လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ ( ၃ )

လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ ( ၃ )

ပြီးခဲ့တဲ့ ဆောင်းပါးတုန်းက ဖြစ်ခဲ့ပြီးသမျှ လူထုအရေးတော်ပုံတွေအပေါ် အဲဒီအရေးတော်ပုံတွေ ဖြစ်ပွားပြီးနောက်မှ မွေးဖွားကြီးပြင်းပြင်းလာကြရတဲ့ လူငယ်တချို့ရဲ့ အမြင်တွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ကျနော်ပြောခဲ့တဲ့အရေးတော်ပုံတွေဟာ တကယ်တော့ လူထုအုံကြွမှုကြီးတွေဖြစ်ပေမယ့် လက်နက်ကိုင်ပြီးတော်လှန်အုံကြွခဲ့ကြတာမဟုတ်ပါဘူး။ မိမ်ိတို့ရဲ့မူလလူ့အခွင့်အရေးတွေ ပြန်လည်ရရှိစေရေး၊ ဒီမိုကရေစီရေးနဲ့ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖေါ်ကြတဲ့ လူထုအရေးတော်ပုံတွေချည်းပါပဲ။ မတရားတဲ့ အမိန့်အာဏာဟူသမျှဟာ မတရားတဲ့လူတစ်စုကိုသာ အကာအကွယ်ပေးပြီး လူထုကိုဖိနှိပ်ထားဖို့ကိုသာရည်ရွယ်ထားတာမို့် တနေ့တခြား ဆင်းရဲကြပ်တည်းလာရတဲ့လူထုက မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက်ဆန္ဒထုတ်ဖေါ်ကြရတဲ့ လူထုအုံကြွမှုတွေချည်းပါပဲ။

တကယ်တော့ ဒီလူထုအုံကြွမှုတိုင်းဟာ တရားမျှတမှုရရှိရေး တောင်းဆိုကြတဲ့သဘောပါပဲ။ ဒါပေမယ့် လူထုရဲ့တကယ့်ရည်ရွယ်ချက်အရင်းအမှန်ကို အာဏာရယူထားတဲ့လူတစ်စု တနည်းအားဖြင့် လူထုကိုဖိနှိပ်ထားပြီး လူထုရဲ့ပါးစပ်နဲ့နားကို ပိတ်ထားပြီး လူတစ်စုကောင်းစားရေးကိုသာ လုပ်လေ့ရှိတဲ့ အုပ်ချုပ်သူလူတစ်စုက လူထုရဲ့အုံကြွမှုပုံရိပ်ကို ပျက်အောင်ပုံဖျက်ဖို့ကြိုးစားတဲ့အခါ ဒါဟာ ဥပဒေမဲ့အကြမ်းဖက်မှုတွေဖြစ်တယ် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်လုပ်တဲ့အလုပ်တွေဖြစ်တယ် အစရှိတဲ့ ၀ါဒဖြန့်မှုတွေနဲ့ တုန့်ပြန်တတ်ကြတာပါပဲ။

ဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းက ဂျာမဏီပြည်မှာ နာဇီတွေက အာဏာရဖို့ လူထုကိုစည်းရုံးတဲ့အခါ လူမျိုးခြားမုန်းတီးရေးဝါဒ လူထုကို မျက်ကန်းမျိုုးချစ်ဝါဒနဲ့ မှိုင်းတိုက်ပြီးစည်းရုံးခဲ့သလို ကျနော်တို့ဆီမှာလည်း လူထုအုံကြွမှုအရှိန်အဟုန်တွေလျှော့ကျသွားစေဖို့ လူတွေရဲ့စိတ်ကို လမ်းလွဲသွားစေဖို့ အဲသလို မျက်ကန်းမျိုးချစ်မှိုင်းဝါဒမှိုင်းအပါအဝင် အခြားဝါဒမှိုင်းအမျိုးမျိုးဆိုတာကိုလည်း အာဏာရှင်လူတစ်စုက ကောင်းကောင်းအသုံးတည့်ခဲ့ကြတာပဲ။

မှန်ပါတယ်။ ပြီးခဲ့တဲ့ လူထုအရေးတော်ပုံကြီးဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းက အတည်မပြုနိုင်သေးတဲ့တွက်ချက်မှုတွေအရ တတိုင်းတပြည်လုံးြုခုံရင် လူ သုံးထောင်လောက် သေကြေခဲ့ကြရတယ်လို့ဆိုပါတယ်။ ဒါတွေက အဲဒီတုန်းက တိုင်းပြည်အာဏာရယူထားတဲ့ စစ်အာဏာရှင်တွေက အကြမ်းဖက်ဖြေရှင်းလို့သာ ဒီဲလိုကြေကွဲဖွယ်လူတွေ သေဆုံးခဲ့ရတာပါ။ ဆင့်ကဲဖြစ်စဉ်တွေအရ ကျောင်းသားတွေဟာ ငြိမ်းချမ်းစွာဆောင်ရွက်လို့မရတော့လို့ တောခိုကြရတာမျိုးတွေ မိသားစုတွေကွေကွင်းကြရ အကျဉ်းထောင်တွေထဲ လူတွေထောင်သောင်းချီပြီး အပို့ခံကြရနဲ့ အခုထက်ထိ အဲဒီအကျိုးဆက် ဒဏ်ရာဒဏ်ချက်တွေကို လူတွေခံစားနေကြရတုန်းပါ။

ဒီလိုတွေ ခံစားကြရတာဟာ မကောင်းပါဘူး။ ကြောက်ရွံ့ကြေကွဲစရာတွေပဲဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာရအောင်လုပ်တာဘယ်သူတွေလည်း ဘယ်သူတွေက အကြမ်းဖက်ဖြေရှင်းခဲ့တာလည်း ဒါကိုတော့ ဒီကနေ့လူငယ်တွေ ရှင်းရှင်းလင်းလင်းသိဖို့ အင်မတန်လိုပါတယ်။ အနိဌာရုံတွေရဲ့လက်သည်တရားခံနဲ့ အဲသလိုလက်သည်တရားခံမျိုးတွေရှိနေသရွေ့၊ အဲသလို စံနစ်ဆိုး ၀ါဒဆိုးရှိနေသရွေ့ ကြေကွဲဖွယ်အဖြစ်မျိုးတွေ သမိုင်းမှာကြုံနေကြရဥိးမှာပါပဲ။

စိတ်ပျက်ဖို့ကောင်းတာက မတရားသဖြင့်အုပ်ချုပ်တတ်တဲ့အာဏာရှင်အစိုးရဆိုတာက ဒီတိုင်းပြည်မှာ လူ့မျိုးနွယ်တဆက်လောက်ကြာမြင့်တဲ့အထိ တည်မြဲခဲ့လေတော့ အာဏာရှင်တချို့ မြင်ကွင်းကပျောက်ကွယ်သွားပြီလို့ထင်ရတဲ့ အခုလိုအချိန်အထိ အာဏာရှင်က ၀ါဒဖြန့်ထားတဲ့ ယဉ်ကျေးမှုက အမြစ်ကောင်းကောင်းတွယ်မိသလိုဖြစ်နေပြီလေ။

အာဏာရှင်တွေဟာ နှစ်ပေါင်းခြောက်ဆယ်ကျော် အာဏာရယူထားတဲ့တချိန်လုံး အာဏာရှင်ကိုပဲအကျိုးဖြစ်စေ အကာအကွယ်ဖြစ်စေတဲ့ အယူအဆအတွေးအခေါ်တွေကို နည်းမျိုးစုံ ဖြန့်ချိထားခဲ့တာပဲ။ ဒီလိုအမြစ်တွယ်နေပြီဖြစ်တဲ့ အသိအမြင်တွေက အခုဆိုရင် လူတစ်ဦးချင်းဆီအထိ သက်ရောက်လာနေပြီလို့တောင်ပြောနိုင်ပါတယ်။ လူတွေရဲ့သာမာန်အပြုအမူနဲ့ သာမာန်အတွေးတွေအထိ ဝင်ရောက်နေရာယူနိုင်လောက်တဲ့အထိ ပျံ့နှံ့စိမ့်ဝင်နေတာတွေ့ကြရပါတယ်။ လူတွေကို အကြောက်တရားနဲ့ မှန်တယ်လို့ထင်ရပေမယ့် အစွန်းရောက်အယူအဆတွေဟာ အခုဆိုရင် တောရွာကျေးလက်တွေအထိ ပျံ့နှံ့လာနေခဲ့ပြီပဲ။

အကြောက်တရားဆိုတာက ကျနော်တွေ့ဆုံစကားပြောဖူးတဲ့လူတစ်ယောက်ရဲ့စကားလို ဒိီတိုင်းပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအစပြုနိုင်တာဟာ အာဏာရှင်တွေကိုယ်တိုင်က ပေးချင်လို့ပေးလိုက်လို့ဖြစ်လာတာ။ သူတို့ဟာ ကျေးဇူးရှင်။ အဲသလို ထင်မြင်လာရတာ အဆန်းတော့မဟုတ်ပေမယ့် အာဏာရှင်တွေက အင်အားနဲ့လက်နက်နဲ့ အာဏာနဲ့ပြည့်စုံသူတွေဖြစ်တယ် ဒါကြောင့်မို့ သူတို့ကိုဆန့်ကျင်လို့ မရနိုင်ဘူး မယှဉ်နိုင်ဘူး၊ ဆန့်ကျင်ရင် ယှဉ်ပြိုင်ရင် ဘဝပျက်တာပဲအဖတ်တင်မယ်ဆိုတဲ့ အာဏာရှင်ကို ကြောက်တဲ့စိတ် အာဏာရှင်ကို တကယ့်စစ်မှန်တဲ့အင်အားရှင်အဖြစ်မြင်နေ ကြောက်နေရာက ရလာတဲ့ပေါ်ပေါက်လာတဲ့ အမြင်တစ်ခုပါပဲ။ ဒီလိုမြင်လာ ကြောက်လာရအောင်လည်း အာဏာရှင်တွေဟာ ရက်ရက်စက်စက် ဖိနှိပ်ထားခဲ့ကြတာပဲ။ တိုင်းပြည်တစ်ခုမှာ တကယ့်အင်အားအမှန်က တိုင်းသူပြည်သားအများစုကြီးမှာသာရှိတယ်၊ တိုင်းသူပြည်သားလူထုဆိုတာကသာ ဆုံးဖြတ်ချက်ချနိုင်သူအစစ်အမှန်ဖြစ်တယ်ဆိုတာ လူတွေမတွေးတတ်လောက်အောင် အာဏာရှင်ကိုကြောက်တဲ့စိတ်က တွန်းပို့ထားတာ ကြာပြီပဲ။ လူတစ်စုရဲ့ အင်အားဆိုတာ တခဏ၊ လူထုအင်အားသည်သာ ထာဝရလို့မမြင်နိုင်ကြတော့ဘူး။ လူတစ်စုရဲ့အင်အားဆိုတာက သာမည၊ လူထုအင်အားဆိုတာကသာ အဓိကလို့ မမြင်နိုင်ကြတော့ဘူး။ အဲဒီတော့ စုပေါင်းဆန္ဒထုတ်ဖေါ်ပွဲတွေကိုလည်း အကောင်းမမြင်နိုင်ကြတော့ဘူး။ အာဏာရှင်တွေ ၀ါဒမှိုင်းတိုက်ထားတဲ့အတိုင်း လူတွေဟာ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်းမနေချင်ကြဘူးဆိုတဲ့အမြင်နဲ့ အာဏာရှင်ဘက်က ရပ်မှန်းမသိရပ်မိတဲ့အမြင်တွေ ဖြစ်လာရတော့တာပေါ့။ ဒီတော့ကာ လူထုအကျိုးအတွက် ရှေ့ကထွက်ရပ်တည်ကြရင်းက ဘဝပျက်ကြရ အကျဉ်းထောင်ထဲရောက်ကြရသူတွေရဲ့တန်ဘိုးကို မလေးနက်နိုင်ကြတော့ဘူးပေါ့။

အာဏာရှင်စနစ်ရဲ့ ပင်မကြောရိုးက ဘာလဲ။ ကိုယ့်တစ်ဦးတည်းအကျိုးစီးပွားကိုသာ မတရားသဖြင့် ပထမဦးစားပေးနေရာမှာထားတဲ့ စိတ်ဓါတ်ယဉ်ကျေးမှုပါပဲ။ ကိုယ့်အကျိုးက အဓိကဆိုတော့ အများအကျိုးထိခိုက်စေတာ မထိခိုက်စေတာ စဉ်းစားဖို့က အခြေအနေမပေးတော့ဘူးပေါ့။ လူဟာ ကိုယ့်အကျိုးစီးပွားအတွက် စဉ်းစားတာ သဘာဝကျပေမယ့် တစ်ဦးချင်းရိုးသားစွာ တရားနည်းလမ်းကျစွာ မစဉ်းစားပဲ ကိုယ့်အကျိုးစီးပွားတိုးပွားသထက်တိုးပွားဖို့ အများအကျိုးစီးပွားပျက်အောင်လုပ်ရတော့မယ့်အလုပ်ကို မရှက်မကြောက်လုပ်ဖို့ဝန်မလေးခြင်းဟာ အာဏာရှင်ငို့ဘသမားတွေရဲ့ ရေသောက်မြစ်ပင်မကြောရိုးပါပဲ။ ဒီနေရာမှာ လုပ်သင့်တာမလုပ်သင့်တာ တရားတာမတရားတာ မှန်တာမှားတာ စဉ်းစားချင့်ချိန်ဖို့ထက် ငါကောင်းစားဖို့ ငါစိတ်ချမ်းသာဖို့လုပ်တာကိုပဲ ကောင်းသလိုလိုမှန်သလိုလို မြင်လာကြတော့တာ အာဏာရှင်တွေ ကိုယ်ကျိုးသက်သက်သမားတွေရဲ့ စိတ်ဓါတ်တွေ စိမ့်ဝင်ပျံ့နှံ့လာနေတဲ့သဘောပါပဲ။

ဒီလိုစိတ်ဓါတ်တွေဟာ ဘယ်လိုအခြေအနေမျိုးအထိ ရှိလာရသလဲ။ အသက်မပြည့်သေးတဲ့ကလေးတစ်ယောက် အဓမ္မပြုကျင့့်တဲ့သတင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာတဲ့အခါ အဓမ္မပြုကျင့်သူကို လူသိထင်ရှားထောက်ခံဝံ့သူတွေ၊ ဒီကိစ္စအပေါ် ကန့်ကွက်ရှုတ်ချကြသူတွေကိုလည်း လူသိထင်ရှား တုန့်ပြန်ဆဲရေးပြီး အဓမ္မပြုကျင့်သူဘက်က ရပ်တည်ပြကြသူတွေ ပေါ်ပေါက်လာရတဲ့အခြေအနေအထိ ဖြစ်လာရတာဟာ ကိုယ်ကျိုးအဓိကဝါဒဆိုးရဲ့ အကျိုးဆက်တွေပါပဲ။ ဒါက အမြင့်ဆုံးအခြေအနေတစ်ခုရဲ့ ဥပမာပါ။

အနိမ့်ဆုံးဥပမာတစ်ခုကတော့ ရပ်ကွက်ထဲ ဓါတ်စက်တွေအချိန်အခါသတ်မှတ်မှုမဲ့ အခြေအနေသုံးသပ်မှုမဲ့စွာ စည်းကမ်းမှုမဲ့ ဖွင့်ကြတဲ့အလုပ်မျိုးဟာလည်း အဲဒီ ကိုယ့်အကျိုးစီးပွားဦးစားပေး အာဏာရှင်စနစ်က မြစ်ဖြားခံလာတဲ့ အကျိုးဆက်တစ်ခုပါပဲ။

ကဲ ဒီကနေ့တော့ ဒီနေရာမှာ ခဏရပ်နားရပါအုန်းမယ်။ နောက်နေ့မှာ ဆက်လက်ဆွေးနွေးကြသေးတာပေါ့။

လူငယ်များ လူတစ်စုယဉ်ကျေးမှုနဲ့ လူထုယဉ်ကျေးမှု ကွဲပြားခြားနားမှုကို ခွဲခြမ်းစိပ်ဖြာကြည့်နိုင်ကြပါစေ။

Mizzima Weekly