတဲ့ ၀ါကျအမျိုးအစားပါပဲ။

ဥပမာအနေနဲ့ပြောရရင် “ရေကြီးသည်” ဆိုတဲ့ဝါကျမျိုး၊ “တောင်ပြိုသည်”ဆိုတဲ့ဝါကျမျိုး၊ “မိုးရွာ”သည်ဆိုတဲ့ဝါကျမျိုးတွေပါပဲ။

အခု ၀ါကျအမျိုးအစားအမျိုးမျိုးအကြောင်း ဆက်သွားတဲ့အခါ ဆရာကြီးဦးဖေမောင်တင်ရဲ့ ၀ါကျအမျိုးအစား ၁၁ မျိုးရှိတယ်ဆိုတဲ့အယူအဆနဲ့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရဲ့ စကားပြေသဘောတရားစာအုပ်ထဲက ဆွေးနွေးချက်တွေအပေါ် မူတည်ဖြည့်စွက်ဆွေနွေးသွားမှာပါပဲ။

ကဲကောင်းပြီ။ ၀ါကျ ၁၁ မျိုးရှိတဲ့အနက်က ပထမဆုံးဝါကျအမျိုးအစားက အတိုဆုံးဝါကျအမျိုးအစားပါပဲ။ အထက်ကပြောခဲ့တဲ့ ကြိယာတစ်ခုသာပါတဲ့ဝါကျပါ။ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ၀ါကျအတိုကိုပဲ စကားလုံးရွေးချယ်မှု မှန်ကန်တိကျအောင်ရေးနိုင်ရင် အဲဒီဝါကျအတိုလေးဟာ အင်မတန်ထိရောက်တဲ့ ရသအနုပညာသုံး ၀ါကျတစ်ခုဖြစ်လာနိုင်တာတွေ့ရတတ်တဲ့အချက်ပါပဲ။ ဒါကတော့ စကားချပ်ပါ။ ဒီအကြောင်းကို ရသစကားပြေအကြောင်းဆွေးနွေးတဲ့အခါ ဆက်ဆွေးနွေးသွားဖို့ရှိပါတယ်။

ကြိယာတစ်ခုအားပြုတဲ့ ၀ါကျတိုအမျိုးအစားဟာ စကားပြေတစ်ပုဒ်ဖြစ်လာဖို့ ပထမအဆင့်ဖြစ်တဲ့ ၀ါကျတည်ဆောက်မှုအဆင့်ရဲ့ နိဒါန်းသဘောပါပဲ။ အိမ်တစ်လုံးဆောက်တဲ့အခါ ပန္နက်ဟာ ဦးစွာပထမအရေးပါသလို ၀ါကျအမျိုးမျိုးတည်ဆောက်တဲ့အခါ ကြိယာတစ်ခုသာပါတဲ့ အဲဒီဝါကျတိုဟာ အင်မတန်အရေးပါတဲ့ ခြေလှမ်းအစပါပဲ။

အထက်က ဥပမာပေးခဲ့တဲ့ ၀ါကျတိုတွေကို ပြန်ကောက်ကြရအောင်ပါ။ အထက်က ဥပမာပေးခဲ့တဲ့ ၀ါကျတိုများဖြစ်ကြတဲ့ ရေကြီးသည် တောင်ပြိုသည် မိုးရွာသည် ဆိုတဲ့ ၀ါကျတိုသုံးခုမှာ ကြီး၊ ပြို၊ ရွာ ဆိုတဲ့ ကြိယာတစ်ခုချင်းဟာ ၀ါကျတစ်ခုချင်းစီမှာ သူ့နေရာနဲ့သူ ပါရှိနေတာတွေ့ရမှာပါ။ အထားအသိုမှန်တာလည်း တွေ့ရမှာပါ။ ကတ္တားနောက်မှာကပ်ပါလာတဲ့ကြိယာတွေပါပဲ။ ကတ္တားတစ်ခု ကြိယာတစ်ခုပါပဲ။ ကောင်းပြီ။ ဒီလိုပြန်ရေးကြည့်ကြရအောင်ပါ။

ကြိီးရေသည်။ ပြိုတောင်သည်။ ရွာမိုးသည်လို ပြောင်းရေးကြည့်ပါ။ ဘယ်လိုအဓိပ္ပါယ်တွေရှိလာနိုင်ပါသလဲ။

ဆိုလိုတာက စကားလုံးတွေရှိတာမှန်တယေ်။ စကားလုံးတွေနဲ့ပဲ ၀ါကျတည်ဆောက်တာမှန်တယ်။ ဒါပေမယ့် ၀ါကျဖွဲ့ထုံးအရ မမှန်ရင် စကားလုံးတွေကို သူ့နေရာနဲ့သူ မှန်မှန်ကန်ကန် မထားသိုရင် မမှန်ကန်တဲ့ဝါကျ သို့မဟုတ် အဓိပ္ပါယ်မရှိတဲ့ ၀ါကျအမှားတွေပဲဖြစ်နေမှာ လက်တွေ့ပါပဲ။

ကောင်းပြီ။ ဒါကတော့ ၀ါကျတိုမို့ သိသာပေမယ့် ဒီအမှားမျိုးက သိသာမြင်သာပေမယ့် ၀ါကျသည့်ထက် ပိုရှည်လာတဲ့အခါ အဲဒီလို အဓိပ္ပါယ်မဲ့ ၀ါကျမျိုးဖြစ်တတ်တဲ့အပြင် အဓိပ္ပါယ်ထွေပြား်ပဝေ၀ါးနဲ့ ၀ါကျမျိုးတွေဖြစ်လာတတ်တာ နောက်ပိုင်း အလျဉ်းသင့်တဲ့အချိန်တိုင်း သတိပေးဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ၀ါကျတည်ဆောက်မှုဟာ အင်မတန်အရေးပါတဲ့အဆင့်ဖြစ်လို့ပါပဲ။

ကဲ ဒီနေရာမှာ တိကျမှုလည်းရှိ မြင်သာမှုလည်းရှိဖို့ ဆရာကြီးဦးဖေမောင်တင် ပြုစုထားတဲ့ ၀ါကျ ၁၁ ကြောင်းကို သူ့မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ်။ ဒီဝါကျ ၁၁ ကြောင်းအပေါ်မူတည်ပြီး စကားပြေအရေးအသား၊ ၀ါကျတည်ဆောက်မှုအပိုင်းကို ဆက်သွားကြဖို့ ရှိပါတယ်။

၁။ တောင်ပြိုသည်။

၂။ ဤကား မြွေဖိုဖြစ်သည်။( အဖြည့်ကတ္တား )

၃။ ယောကျင်္ားသည် မိန်းမကို ကြည့်၏။ (ကံပုဒ်)

၄။ ပျူမိဖုရားသည် မဟာသမ္ဘဝအား မင်းမြှောက်၏။(အဖြည့်ကံ)

၅။ ဤလုလင်သည် ဤအကြောင်းကို ငါ့အားမေး၏။ (လက်ခံပုဒ်)

၆။ ပုဏ္ဍားကို ကျွန်အဖြစ်မှ လွှတ်လေသတည်း။ (ထွက်ခွာရာပြသည့်ပုဒ်)

၇။ တောင်ငူမင်းသည် တောင်ငူမြို့သို့ ပြန်လေ၏။ ( ရှေ့ရှုရာပြသည့်ပုဒ်)

၈။ ဖျောက်ဆိပ်လတွင် ချဉ်း၏။ (နေရာပြပုဒ်)

၉။ ဤအိုင်သည် ရှေး၌ မရှိ။( အချိန်ပြပုဒ် )

၁၀။ ထိုအစာတို့သည် အကုသိုလ်ကြောင့် ကွယ်ခဲ့ကုန်၏။ (အကြောင်းပြပုဒ်)

၁၁။ မဒ္ဒီမိဖုရားသည် တိုက်တံခါးကို လက်ဖြင့်ခေါက်၏။ (အသုံးခံပုဒ်)

အခုတင်ပြထားတဲ့ ၀ါကျတွေကို ကိုယ်ပိုင်ဝါကျဖြစ်အောင် ပြန်လည်စဉ်းစား ပြန်လည်ရေးသား လေ့ကျင့်မယ်ဆိုရင် မှတ်သားရတာ ပိုပြီးနားလည်လွယ် သိလွယ်မယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ဒီစာကြောင်းတွေက ဆရာကြီးဦးဖေမောင်တင်က မြန်မာစကားပြေကျမ်းတွေထဲက ကောက်နှုတ်ပေးထားတဲ့ ၀ါကျတွေပဲဖြစ်ပါတယ်။ ဒီအရေးထုံးကိုကြည့်ပြီး ကိုယ်ပိုင်ဝါကျတွေ တည်ဆောက်လေ့ကျင့်ကြည့်မယ်ဆိုရင် စိတ်ဝင်စားဖို့လည်းကောင်းပြီး မှတ်သားရလွယ်ကူတာကိုလည်း တွေ့ရပါလိမ့်မယ်။

ကဲ ဒီကနေ့လည်း ဒိီမျှနဲ့ခဏ ရပ်နားလိုက်ပါဦးမယ်။ နောက်နေ့တွေမှာ ကြိယာနှစ်ခုပါတဲ့ဝါကျကတဆင့် ဆက်သွားကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly