လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ ( ၄ )

လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ ( ၄ )

ဒီကနေ့လည်း ဟိုဘက်နေ့က မပြီးပြတ်သေးတဲ့ အကြောင်းအရာကိုပဲ ဆက်ပါဦးမယ်။

ပြည်သူလူထုရဲ့အရေးတော်ပုံများအပေါ်မှန်မှန်ကန်ကန် အကဲမဖြတ်နိုင်ကြပဲ အချည်းနှီးအလုပ်တွေဖြစ်တယ် ကိုယ့်မိသားစုအရေးကိုသာ ဦးစားပေးရမယ်ဆိုတဲ့ အမြင်နဲ့ လူထုအရေးတော်ပုံတွေကို အဆိုးမြင်တတ်တဲ့ အမြင်တွေပျံ့နှံ့လာနေတဲ့အကြောင်း၊ လူသတ်သမားတွေနဲ့ အဓမ္မပြုကျင့်သူတွေကိုပင်လျင် အတိအလင်း လူသိထင်ရှားထောက်ခံသူများ ရှိလာနေပြီဆိုတဲ့အကြောင်းအရာအထိ ကျနော်တို့ ဆွေးနွေးလာခဲ့ကြပါတယ်။ နောက်ဆုံး အများပြည်သူကို ထိခိုက်လို့ထိခိုက်မှန်းမသိ ကိုယ်ချင်းစာတရားနဲ့ လူ့ကျင့်ဝတ်သိက္ခာအရ စည်းကမ်းနည်းလမ်းကျကျမဟုတ် ဆူညံစွာ ဓါတ်စက်ဖွင့်တာမျိုးတွေအထိ လူတွေ အမှားအမှန်ုး သင့်၏မသင့်၏ မစဉ်းစားနိုင်ကြတော့ဘဲ တကိုယ်ရေကျင့်သုံးနေထိုင်မှုအမှားယဉ်ကျေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့့်ဖြစ်လာနေတာတွေကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။

ပြောရရင်တော့ နယ်ပယ်ပေါင်းစုံမှာ ကျနော်တို့လူမျိုးတွေ ယဉ်ကျေးမှုနိမ့်ပါးလာနေတဲ့သဘော ပြောချင်တာပါပဲ။

မျက်မှောက်သမိုင်းမှာ တော်တော်လေးအရှိန်ကျလာနေပြီလို့ယူဆရတဲ့ လူမျိုးခြားမုန်းတီးရေး အမျိုးသားရေးအမြင်ကျဉ်းမှုသည်ပင်လျင် အခုတော့ ခေါင်းတထောင်ထောင်ဖြစ်လာသလားလို့မေးရမလိုပါပဲ။

ဒီနေရာမှာ သိသာပေမယ့်မရိုးနိုင်တဲ့အချက်ကတော့ လူမျိုးခြားမုန်းတီးရေး၊ မျက်ကန်းမျိုးချစ်စိတ်ဓါတ်ကို အာဏာရှင်တွေက အသုံးချလေ့ရှိတယ်ဆိုတဲ့အချက်ပါပဲ။ ဒီအချက်ကတော့ သိသာတဲ့အချက်ပါ။ လူစုရတာ အလွယ်ကူဆုံး၊လူတွေစိတ်ဝင်စားမှု လမ်းကြောင်းလွဲအောင်လုပ်လို့အလွယ်ကူဆုံးဖြစ်တော့ကာ ကိုယ်ကျိုးအဓိက အာဏာရှင်နဲ့ ကိုယ်ကျိုးအဓိကနိုင်ငံရေးသမားတွေက ဒီနည်းကိုတွင်တွင်ကြီးအသုံးချတတ်ကြပါတယ်။ အထူးသဖြင့် ပညာညာဏ်နည်းပါးတဲ့တိုင်းပြည်တွေမှာ ဒီနည်း ကိုတော်တော်အသုံးချခဲ့ကြတာတွေ့ကြရပါတယ်။ ပညာနည်းပါးတယ်ဆိုတာက အသိညာဏ်ပညာ အမှားအမှန်ခွဲခြမ်းစိတ်ဖြာမှု မွဲကျံတာကိုပြောလိုတာပါ။

လူတွေရဲ့စိတ်ကို နှိုးဆွပေးဖို့အလွယ်ကူဆုံးနယ်ပယ်က လူမျိုးရေးနဲ့ဘာသာရေးဖြစ်ပါတယ်။ ဒီနယ်ပယ်နှစ်ခုက တခြားအရာတွေထက်ပိုပြီး ထိလွယ်ရှလွယ်ဖြစ်တော့ကာ မှန်နေရင်ပြဿနာမရှိပေမယ့် မှားပြီဟေ့ဆိုရင်တော့ ထိခိုက်နစ်နာမှု အင်မတန်ကြီးလှပါတယ်။ ကိုယ်ကျိုးလုပ်လို့ အခွင့်အာဏာနဲ့စီးပွားဥစ္စာ အဆမတန်ရှိလာရလာတဲ့လူတွေဟာ သူတို့ရလာတဲ့ အခွင့်အာဏာနဲ့ အကျိုးစီးပွားဟာ မတရားတဲ့နည်းနဲ့ရလာတာဖြစ်တော့ကာ ဒါကိုလူတွေကသိလာကြပြီး သူတို့ကိုဆန့်ကျင်လာကြမှာ ကန့်ကွက်ကန့်သတ်လာကြမှာ စိုးရိမ်ကြပါတယ်။ ဒီတော့ သူတို့ရဲ့ မတရားမှုတွေအပေါ် လူတွေတဖြေးဖြေးအာရုံစိုက်လာမှုကို စိတ်ပူကြပါတယ်။ ဒီတော့ လူမျိုးအချင်းချင်းရန်တိုက်ပေးတာမျိုး၊ ဘာသာရေးရန်တိုက်ပေးတာမျိုးတွေဖန်တီးပြီး လူတွေရဲ့စိတ်ကိုလမ်းကြောင်းလွှဲပေးကြတာမျိုးဟာ ဒီကနေ့ကမ္ဘာမှာ ရိုးနေပြီဖြစ်သော်ငြားလည်းပဲ အသုံးတည့်နေစဲပါပဲ။

အာဏာရှင်တွေ သူတို့ရဲ့အခြေခံစိတ်ဓါတ်ကိုယ်နှိုက်ကလည်း မတရားမှုမှာပျော်ပါးတတ်ကြပါတယ်။ များများညစ်လေ များများမတရားလုပ်လေလေ သူတို့အဖို့ အကျိုးများများရလေ၊ သူတို့အကျိုးစီးပွားကို ပိုပိုပြီးကာကွယ်လို့ရလေလေပါပဲ။ ဒီတော့ နောက်ဆုံးမှာ ဘာသာရေး လူမျိုးရေးနယ်ပယ်မှာတင်မက လူတစ်ဦးချင်းစီမှာတောင် အယူအဆတွေ အသေးစိပ် အစိပ်စိပ်အမွှာမွှာကွဲနေလေ သူတို့အတွက်အကျိုးရှိလေပါပဲ။ ဒီတော့ကာ ပညာညာဏ်နိမ့်ပါးသူတွေကြတော့ အကျိုးစီးပွားအနည်းငယ်ဖဲ့ပေးစည်းရုံးပြီး အမှားမြင်လို့အမှန်သိလာတဲ့သူတွေကိုကြတော့ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးကြတော့တာပါပဲ။

ဒါက မတရားတဲ့ အာဏာရှင်တွေနဲ့ ကိုယ်ကျိုးသမားနိုင်ငံရေးသမားတွေလုပ်လေ့လုပ်ထရှိတယ်ဆိုပေမယ့် လူတွေကရုတ်တရက် ရှင်းရှင်းလင်းလင်း သိမြင်လာဖို့ဆိုတာ အချိန်ယူရပါတယ်။ ပညာညာဏ်ရှိရပါမယ်။ ဥပမာ နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်တုန်းက အင်္ဂလိပ်အိမ်ရှေ့စံ ဝေလမင်းသား ဗမာပြည်လာလည်တဲ့အခါ အဲဒီအိမ်ရှေ့မင်းသားရဲ့ဘုန်းတော်ဘွဲ့ကို ကဗျာစာစီပြီး ရွတ်ဆိုဂုဏ်ပြုနိုင်ဖို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ငွေပေးပြီးရေးခိုင်းတဲ့အခါ ပညာညာဏ်ရှိပြီး မှန်ကန်တဲ့မျိုးချစ်စိတ်ရှိသူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဘုန်းတော်ဘွဲ့ရေးပေးဖို့ ငြင်းလိုက်ပေမယ့် အဲဒီအချိန်က ပညာတတ်လှပါတယ်ဆိုတဲ့ မြန်မာပညာတတ်လူကြီးတွေကတော့ ဂုဏ်ရှိတဲ့အလုပ် ပိုက်ဆံမျိုးမျိုးမျက်မျက်ရတဲ့အလုပ်ဆိုပြီး ဝေလမင်းသားဘုန်းတော်ဘွဲ့ကို စိတ်ဝင်တစားရေးပေးခဲ့ကြတာမျိုးကိုကြည့်ရင် ပညာညာဏ်ရှိမှ လုပ်သင့်မလုပ်သင့် ချင့်ချိန်လို့ရတယ်ဆိုတဲ့ သာဓကပါပဲ။

ပြောရမယ်ဆိုရင် ဒီနိုင်ငံဟာ သမိုင်းမှာ ၀ါးအစည်းပြေနေတဲ့နို်င်ငံဖြစ်တယ်လို့တောင်မှပြောနိုင်ပါတယ်။ အများအကျိုးဘေးချိတ်ပြီး ကိုယ့်ကျိုးအဓိကထားလာကြတဲ့အချိန်လည်းဖြစ်ပါတယ်။ လူအချင်းချင်း ယိုင်းပင်းကူညီဖို့အလုပ်ဟာ သိမ်ငယ်လာသယောင်ယောင် ငထူငအမို့လုပ်တာဆိုတာမျိုးအထိ မင်းမူလာနေတဲ့အချိိန်ပါပဲ။

ဒီတော့ကာ ရှစ်လေးလုံးလို နိုင်ငံရေးအရ အင်မတန်လေးနက်မြင့်မားတဲ့ကိစ္စကြီးအပေါ် လူငယ်တချို့က အဆိုးမြင်နေတတ်ကြတာ သိတ်မဆန်းလှတော့ပါဘူး။ အများအကျိုးဆောင်ရွက်ချင်သူတွေ၊ အများအကျိုးအတွက် အလုပ်လုပ်ရင်း ဘဝပါရင်းလိုက်ကြရသူတွေကို အားပေးချင်စိတ် ဝိုင်းဝန်းလုပ်ကိုင်ချင်စိတ် လူငယ်တချို့မှာမရှိကြတာ မဆန်းတော့ပါဘူး။ ပိုမိုရှုပ်ထွေးအောင်ဖြစ်စေတဲ့အခြေအနေက အဲဒီအများအကျိုးဆောင်ရွက်တဲ့နယ်ပယ်ထဲအထိ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေးကိုခုတုံးလုပ် မှားယွင်းဖို့ဝန်မလေးကြတော့တာ၊  အဲဒီအမှားကိုပဲ အမှန်လို့ယူဆလာကြတော့တာဟာ တိုင်းပြည်အတွက် ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။

ဒါကြောင့်မို့ လူငယ်တွေဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ်ယုံကြည်တဲ့ ဘာသာရေးကအစ ထဲထဲဝင်ဝင်သိအောင် ရှိအောင်လုပ်ဖို့တိုက်တွန်းချင်ပါတယ်။

တော်ပါသေးရဲ့။ လူငယ်အများစုကတော့ အဲဒီအမှားမျိုုးနဲ့ ခတ်ဝေးဝေးမှာရှိနေကြသေးလို့ ကံကေားနေဆဲလို့ပဲမြင်မိပါတယ်။

လူငယ်များ နိုင်ငံရေးအသိ တွေးခေါ်မျှော်မြင်မှုအသိ မှန်ကန်ကြွယ်ဝ ကြံ့ခိုင်နိုင်ကြပါစေ။

Mizzima Weekly