လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်များအားလုံး ကျန်းမာပါစခင်ဗျာ။

မနေ့တုန်းက ကျနော်တို့ စဉ်းစားခဲ့ကြ ဆွေနွေးခဲ့ကြတာကို မှတ်မိပါရဲ့လား။

စကားလုံးတွေမှာ တွဲဘက်အနက်တွေ ရှိတတ်ကြတဲ့အကြောင်း၊ တွဲဘက်အနက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် တထပ်တည်းမကျတတ်တဲ့အကြောင်းနဲ့ လူမျိုး ဒေသကွဲပြားမှု အပေါ်မူတည်ပြီးလည်း တွဲဘက်အနက်တွေ ကွဲပြားနေတတ်ကြကြောင်း ကျနော်တို့ စဉ်းစားခဲ့ကြ ဆွေးနွေးခဲ့ကြပါတယ်။ မှတ်မိကြမယ်ထင်ပါတယ်။ ဒီအကြောင်းကို မောင်ခင်မင်(ဓနုဖြူ)ရဲ့   ရေးသားချက်အပေါ်မူတည်ကိုးကား ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့လည်း တွဲဘက်အနက်ရှိနေတဲ့စကားလုံးတချို့ကိုပဲ အနည်းငယ်ဆက်ပြီး ဆွေးနွေးချင်ပါသေးတယ်။ စကားလုံးတွေမှာ တွဲဘက်အနက်တွေရှိနေတာမှန်ပြီ။ ပြီးတော့့ တွဲဘက်အနက်က ပညတ်အနက်လို အနက်တစ်ခုတည်း မရှိတာလည်းမှန်ပြီ။ ဒီနေရာမှာထပ်ပြီးစဉ်းစားတော့ တွဲဘက်အနက်တွေက စကားလုံးတွေမှာ ရှိနေတတ်တာ မှန်ပင်မှန်သော်ငြားလည်း တချို့စကားလုံးတွေက တွဲဘက်အနက်နည်းပြီး တချို့စကားလုံးတွေကြတော့ တွဲဘက်အနက် ခတ်များများရှိတာကိုရော တွေးမိကြပါရဲ့လား။ တချို့စကားလုံးတွေက တွဲဘက်အနက် အမျိုးမျိုးရှိနေတတ်ပြီး တချို့စကားလုံးတွေကတော့ တွဲဘက်အနက် တစ်ခုလောက် နှစ်ခုလောက်ပဲရှိတာသတိထားမိကြပါရဲ့လား။

ဥပမာ ဒီလူ၊ ဒီပုဂ္ဂိုလ်၊ ဒိီအကောင် ဆိုတဲ့ စကားလုံးတွေဟာ လူတစ်ဦးတည်းကိုသာ ရည်ညွန်းတာ မှန်ပါတယ်။ ဒီလူ ပဲဖြစ်စေ ဒီပုဂ္ဂိုလ်ပဲဖြစ်စေ၊ ဒီအကောင်ပဲဖြစ်စေ လူတစ်ယောက်တည်းကိုပဲရည်ညွှန်းတာဖြစ်လို့ ပညတ်အနက်အနေနဲ့တစ်ခုတည်း တထပ်တည်းဖြစ်ပေမယ့် တွဲဘက်အနက်တွေမတူကြတာ သွားတွေ့ရမှာပါ။ ဒီလူ ဆိုတာက သာမာန်ရည်ညွှန်းချင်တဲ့သဘော၊ ဒီပုဂ္ဂိုလ်ဆိုတာကြတော့ အနည်းငယ်လေးစားသမှုနဲ့ရ ည်ညွှန်းတဲ့သဘော၊ ဒီအကောင် ဆိုတဲ့စကားလုံးကြတော့ မလိုလားတဲ့သဘော နှိမ့်ချရည်ညွှန်းလိုတဲ့သဘော တွေ့ကြရမှာပါ။ လူတစ်ယောက်တည်းကိုပဲ တွဲဘက်အနက်အမျိုးမျိုးနဲ့ ရည်ညွန်းပြောဆိုလို့ ရနေတာတွေ့ကြရမှာပါ။ ဆိုလိုတာက တွဲဘက်အနက် ခတ်များများရှိနိုင်တဲ့စကားလုံးဆိုတာ တွေ့ရတဲ့သဘောပါ။ တွဲဘက်အနက် အမျိုးမျိုးထင်ဟပ်နေ ရှိနေတာကိုသတိပြုမိကြမှာပါ။

နောက်ထပ်ဥပမာ စဉ်းစားကြည့်ကြရအောင်ပါ။ ထမင်းစားဖို့တိုက်တွန်းတဲ့စကားလုံးဆိုပါတော့။ စားပါ သုံးဆောင်ပါ မျိုပါဆို့ပါ ဆိုတဲ့စကားလုံး သုံးခုဟာ ထမင်းစားဖို့တိုက်တန်းတဲ့ စကားလုံးတွေချည်းပါပဲ။ ံပညတ်အနက်တစ်ခုတည်းဖြစ်တဲ့ ထမင်းစားဖို့တိုက်တွန်းတာချည်းပါပဲ။ ဒါပေမယ့် စားပါ ဆိုတဲ့စကားလုံး၊ သုံးဆောင်ပါဆိုတဲ့စကားလုံး၊ မျိုပါဆို့ပါ ဆိုတဲ့စကားလုံးတွေရဲ့နောက်ကွယ်က အနက်အဓိပ္ပါယ်တွေ မတူကွဲပြားသွားကြတာ အားလုံးအသိပါပဲ။ တွဲဘက်အနက်တွေ ကွဲပြားကြတာ တွေ့ကြရမှာပါ။

ဒီနေရာမှာ သတိပြုမိတဲ့အချက်က တွဲဘက်အနက် ခတ်များများရှိတဲ့စကားလုံးတွေဟာ အကောင်အထည်ပြစကားလုံးနဲ့ ၀ိသေသသုံးစကားလုံးတွေဖြစ်နေတာတွေရမှာပါ။

ကဲ အခုတင်ပြခဲ့တဲ့စကားလုံးတွေမှာ တွဲဘက်အနက်တွေအများကြီးရှိတာဆွေးနွေးခဲ့ပါပြီ။ တဆက်လက်ဆွေးနွေးချင်တာ ရှိပါသေးတယ်။ အဲဒါကတော့ တွဲဘက်အနက် အင်မတန်နည်းတဲ့ စကားလုံးတွေဆိုတာလည်း ရှိနေသေးတာ ဆွေးနွေးချင်ပါသေးတယ်။ အဲဒါတွေကြတော့ သ််ိပ္ပံပညာရပ်ဆိုင်ရာ စကားလုံးတွေပါပဲ။ သူကတော့ အနက်အဓိပ္ပါယ်ထွေပြားအောင် သုံးရတဲ့ကိစ္စမဟုတ်တော့ တိကျသထက်တိကျအောင်သုံးရတဲ့စကားလုံးတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ သိပ္ပံပညာရပ်ဆိုင်ရာ စကားလုံးတွေဟာ တွဲဘက်အနက် မရှိတတ်တာ ရှိပြန်ရင်လည်း တွဲဘက်အနက်အင်မတန်နည်းတာ တွေ့ကြရပါတယ်။ ဒီစကားလုံးတွေဟာ နောက်ထပ် တွဲဘက်အနက်တွေမရှိအောင် သုံးရတဲ့စကားလုံးတွေဖြစ်တယ်လို့ဆိုသည့်တိုင်အောင် တချို့ သိပ္ပံပညာသုံးစကားလုံးတွေမှာ တွဲဘက်အနက် တစ်ခုတလေရှိနေတာမျိုး ရှိနေပြန်ပါသေးတယ်။ ဒါပေမယ့် အရေအတွက် အင်မတန်နည်းလှပါတယ်။

ဥပမာ ကိုးဂဏန်း(၉) ဆိုပါစို့။ သူ့မှာ အရေအတွကို ကိုးကိုရည်ညွှန်းတာ မှန်ပေမယ့် မြန်မာလူမျိုးတွေက ကိုးဂဏန်းနောက်ကွယ်မှာ အောင်မြင်ခြင်း၊ ကောင်းမွန်ခြင်း၊ နဝင်းကျေခြင်းဆိုတဲ့အဓိပ္ပါယ်တွေ ရှိနေတယ်လို့ ယူဆထားကြတာမျိုးလည်း ရှိပါတယ်။ ကိုးဂဏန်းမှာ တွဲဘက်အနက် ရှိနေတဲ့သဘောပေ့ါ။ သိပ္ပံပညာရပ်စကားလုံးဖြစ်သည့်တိုင် တွဲဘက်အနက်ရှိနေတယ်လို့ယူဆရတဲ့ စကားလုံးလို့ပြောလို့ရပါတယ်။ ဥပမာ ကံကောင်းခြင်း ကို (၇)ဂဏန်း၊ ကံဆိုးခြင်းကို (၁၃) ဂဏန်း အစရှိတဲ့စကားလုံးတချို့ဟာ တွဲဘက်အနက်ရှိတဲ့ သိပ္ပံပညာရပ်ဆိုင်ရာစကားလုံးတွေလို့ ယူဆနိုင်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ ထည့်ပြောချင်တဲ့စကား ရှိပါတယ်။ စကားလုံးတိုင်းမှာ ပညတ်အနက်ကိုယ်စီရှိပါတယ်။ တခါ တွဲဘက်အနက်တွေလည်း ရှိနေတတ်ပြန်ပါသေးတယ်။ ဒီလို အနက်အထည်အမျိုးမျိုးရှိနေတာမို့လည်း စကားပြေရေးတဲ့အခါ တိကျအောင်၊ ကြွယ်ဝအောင်၊ လှပအောင် ရေးလို့ရကြတာပါ။ ဒါပေမယ့် အထူးသတိထားရမယ့်အချက်က စကားလုံးတွေနဲ့စကားပြေရေးကြတဲ့အခါ သူ့နေရာနဲ့သူတွေ ကိုက်ညီအောင်ထည့်သွင်းရေးတတ်ဖို့တော့ အထူးလိုအပ်ပါတယ်။ ဒူးနေရာဒူး တော်နေရာတော်ဆိုသလို သူ့နေရာနဲ့သူ ထည့်တတ်အသုံးပြုတတ်မှသာ စကားပြေကောင်းတစ်ပုဒ် ဖြစ်လာမှာပါ။ ဆန်းရင်ပြီးရော၊ သစ်ရင်ပြီးရောဆိုပြိီး ထင်သလိုထည့်သိုအသုံးပြုလို့မရပါဘူး။ ဒါကိုတော့ အထူးသတိပြုဖို့လိုအပ်ကြောင်း အလျဉ်းသင့်တုန်း ပြောလိုက်ပါရစေ။

ကဲ ဒီကနေ့လည်း ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

နောက်နေ့တွေမှာ ပြန်ဆုံကြသေးတာပေ့ါ။ လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly