လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

အကြောင်းအမျိုးမျိုးကြောင့် စကားပြေအရေးအသား အမှားပြဿနာဘက်မလှည့်ခဲ့ရတာ နည်းနည်းကြာသွားပြီလေ။ ကျွန်တော်ကိုယ်တိုင်က အလုပ်မအားတာရယ်၊ ခရီးထွက်တာရယ် တခြားလတ်တလော ရေးစရာအကြောင်းအရာ တချို့ရယ်ကြောင့် စကားပြေအရေးအသားအကြောင်း ဆက်မဆွေးနွေးဘဲ ရပ်ထားခဲ့ရတာ နည်းနည်းကြာခဲ့ပါပြီ။ ဒီကနေ့တော့ စကားပြေအရေးအသားဘက် ပြန်လှည့်လိုက်ကြပါစို့။

ကျွန်တော်တို့ စကားပြေအရေးအသားအကြောင်း နောက်ဆုံးပြောခဲ့ကြတာက စကားပြေရေးတဲ့အခါ အတည်အခန့်ဖြစ်အောင်ရေးတဲ့အခါ အသုံးပြလေ့ရှိတဲ့စကားလုံးနဲ့ အပြောင်အပျက်ရေးတဲ့အခါ အသုံးပြုတတ်လေ့ရှိတဲ့ စကားလုံးတွေအကြောင်း ကျွန်တော်တို့ပြောခဲ့ပါတယ်။

ဒီနေရာမှာ ကြုံကြိုက်တုန်း စကားပြေအရေးအသားအမှားအကြောင်း လတ်တလောကြုံရတာလေးတစ်ခု ကြားညှပ်ပြီး ပြောချင်ပါသေးတယ်။

ဟိုရက်ပိုင်းက နာမည်ကြီးသတင်းစာတစ်စောင်မှာ သတင်းခေါင်းစဉ်တစ်ခုကြောင့် တာဝန်ရှိသူတစ်ဦး တရားစွဲဆိုခံရမယ့်ကိန်း ဆိုက်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သတင်းခေါင်းစဉ် အမှားကြောင့်ဖြစ်ပါတယ်။ ရေးထားတဲ့သတင်းခေါင်းစဉ်က “ ရှစ်နှစ်အတွင်း တောဆင်ရိုင်း ၁၂၃ ကောင် သတ်ဖြတ်ခဲ့ကြောင်း သစ်တောဝန်ကြီး ထုတ်ဖော်ပာကြား” ဆိုတဲ့ခေါင်းစဉ်ပါပဲ။

ဒီခေါင်းစဉ်ရေးပုံအတိုင်းသာအမှန်လိိုရင် သစ်တောဝန်ကြီးကို တောဆင်ရိုင်း ၁၂၃ ကောင်သတ်ဖြတ်ခဲ့သူဖြစ်လို့ သူ့ကိုရုံး တင်တရားစွဲရတော့မှာ အသေအချာပါပဲ။ ဒါက ရေးထာတဲ့ သတင်းခေါင်းစဉ်အရ ပြောခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့ တောဆင်ရိုင်းတွေကို မသမာသူတွေက သတ်ဖြတ်ခဲ့တဲ့အကြောင်း တာဝန်ရှိသူဝန်ကြီးက တိုင်းပြည်သိအောင် စာရင်းဇယားကိန်းဂဏန်းနဲ့တကွ ထုတ်ဖော် ပြောပြတဲ့သဘော ရေးချင်တာပါ။ ဒါပေမယ့် အရေးကြီးတဲ့ ပုဒ်ဆက်ကို ပြည့်စုံအောင်ထည့်မရေးတဲ့အခါ အဓိပ္ပါယ်စောင်းသွားရပြီး တောဆင်ရိုင်း ၁၂၃ ကောင်ကို သစ်တောဝန်ကြီးကိုယ်တိုင်က သတ်ဖြတ်ခဲ့သလိုဖြစ်ခဲ့ပါတယ်။ အမှန်ဆိုရင် “ ရှစ်နှစ်အတွင်း တောဆင်ရိုင်း ၁၂၃ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း သစ်တောဝန််ကြီးက ထုတ်ဖေါ်ပြောဆို” လို့ရေးရမှာပါ။ ဒါကတော့ ပုဒ်ဆက်ကို ပြည့်စုံအောင်ထည့်မရေးလို့ဖြစ်ရတဲ့ အဓိပ္ပါယ်တိမ်းစောင်းမှုပါပဲ။

ဒီနေရာမှာ အဲဒီပုဒ်ဆက်အမှား ဒါမှမဟုတ် ပုဒ်ဆက်ကိုပြည့်စုံအောင်မရေးကြတဲ့အမှားတစ်ခုဟာ အမှားကြာအမှန်ဖြစ်သဘော ဖြစ်လာနေတာလေးတစ်ခုကိုလည်း တဆက်တည်းပြောချင်ပါသေးတယ်။ အဲဒါကတော့ ကတ္တားနဲ့ကံ ပြောင်းပြန်ဖြစ်စေတဲ့အရေးအသားအမှားသဘောပါပဲ။

ဥပမာ နိုင်ငံရေးအရ မတရားသဖြင့် အကျဉ်းထောင်ထဲ အပို့ခံကြရတဲ့သူတွေကို အခုအခါ စကားပြေထဲထည့်ရေးတဲ့အခါ “အကျဉ်းကျခံ နိုင်ငံရေးသမားများ”လို့ မှားရေးနေကြပါတယ်။ အမှန်တော့ အဲဒီနိုင်ငံရေးသမားတွေဟာ နိုင်ငံရေးလုပ်ရပါ့မလားဆိုပြီး အကျဉ်းချခံကြရသူတွေပါ။ ဒါကိုပုဒ်ဆက်အပြည့် အမှန်မရေးတော့ဘဲ မပြည့်မစုံရေးလိုက်တော့ နိုင်ငံရေးသမားတွေကပဲ သူတို့သဘောနဲ့သူတို့ အကျဉ်းချခံချင်လို့ကို အကျဉ်းသားဖြစ်ရတဲ့သဘော သက်ရောက်သွားပါတော့တယ်။ အမှန်အတိုင်းဆိုရင် “ အကျဉ်းကျခံ နိိုင်ငံရေးသမားများ”လို့မရေးဘဲ “အကျဉ်းချခံရ နိုင်ငံရေးသမားများ”လို့   ရေးရမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ ကြိယာနောက်ဆက်ဖြစ်တဲ့ (ရ) ဆိုတဲ့စကားလုံး မဖြစ်မနေထည့်ရေးမှ အမှန်ဖြစ်မှာပါ။ ဒါပေမယ့် အဲသလို နောက်ဆက်ဖြုတ်ပြီး ရေးနေကြတာ အများကြီးတွေ့နေရပါတယ်။ ဒါကဘာပြုလို့လည်းဆိုတော့ ၀ါကျကို တိုအောင်ရေးဖို့စဉ်းစားရင်းက ၀ါကျကိုတိုအောင်ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ တိုအောင်ရေးကြရင်းက ကျန်တဲ့သူတွေ( အထူးသဖြင့် စကားပြေအရေးအသား အရေးကြီးပုံကို အလေးအနက် မထားတတ်သူတွေ)ကလည်း အဟုတ်မှတ်ပြီး လိုက်ရေးကြရင်းက ကြာလာတဲ့အခါ အဲဒီအမှားဟာ အမှန်လိုလိုဖြစ်လာတဲ့အရေးအသားအမှားပဲ။

ကဲ လတ်တလော မြင်ရဖတ်ခဲ့ရတဲ့ စကားပြေအရေးအသားအမှားလေးတွေ ဒီမှာရပ်ပြီး မူလအစချီထားခဲ့တဲ့ စကားပြေအရေးအသားကိစ္စဘက် ပြန်ဆက်ကြရအောင်ပါ။

စကားပြေရေးတဲ့အခါ “ပညတ်အနက်”နဲ့ “တွဲဘက်အနက်”အကြောင်း ပြောပြချင်ပါတယ်။ တချို့သောစကားလုံးတွေဟာ လူမျိုးအလိုက် ဒေသအလိုက် အနက်ပြောင်းသွားကြတာမျိုးနဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်အခံအပေါ်မူတည်ပြီး အနက်ကွဲသွားကြတာမျိုးတွေရှိပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး စာပေရဲ့သိမ်မွေ့မှုသဘော ပြောလို့ရမယ်ထင်ပါတယ်။

ဥပမာတစ်ခုပြောပါ့မယ်။ ဒီနေရာမှာ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရဲ့ ရှင်းလင်းချက်ကိုပဲ ယူပြီး မူတည်ပြီး ရှင်းပြချင်ပါတယ်။ ဆိုပါစို့ “နွားကျောင်းသား”ဆိုတဲ့ စကားလုံးကိုစဉ်းစားကြည့်တဲ့အခါ “နွားကျောင်းသား”လို့ဆိုလိုက်တာနဲ့ တပြိုင်နက် မြန်မာတစ်ယောက်အဖို့ “ပုဆိုးတိုတိုဝတ်၊ လက်ထဲမှာ တုတ်တစ်ချောင်းကိုင်၊ ခမောက်ဆောင်းထားတဲ့သူ”လို့ မြင်မှာ ထင်မှာပါပဲ။ ဒါက မြန်မာတစ်ယောက်သိရှိထားတဲ့ “ပညတ်အနက်”ပါပဲ။ ပုဆိုးတိုတို တုတ်တစ်ချောင်းကိုင် ခမောက်ဆောင်းတဲ့သူကို “နွားကျောင်းသား” ဆိုပြီး မြန်မာတွေက သတ်မှတ်ထား ပညတ်ထားပါတယ်။ ဒါပေမယ့် သူ့မှာ တွဲဘက်အနက် ရှိပြန်ပါသေးတယ်။ မြန်မာတွေ ယူဆထင်မြင်တဲ့အနက်နဲ့ မတူကွဲပြားတဲ့ နောက်ထပ်အနက် ရှိနေပြန်ပါသေးတယ်။ ဆိုလိုတာကတော့ မြန်မာတွေက နွားကျောင်းသား ကို မြင်တဲ့သိတဲ့ အနက်မျိုးကို အမေရိကန်လူမျိုးတစ်ယောက်က မြင်နိုင်ပ့ါမလား။ အမေရိကန်လူမျိုးတစ်ယောက်အဖို့ “နွားကျောင်းသား” ဆိုတဲ့စကားလုံးကို မြန်မာတွေသိထားမြင်ထားသလို ပုဆိုးတိုတို တုတ်တစ်ချောင်းကိုင် ခမောက်ဆောင်းထားသူပဲလို့ မြင်နိုင်ပ့ါမလား။ အမေရိကန်လူမျိုးတစ်ယောက်အဖို့ကတော့ “နွားကျောင်းသား” လို့ပြောလိုက်ရင် “ဦးထုပ်ကားကား ဘောင်းဘီရှည်နဲ့ မြင်းစီးလာတဲ့သူ”ကိုပဲ မြင်လာမှာအမှန်ပါပဲ။

အနှစ်ချုပ်ရရင် “နွားကျောင်းသား” ဆိုတာ ပညတ်ထားတဲ့စကားလုံးမှန်ပေမယ့် မူရင်းနဲ့တွဲပြီး အနက်ကွဲတွေ ရှိနေပါလားဆိုတာ ကျနော်တို့သွားတွေ့ရမှာပါ။ ဒီလိုပါပဲ။ တခြား တရုတ်တို့ အိန္ဒိယတို့လိုလူမျိုးတွေအဖို့လည်း နွားကျောင်းသား ဆိုတာ မြန်မာတွေ မြင်ကြသလို မြင်ကြမှာမဟုတ်ပါဘူး။

ဒါ့အပြင် အမေ ဆိုတဲ့စကားလုံးကိုလည်း ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)က ထပ်ပြီး ဥပမာပေးရှင်းပြတာ ရှိပါသေးတယ်။

အမေဆိိုတာ ကိုယ့်ကိုမွေးဖွားသူမိခင်ဖြစ်တယ်ဆိုတာ လူတိုင်းသိထားကြတာမှန်ပေမယ့် အဲဒါက ပညတ်အနက်သဘောဖြစ်တာမှန်ပေမယ့် ကိုယ်မွေးကာစအချိန်ကတည်း မိခင်ကွယ်လွန်ပြီး မိခင်ကို မြင်တောင်မမြင်ဘူးလိုက်သူရဲ့ခံစားချက်၊ အမေအပေါ်မြင်တဲ့အမြင်နဲ့ မွေးကတည်းက မိခင်က အထူးယုယစောင့်ရှောက် ကြင်နာမှုခံခဲ့ရတဲ့လူတစ်ယောက်ရဲ့ မိခင်အပေါ် မြင်တဲ့အမြင် ခံစားချက် တစ်ယောက်နဲ့တစ်ယောက်မတူကြတော့ပါဘူး။ ဒါ့အပြင် မိခင်ရဲ့ရိုက်ပုတ်နှိပ်စက်တာ တချိန်လုံးခံခဲ့ရသူတစ်ဦးရဲ့ အမေ အပေါ်ခံစားချက် အမြင်ကလည်း ကျန်တဲ့နှစ်ယောက်နဲ့ မတူနိုင်ပြန်ပါဘူး။ ဒါကြောင့်မို့ အမေ ဆိုတဲ့ပညတ်ချက်မှာ လူတစ်ဦးချင်းစီက ကိုယ့်ကိုမွေးတဲ့မိခင်ဖြစ်တယ်ဆိုပြီး တထပ်တည်း နားလည်ထားကြပေမယ့် လူတစ်ဦးချင်းစီရဲ့အနေအထားအပေါ်မူတည်ပြီး တွဲဘက်အနက်တွေ ကွဲပြားနေတာ နေတာ တေ့ကြရမှာပါ။

ဒါကြောင့်မို့ ပညတ်အနက်မှာ တူကြပေမယ့် တွဲဘက်အနက်မှာကြတော့ တစ်ဦးနဲ့တစ်ဦး ဘယ်နည်းနဲ့မှမတူနိုင်ကြပါဘူး။

ကဲ ဒီကနေ့တော့ ဒီမှာရပ်နားကြရအောင်။

နောက်နေ့တွေမှာ ကျွန်တော်တို့ ပြန်ဆုံကြသေးတာပေ့ါ။

လူငယ်များ စကားပြေအရေးအသား အမှားကင်းစွာ ကြွယ်ဝလှပနိုင်ကြပါစေ။

Mizzima Weekly