လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

ကဲ ဒီကနေ့တော့ ၀ါကျတည်ဆောက်မှုအခြေခံတချို့ကို စတင်ဆွေးနွေးပါတော့မယ်။

စကားပြေရေးတဲ့အခါ ရေးသူတစ်ယောက်အဖို့ မလွဲမသွေဖြတ်သန်းရမယ့်အဆင့် လေးဆင့်ရှိတယ်လို့ ယေဘုယျ သတ်မှတ်လို့ရပါတယ်။ စကားလုံးအဆင့်၊ ၀ါကျအဆင့်၊ စာပိုဒ်အဆင့်နဲ့ စာပုဒ်အဆင့်ရယ်လို့ လေးဆင့်ရှိပါတယ်။ ဒီလေးဆင့်ကိုဖြတ်သန်းပြီးမှသာ စကားပြေတစ်ပုဒ် ပြီးပါတယ်။

အခု ကျနော်တို့အနေနဲ့ စကားလုံးအဆင့်ကိုဆွေးနွေးခဲ့ကြပြီးပါပြီ။ ၀ါကျအဆင့်ကို သွားဖို့လိုအပ်လာပါတယ်။

၀ါကျဆိုတာ စာကြောင်းပါပဲ။ လူတွေတစ်ဦးနဲ့တစ်ဦးဆက်ဆံတဲ့အခါ ၀ါကျတစ်ကြောင်း ပြည့်အောင် ရေးမှပြောမှ ဆိုလိုခြင်းတခုပြီးမြောက်ပါတယ်။ တကယ်တော့ ၀ါကျဟာ ဆက်သွယ်ဆက်ဆံရေးကြားခံကြိယာတစ်ခုပါပဲ။

လူတွေ တစ်ဦးနဲ့တစ်ဦး စကားပြောရာမှာပဲဖြစ်ဖြစ် စာရေးပြီးပြောရာမှာပဲဖြစ်ဖြစ် ဆိုလိုချက်ပြီးပြည့်စုံဖို့ တနည်းအားဖြင့် အဓိပ္ပါယ်တစ်ခုပြည့်ဝဖို့ဆိုရင် ၀ါကျတစ်ကြောင်း အနည်းဆုံးပြောရ ရေးရပါတယ်။ အဲသလိုရေးတဲ့ပြောတဲ့အခါ စကားလုံးတွေ သိထားရှိထားရပါမယ်။ စကားလုံးခတ်များများ သိထားသူက ၀ါကျတည်ဆောက်တဲ့အခါ သူများထက်ပိုပြီး ပြောလို့ရေးလို့ ထိရောက်ပါတယ်။

ကဲစကားလုံးတွေကို ၀ါကျတစ်ခုမှာ နေရာချထားတာကတော့ဟုတ်ပါပြီ  ကိုယ်ထင်သလို နေရာချထားလို့ဖြစ်နိုင်ပါရဲ့လား။ စည်းကမ်းနည်းလမ်းနဲ့အညီ နေရာချထားခြင်းမရှိရင် အဓိပ္ပါယ်ပြည့်စုံမှု ရှိနိုင်ပါ့မလား။ ဆိုလိုခြင်းကိုထိရောက်ပေါ်လွင်စေတဲ့ဝါကျတစ်ခု ဖြစ်လာနိုင်ပါ့မလား။ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ ဥပမာပေးကြည့်ပါမယ်။ ရိုင်းစိုင်းတဲ့ဥပမာဖြစ်ပေမယ့် နားလည်ဖို့ အင်မတန်လွယ်တဲ့ဥပမာမို့ ပြောကြည့်ပါ့မယ်။ ကျနော်တို့ရပ်ကွက်ထဲမှာ စိတ်မနှ့ံတဲ့သူတစ်ဦး ရှိပါတယ်။ သူဟာ တစ်ခါတလေ လမ်းမှာတွေ့တဲ့သူကို စကားပြောပါတယ်။ အဲဒီအခါ သူက သူထင်တာကိုပဲပြောတာပါ။ သူပြောတဲ့စကားက စကားလုံးတွေ ဟိုရောက်ဒီရောက်။ ဥပမာ “ငါကားစီး နောက်ပြန် အဖေ ခွေးနဲ့ကိုက် ”ဆိုတာမျိုး ပြောတယ်ဆိုပါစို့။ သူ ဘာပြောချင်တာလည်းဆိုတာ ဘယ်သူမှသိနိုင်စရာအကြောင်းမရှိပါဘူး။ ဘာပြုလို့လည်းဆိုတော့ သူက စိတ်မနှံ့သူပဲ။ စကားလုံးတွေကို ကပြောင်းတိကပြောင်းပြန် အသုံးပြုပြီးပြောတာဆိုတော့ သူပြောတဲ့စကားက သူအသုံးပြုတဲ့ဝါကျက အထားအသိုမမှန်တော့ အဓိပ္ပါယ်ပျက်စကားဖြစ်နေတော့တာပေါ့။ အဲသလိုပါပဲ။ ဒါကြောင့်မို့ စကားပြောတဲ့အခါ ၀ါကျတစ်ကြောင်းစဉ်တဲ့အခါ စကားလုံးတွေအထားအသိုတည်ဆောက်တတ်ဖို့အရေးကြီးပါတယ်။  

တစ်ခါ ၀ါကျတည်ဆောက်တဲ့အခါကြပြန်တော့လည်း ကိုယ်ပြောချင်တဲ့အကြောင်းအရာနဲ့ ဆီလျော်လိုက်ဖက်တဲ့စကားလုံးတွေနဲ့ ၀ါကျတည်ဆောက်ဖိို့လိုပါတယ်။ ၀ါကျအတိုအရှည်ကအစ ကိုယ်ပြောချင်တဲ့အကြောင်းအရာနဲ့လိုက်ဖက်ရပါမယ်။

ဥပမာ မင်္ဂလာဆောင်သြဘာစာဖတ်ဖို့အတွက်  ရေးတဲ့ဝါကျတွေဟာ တိုတိုတောင်းတောင်းလေးတွေနဲ့ရေးရင် ကြားရတဲ့သူအဖို့ ရယ်စရာဖြစ်စေနိုင်သလို ရပ်ကွက်ထဲမီးလောင်တဲ့အကြောင်းရေးရင်ပြောရင်လည်း မင်္ဂလာဆောင်သြဘာစာရေးသလိုရေးနေပြောနေရင် လူရယ်စရာဖြစ်စေမှာပါပဲ။

ကဲဒါဆိုရင် ၀ါကျကိုဘယ်လိုတည်ဆောက်ကြမလည်း။ ဆက်ပြီးစဉ်းစားကြရအောင်ပါ။

၀ါကျတွေကိုလေ့လာတဲ့အခါ ၀ါကျအမျိုးမျိုးရှိနေတာ တွေ့ရပါတယ်။ မြန်မာစာရဲ့ ၀ါကျအမျိုးမျိုးအစားစားကို သရုပ်ခွဲတဲ့အခါ အခြေခံအားဖြင့် ကြိယာကိုအခြေပြုပြီး ၀ါကျအမျိုးအစား ခွဲလေ့ရှိတာတွေ့ရပါတယ်။ ဆရာကြီးဦးဖေမောင်တင်ကဆိုရင် “ကြိယာသည် ၀ါကျရဲ့အချုပ်အခြာဖြစ်သည်”လို့တောင်မှ ဆိုခဲ့ပါတယ်။

လူမှုကိစ္စရပ်တစ်ခုအကြောင်းပြောရာရေးရာမှာ အဲဒီလူမှုကိစ္စရပ်ရဲ့ ပြုမှု ဖြစ်မှု ရှိမှု တစ်ခုခုကို ဖေါ်ပြမှသာ အဲဒီလူမှုကိစ္စရပ်အကြောင်းကို သိနိုင်မှာပါ။ အဲဒီတာဝန်ကိုယူရတာက အဲသလိုဖေါ်ပြနိုင်တာက ကြိယာ ပဲဖြစ်ပါတယ်။ ကြိယာပါမှသာ ပြည့်စုံတဲ့အကြောင်းအရာဖြစ်လာမှာပါ။

ဒါကတော့မြန်မာစကားပြေရဲ့ ကြိယာနဲ့ပတ်သက်တဲ့ ယေဘုယျလက္ခဏာပါ။ ဒီနေရာမှာ ချွင်းချက်တစ်ခုတော့ရှိပါတယ်။ ကြိယာမပါတဲ့ ၀ါကျရှိသေးတယ်ဆိုတဲ့အချက်ကလေးတစ်ချက်ပါပဲ။ ဥပမာပြရရင် “ထိုသူကား ဆရာဝန်တည်း” “ ဒီဒေသကား မြေလတ်တည်း” ဟူသောဝါကျမျိုးတွေမှာ ကြိယာမဲ့သယောင်ဖြစ်နေတာတွေ့ကြရမှာပါ။ ဒါပေမယ့် သေချာကြည့်ရင် ကြိယာမဲ့သယောင်ထင်ရပေမယ့် တကယ်တော့ မမဲ့ပါဘူး။ ကြိယာကို မြှုပ်ထားတဲ့သဘောပါပဲ။ အဲသလိုဝါကျမျိုးတော့ ရှိတတ်ပါသေးတယ်။

ကဲ ၀ါကျဖွဲ့နည်း သို့မဟုတ် ၀ါကျတည်ဆောက်ပုံတည်ဆောက်နည်းဆီ ဆက်ကြရအောင်ပါ။

ဒီနေရာမှာ ကြိုတင်ရှင်းလင်းထားချင်တဲ့အချက်ရှိပါတယ်။  ကျနော်ဟာ စကားပြေအကြောင်း စတင်ရေးခဲ့စဉ် ဆွေးနွေးခဲ့စဉ်က ၀ါကျတည်ဆောက်ပုံအမျိုးမျိုးအကြောင်း အနည်းငယ်ကြိုတင်မိတ်ဆက်ထားခဲ့တာရှိပါတယ်။ အခုစတင်ဆွေးနွေးမယ့်အကြောင်းအရာက အဲဒီ ဦးစွာပထမ မိတ်ဆက်ထားခဲ့တဲ့ ၀ါကျဖွဲ့ထုံးကိုပဲ အကျယ်ချဲ့ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဆရာကြီးဦးဖေမောင်တင်နဲ့ ဆရာကြိီး မောင်ခင်မင်(ဓနုဖြူ)တို့ရဲ့ စကားပြေသဘောတရားရေးသားချက်များအပေါ် အဓိက အားပြုကိုးကား ဆွေးနွေးသွားမှာပါပဲ။ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို သဒ္ဒါသင်ခန်းစာသင်သလို ဆွေးနွေးသွားမှာမဟုတ်ကြောင်း ကြိုတင်ရှင်းလင်းထားချင်ပါတယ်။

ကဲ ဒီကနေ့တော့ ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။ နောက်နေ့တွေကစပြီး ၀ါကျတည်ဆောက်ပုံများအကြောင်း ဆက်သွားကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly