လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ ( ၂ )

လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ ( ၂ )

ပြီးခဲ့ဆောင်းပါးတုန်းက လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံကြီးများ ဆောင်းပါးအစမှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအပေါ် မတူတဲ့သဘောထားအမြင်တချို့ကို ကျနော်ရေးခဲ့ပါတယ်။

အထူးဖြင့် လူငယ်တချို့ရဲ့ သဘောထားအမြင်ကိုရေးခဲ့ရာမှာ ဒီအရေးတော်ပုံကြီးရဲ့ အရေးပါလေးနက်မှုကို သတိမပြုမိကြဘဲ ဒီအရေးတော်ပုံကြီးကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကိုပင် ထိခိုက်စေတယ်ဆိုတဲ့အမြင်မျိုးအထိ ပြောကြ ဆိုကြတာလို့ မြင်တဲ့သူက မြင်ကြတယ်လို့လည်း ကျနော်ရေးခဲ့ပါတယ်။ ဒီလိုမြင်ကြတဲ့အထဲမှာ လူငယ်တချို့ ပါဝင်နေတယ်ဆိုတာကိုလည်း ကျနော်ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီရှစ်လေးလုံးအရေးတော်ပုံကြီးလို လူထုလှုပ်ရှားမှုကြီးတွေဟာ ဒီတိုင်းပြည် ပြုပြင်ပြောင်းလဲရေး အတိအကျပြောရရင် ဒီတိုင်းပြည်မှာ နှစ်ခြောက်ဆယ်ကျော် တည်ရှိလာခဲ့တဲ့ စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာစေတဲ့တွန်းအားတွေဖြစ်စေခဲ့တယ်လို့ မြင်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ကံအားလျော်စွာ ဒီလိုအမြင်ရှိတဲ့သူတွေထဲမှာ လူငယ်တွေပါဝင်နေကြပြီး တိုင်းပြည်ရဲ့အများစုကတော့ ဒီလိုပဲပြတ်ပြတ်သားသား မြင်ကြတဲ့အချက်ကတော့ ကံကောင်းတယ်လို့ဆိုရမှာပါပဲ။

တကယ်တော့ လူထုအုံကြွမှုတွေဟာ မျက်မှောက်ခေတ်မှာ ရယ်လို့မဟုတ်ပါဘူး။ နှစ်ပေါင်း ၁၀၀ သူတပါး တလက်အောက်နေခဲ့ရစဉ် ကိုလိုနီကျွန်ဘဝကတည်းက ရှိခဲ့တာပါပဲ။ ဒီတုန်းကတော့ လူမျိုးခြားနဲ့ဖြစ်ရတဲ့အဖြစ်အပျက်တွေမို့ အဲဒီလူထုအုံကြွမှုကြီးတွေကို တတိုင်းတပြည်လုံးက ထောက်ခံကြ အမြင်မျဉ်းပြတ်သားခဲ့တယ်ပဲ ဆိုပါတော့။ အင်္ဂလိပ်အစိုးရရဲ့နယ်ချဲ့စနစ်ကိုဆန့်ကျင်ပြီး အမျိုးသားလွတ်လပ်ရေးကို အမြင်ရှင်းရှင်းနဲ့ ထောက်ခံခဲ့ကြပါတယ်။

ဒီနေရာမှာ အင်္ဂလိပ်အစိုးရက အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုတွေကို နည်းနှစ်မျိုးနဲ့ ချိုးနှိမ်ဖျက်ဆီးဖို့ လုပ်ခဲ့ကြပါသေးတယ်။ တစ်နည်းက ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်နဲ့နည်းကို သုံးခဲ့ကြပြီး နောက်တစ်နည်းကတော့ အင်္ဂလိပ်တွေရဲ့ အင်အားကြီးမားမှု သူတို့ရဲ့ယဉ်ကျေးမှုကိုမြှင့်တင်ပြသကြပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုနဲ့ အင်အားကို သေးငယ်သိမ်ငယ်အောင် လုပ်ခဲ့ကြပါတယ်။ အင်္ဂလိပ်ကို အထင်ကြီးလေးစားအောင် လုပ်တဲ့နေရာမှာ သူတို့အုပ်ချုပ်ကာမှပဲ ကျနော်တို့လူမျိုး လူရာသူရာဝင် ယဉ်ကျေးမှုမြင့်မားလာရတဲ့သဘောအထိ ၀ါဒဖြန့်ခဲ့ကြတာပါပဲ။ ဒီဝါဒကို ပညာရေးနယ်ပယ်မှာ အတိအကျ ပြဌာန်းဝါဒဖြန့် ရိုက်သွင်းခဲ့ကြပါတယ်။ ဥပမာ စာသင်ကျောင်းတွေမှာ မနက်ခင်း ကျောင်းစတက်တက်ခြင်း အင်္ဂလိပ်ဘုရင်နဲ့့မိဖုရားရဲ့ဘုန်းတော်ဘွဲသီချင်းကို သီဆိုအလေးပြုလုပ်ခိုင်းတာမျိုးနဲ့ ပညာရေးနယ်ပယ်ထဲ မြန်မာတွေရဲ့ စာပေနဲ့သမိုင်းဘာသာရပ်ကို တမင်ချိုးနှိမ်ဖြောက်ဖျက်ထားခဲ့ကြတဲ့ နည်းကိုလည်း အသုံးပြုခဲ့ကြပါတယ်။ ဒီိလိုဝါဒဖြန့်မှုရဲ့အကျိုးဆက်ကတော့ ပညာတတ်လာပါတယ်ဆိုတဲ့ မြန်မာတချို့ဆိုရင် သူတို့နာမည်ရှေ့မှာ မစ္စတာဆိုတဲ့ စကားလုံးတပ်ရင် အင်္ဂလိပ်စာတတ်ရင်ပဲ တခြားမြန်မာတွေနဲ့မတူဘဲ ဂုဏ်ရှိတယ်ဆိုတဲ့ အယူအဆအထိ ရှိလာကျင်သုံးလာခဲ့ကြတာအထိဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရကို ဘယ်တော့မှပြန်တိုက်လို့ မနိုင်နိုင်ဘူး ပြန်တိုက်ရင်လည်း မိုးကိုဒူးနဲ့ တိုက်သလိုဖြစ်ပြီး ကိုယ်သာနစ်နာမယ် အချည်းနှီး အလုပ်ဖြစ်တယ်ဆိုတာမျိုး အထိ ဖြစ်ခဲ့ကြဖူးပါတယ်။ အဲသလိုစိတ်ဓါတ် အဲသလိုအမြင်တွေဖြစ်လာအောင် အင်္ဂလိပ်နယ်ချဲ့အစိုးရက ကောင်းကောင်းအသုံးချခဲ့ ၀ါဒမှိုင်းတိုက်ခဲ့တာပဲ။ တခြားသာမာန်အရပ်သားမပြောနဲ့ ပညာတတ်ပါတယ်ဆိုတဲ့ မြန်မာတချို့တောင်မှ အင်္ဂလိပ်နယ်ချဲ့တွေရဲ့ အဲဒီဝါဒမှိုင်းချောက်ထဲ ကျခဲ့ကြရတာပဲ။

ဒါကြောင့်မို့ လွတ်လပ်ရေးရလာပြီးနောက်ပိုင်းမှာ ရေနံမြေသပိတ်တို့၊ အမျိုးသားကျောင်းလှုပ်ရှားမှုတို့၊ ဗိုလ်အောင်ကျော် ကျောင်းသားအရေးတော်ပုံတို့ ဆိုတာတွေကို ကျောင်းပညာရေးပြဌာန်းချက်ထဲ ပြန်ထည့်ြ့ပီး စစ်မှန်တဲ့ အမျိုးသားရေးစိတ်ဓါတ်ပြန်လည်ထွန်းကားအားကောင်းအောင် လုပ်ကြရပြန်တာ အားလုံးအသိပါပဲ။

ကျနော်ဆိုလိုချင်တာကတော့ ဘယ်ခေတ်မှာမဆို မှားယွင်းဖေါက်ပြန်တဲ့အစိုးရတွေဟာ လူထုအုံကြွမှုတွေ လူထုအသိပညာတိုးတက်ကြွယ်ဝလာမှုတွေကို လမ်းလွဲအောင် ပုံပမ်းပျက်အောင်၊ သေးသိမ်ရလေအောင် နည်းမျိုးစုံဝါဒဖြန့် ဆန့်ကျင်ကြလေ့ ရှိတယ်ဆိုတဲ့အချက်ကို ပြောချင်တာပါပဲ။ ပြည်သူ့အရေးတော်ပုံကြီးတွေရဲ့ အရေးပါအရာရောက်မှုကို ခေတ်အဆက်ဆက် မှားယွင်းတဲ့အုပ်စိုုးသူအဆက်ဆက်ဟာ ဒီလိုပဲဝါဒဖြန့်ပုံဖျက်လေ့ရှိတဲ့အကြောင်း ပြောချင်တဲ့အချက်ပါပဲ။

အခုလည်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အရေးပါမှုနဲ့ နိုင်ငံရေးဦးတည်ချက်ကို လမ်းလွဲသွားအောင် ပေါ့ပျက်သေးသိမ်ရလေအောင် ဒီအလုပ်တွေဟာ အလကားအလုပ်တွေ ကိုယ့်ကိုယ်ကို အင်အားချိနဲ့ အောင်လုပ်တဲ့အလုပ် ပေါ်ပင်ထင်ရှားအောင် လုပ်တဲ့အလုပ်တွေဆိုတာမျိုးအထိ ဖြစ်လာမျိုးတွေ ကျနော်တို့ တွေ့နေမြင်နေကြရပါတယ်။

ဥပမာ မနေ့တနေ့ကပဲ ရှစ်လေးလုံးမျိုးဆက်သစ်လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မမီးမီး မမျှော်လင့်ဘဲ ကားမှောက်ကွယ်လွန်တဲ့့အခါ ဒီမိုကရေစီရေးဆောင်ရွက်သူ ဒီမိုကရေစီလိုလားသူနဲ့ အာဏာရှင်စနစ်ဆန့်ကျင်သူတွေက မမီးမီးအတွက် ကြေကွဲဝမ်းနည်းကြောင်းဖေါ်ပြနေတဲ့အချိန်မှာ ဟာ ကိုယ့်မိသားစု ငတ်ပြတ်နေတာ ကိုယ့်သားသမီးတွေသာ ဦးစားပေးစမ်းပါ၊ ဒီလိုအလုပ်တွေတွေ တော်ကြပါတော့ ဆိုတာမျိုး လူငယ်တချို့ကပင်လျင်ပြောဆိုလာတာတွေ့ရတော့ တော်တော် စိတ်ပူမိပါတယ်။ ဒီအမြင်ဟာ တကယ်လည်းစိတ်ပူဖို့ကောင်းတဲ့ အမြင်ပါပဲ။

ဒီလို ဘာပြုလို့မြင်လာရတာလဲ။

ဟိုး လူမျိုးခြားလက်အောက် ကျွန်ဘဝမှာနေခဲ့ကြရစဉ်တုန်းကလည်း ဒီလိုအမြင်မျိုး ရှိခဲ့ကြဖူးတာ သတိပြုမိကြမှာပါ။ အင်္ဂလိပ်နယ်ချဲ့အစိုးရဟာ အင်အားကြီးတယ်။ သူ့ကိုဆန့်ကျင်ဖြုတ်ချဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတေ့ာ အဲသလိုဆန့်ကျင်ရုန်းကန်တဲ့ အလုပ်တွေဟာ ကိုယ့်ဘဝ ကိုယ့်မိသားစုအကျိုးကို ထိခိုက်စေတယ်။ ဒါကြောင့်မို့ မလုပ်သင့် မစဉ်းစားသင့်ဘူးဆိုတဲ့အမြင် အဲဒီတုန်းကရှိခဲ့တာ ပြန်တွေးကြည်ပါ။

ဒီအချိန် ဒီအတွေးအခေါ်အယူအဆဟာလည်း ဘာကိုပြဆိုသလည်းဆိုတေ့ာ အများအကျိုးလုပ်တာ ကိုယ့်အကျိုးစီးပွားပဲထိခိုက်တာပါပဲ။ အာဏာရှင်တွေက အင်အားမနှိုင်းယှဉ်လောက်အောင်ကြီးတယ် ဒါကြောင့်မို့ မမီးမီးတို့လိုလူတွေကို အထင်မကြီးကြနဲ့ အချည်းနှီးအလုပ်တွေဖြစ်တယ်ဆိုတဲ့အမြင် ဖြစ်လာရတဲ့သဘောပါပဲ။

ကျနော်အဓိကထား ပြောချင်တဲ့အချက်က အာဏာရှင်အဆက်ဆက် တချိန်လုံးဝါဒဖြန်ခဲ့တဲ့ အမြင်တွေဟာ ထိရောက်မှုရှိနေတာတော့ အမှန်ပဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ အာဏာရှင်တွေဟာ အာဏာရှိခဲ့သူတွေဖြစ်တော့ကာ သူတို့ချုပ်ကိိုင်ထားတဲ့ စာနယ်ဇင်းတွေကတဆင့်၊ ပညာရေးပြဌာန်းချက်တွေထဲက တဆင့်၊ အနုပညာရေး ယဉ်ကျေးမှုရေးနယ်ပယ်ကတဆင့် အဲသလိုအမြင်တွေရှိလာ ဖြစ်လာအောင် အင်တိုက်အားတိုက်လုပ်ခဲ့ကြတာပဲ။

အခုဆိုရင် ဒီတိုင်းပြည်မှာ လူသတ်မှုကျူးလွန်တဲ့သူကိုပင်လျင် ပြောင်ထောက်ခံအားပေးတဲ့ အသံတွေ၊ အသက် လေးငါးခြောက်နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သူဘက်က ပြောင်ရပ်တည်ပြီး ကန့်ကွက်ရှုတ်ချသူတွေကို လူသိထင်ရှား ဆဲဆိုရန်တွေတာမျိုးတွေအထိ စိတ်ဓါတ်တိမ်းစောင်း လွဲမှားနေသူတွေအထိ ရှိလာနေပြီ။ ဒါက လူမသိသူမသိ အမှောင်ထဲကတဆင့် ထွက်လာတဲ့အသံတွေမဟုတ်ပါဘူး။ စာနယ်ဇင်းနယ်ပယ်ပေါ်တက်လာပြီး လူသိထင်ရှားထွက်ပြောလာတဲ့အထိ ဖြစ်လာနေတဲ့အခြေအနေပါပဲ။

ကဲ ဒီကနေ့တော့ ဒီလောက်နဲ့ရပ်နားရပါဦးမယ်။

နောက်နေ့တွေမှာ လူတွေဘာ့ကြောင့် ဒီလိုမြင် ဒိီလိုတွေးလာကြရသလဲ။ ဒီအမြင်တွေဟာ သူ့အလိုလိုမိုးပေါ်က ကျလာတာမဟုတ်ပါဘူးဆိုတာ နောက်တပါတ်မှာ ကျနော်တို့ ဆက်ပြီးဆွေးနွေးကြပါမယ်။

လူငယ်များ အသိအမြင်ကြွယ်ဝ တည့်မတ်မှန်ကန်နိုင်ကြပါစေ။

Mizzima Weekly